ရန်ကုန် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာပါဝင်သူ လူငယ် ၄ ဦး ဖမ်းဆီးခံရ

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာပါဝင်တဲ့ လူငယ် ၄ ဦး

ရန်ကုန်မြို့မှာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာပါဝင်တဲ့ လူငယ် ၄ ဦး ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ ညှင်းပန်း နှိပ်စက် ခံနေရတယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY) က ဗွီအိုအေကို ပြောပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့က ရန်ကုန်မြို့ လူစည်ကားတဲ့ လမ်းမပေါ်မှာ လူငယ်တွေ စုဝေးပြီး စစ်ကောင်စီကို ဆန့်ကျင်တဲ့ လျှပ်တပြတ်ဆန္ဒပြခဲ့ပြီးနောက် အခုလို ဖမ်းဆီးခံလိုက်ရတာပါ။ ဒီအကြောင်း ရန်ကုန်က သတင်း ပေးပို့ထားပါတယ်။

လက်ရှိဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့သူ ၄ ဦးကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ တကသ ကျောင်းသားဟောင်းများ အင်အားစုရဲ့ တွဲဖက်တည်ထောင်သူ၊ အလွတ်တန်း ဓါတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား၊ လူငယ်သပိတ်ကော်မတီ (YSC) ဦးဆောင်သူ ကိုအောင်မင်းခိုင် (ခ) မဲကြီး၊ လူငယ်သပိတ်ကော်မတီ (YSC) အဖွဲ့ဝင် မမြမဉ္စူ နဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မနှင်းအိခိုင် တို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက် ကြာသပတေးနေ့ညက ရန်ကုန်မြို့ လူစည်ကားတဲ့ လမ်းမပေါ်မှာလူငယ်တွေဟာ အလံနဲ့ မီးတုတ်တွေ ကိုင်စွဲပြီး ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း စစ်ကောင်စီကို ဆန့်ကျင်တဲ့ လျှပ်တပြတ်ဆန္ဒပြခဲ့ပြီးနောက် ဖမ်းဆီး ခံလိုက်ရတယ်လို့ AJAY အဖွဲ့ တာ၀န်ရှိသူက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ သိရသလောက်ကလည်း မိသားစုတွေ ကိုယ်တိုင်ကလည်း အခုချိန်ထိ သူတို့နဲ့ လုံးဝအဆက်အသွယ်မရတဲ့ အခြေအနေ၊ သူတို့ကို ဘယ်မှာချုပ်ထားတာလဲ ဘယ်မှာဖမ်းထားတာလဲ ဘယ်မှာ စစ်ကြောနေတာလဲဆိုတာကို လုံးဝ စုံစမ်းလို့မရသေးတဲ့ အခြေအနေ ဖြစ်နေတယ်လို့တော့ ကျနော်တို့သိရတဲ့ အချက်အလက်တွေကတော့ ပြောလို့ရပါတယ်ခင်ဗျ။”

စစ်ကြောရေးမှာ ညှင်းပန်းနှိပ်စက်ခံနေရတဲ့ အခြေအနေရှိတာမို့ အသက်အန္တရာယ် စိုးရိမ်မိတယ်လို့ သူက အခုလို ဆက်ပြောပါတယ်။

“စတင်ဖမ်းဆီးပြီး အခြေအနေမှာရောပေါ့နော်၊ ဒီ တောက်လျှောက် စစ်ကြောခံနေရတဲ့ အခြေအနေမှာရော ပြင်းပြင်းထန်ထန် နှိပ်စက်ပြီးတော့မှ မတရားပေါ့နော်၊ စစ်ကြောခံနေရတယ်ဆိုတဲ့ အခြေအနေကို ကျနော်တို့ သိရတယ်။ အမျိုးသား ၂ဦးကလည်း ကျောင်းသားသမဂ္ဂ နောက်ခံရှိတဲ့သူတွေ ဖြစ်တယ်။ ပြီးတော့ ဒီအမျိုးသမီး ၂ဦးကဆိုရင် ဒါနိုင်ငံရေး အကျဉ်းသူတွေဖြစ်တယ်။ ဆိုတော့ ကျနော်တို့ အတွက်က အများကြီး စိုးရိမ်စရာတွေ ရှိပါတယ်။ အမျိုးသမီးတွေဆိုရင်လည်း စစ်ကြောရေးစခန်းတွေမှာ လူမဆန်တဲ့၊ နောက်ပြီးတော့ ဒီလိင်ပိုင်းဆိုင်ရာ ထိပါးမှုစော်ကားပြီးတော့မှ ညှင်းပန်းတဲ့အနေအထားတွေ ရှေ့မှာလည်း တောက်လျှောက် ရှိတဲ့အခါကျတော့ ဒီရဲဘော်တွေအတွက်က ကျနော်တို့ အတော့်ကို စိတ်ပူနေရတဲ့ အခြေအနေဖြစ်ပါတယ်။”

အခုလို ဖမ်းဆီးထားမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက် တစုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။ ဖမ်းဆီးခံထားရသူတွေ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြန်ကြားရေးအဖွဲ့ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းထားပေမဲ့ တစုံတရာ အကြောင်း ပြန်ကြားခြင်းမရှိသေးပါဘူး။

ဖမ်းဆီးခံရသူတဲ့ ၄ ဦးဟာ ရန်ကုန်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ဦးဆောင် ပါဝင်နေသူတွေဖြစ်ကြပြီး အခုလို မတရား ဖမ်းဆီးခံရပြီးနောက် စစ်တပ်ရဲ့ လူမဆန်တဲ့ ညှင်းပန်းနှိပ်စက်မှုတွေနဲ့ စစ်ကြောရေးမှာ မေးမြန်းခံနေကြောင်း၊ စစ်ကောင်စီ လက်ထဲမှာ အသက်အန္တရာယ်နဲ့ ကျန်းမာရေး အခြေအနေကို အထူးစိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်လို့လည်း တကသ ကျောင်းသားဟောင်းများ အင်အားစု က စက်တင်ဘာ ၂၁ နေ့က ထုတ်ပြန်ထားပါတယ်။

လက်နက်မဲ့တဲ့ ဆန္ဒပြလူငယ်တွေကို စစ်တပ်က အကြမ်းဖက်နှိပ်ကွပ်ပြီး တောက်လျှောက် ဖမ်းဆီးနေတာလို့ တကသ ကျောင်းသားခေါင်းဆောင်ဟောင်း တဦးဖြစ်တဲ့ ကိုဇေယျာလွင်ကလည်း အခုလို ပြောပါတယ်။

“သူတို့ဟာ မြို့ပေါ်မှာနေပြီးတော့ လက်နက်မဲ့တိုက်ပွဲကို စစ်အာဏာရှင်တွေကို သပိတ်တိုက်ပွဲတွေနဲ့ တော်လှန်နေကြတဲ့ လူငယ်တွေ ဖြစ်တယ်ပေ့ါ။ ဒီလိုလူငယ်တွေကို စစ်တပ်က အာဏာစသိမ်းတဲ့အချိန်က စပြီးတော့ ဒီကနေ့အချိန်မှာ အကြမ်းဖက်တဲ့ နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်နဲ့ ဖမ်းဆီးတာတွေရှိတယ်။ ဥပမာ ကားတွေနဲ့ တိုက်ပြီးဖမ်းတာတွေရှိတယ်။ ဆိုင်ကယ်နဲ့ တိုက်ပြီး ဖမ်းတာတွေ ရှိတယ်။ သူတို့အတွက်က မြို့ပေါ်မှာ ရှိနေတဲ့ လူငယ်တွေကို သူတို့ အန်မတုနိုင်အောင်ပေါ့နော်။ ဖမ်းဆီးဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တွေ ဖြစ်တယ်လို့ ကျနော်တို့ မြင်တယ်။ ဒီအဆိုပါလူငယ်တွေဟာ မြို့ပေါ်မှာ နေပြီးတော့ စစ်အာဏာရှင်ကို ဘယ်တော့မှ ဒူမထောက်ဘူးဆိုတဲ့ စိတ်နဲ့ အပ်တိုတစ်ချောင်းလောက် မကိုင်ပဲနဲ့ သပိတ်ဆန္ဒပြပွဲတွေနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန် ပုန်းကန်နေကြတာဖြစ်တယ်ပေါ့နော်။”

ရန်ကုန်အင်အားစု AJAY အဖွဲ့ကတော့ မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီရေးအတွက် ဆက်လက် လှုပ်ရှားသွားမယ့်အကြောင်း AJAY အဖွဲ့ တာ၀န်ခံက ပြောပါတယ်။

“ကျနော်တို့ မြန်မာပြည်မှာက လူတစ်ယောက်ရဲ့ အသက်ရှင်သန်ပိုင်ခွင့်၊ အင်မတန် လူ့အခွင့်အရေးမှာ အခြေခံကျပါတယ်ဆိုတဲ့ လူတစ်ယောက်ရဲ့ အသက်ရှင်သန်ခွင့်ဟာ ဘယ်သူ့အတွက်မှ အာမခံချက် ရှိမနေဘူး။ ဒီနေ့ ဒီလို အခြေအနေမှာတော့ ကျနော်တို့ကတော့ ကျနော်တို့ ပြည်သူတွေ ခုနလွတ်လပ်မှုနဲ့ လူ့ဂုဏ်သိက္ခာနဲ့အညီနဲ့ ရပ်တည်နိုင်ဖို့ လူ့အခွင့်အရေးနဲ့ ကျနော်တို့ ဒီမိုကရေစီ ဟုတ်လား၊ ကျနော်တို့ ရည်မျှော်တဲ့ ဖက်ဒရယ်တိုင်းပြည် တည်ဆောက်နိုင်ဖို့ ဒါတွေကတော့ ကျနော်ကတော့ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ်ကျနော်တို့ ပုံသဏ္ဌာန်အပေါင်းစုံနဲ့ တိုက်ပွဲဝင်နေမှာပဲလို့ ကျနော် ပြောချင်ပါတယ်ခင်ဗျ။”

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အကြမ်းမဖက်ဆန္ဒပြပွဲတွေကို စစ်ကောင်စီက အကြမ်းဖက် ဖမ်းဆီး ပစ်ခတ်ဖြိုခွဲတာ၊ ကားနဲ့ တိုက်ပြီး ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း စစ်အာဏာသိမ်းပြီး သုံးနှစ်ကျော်ကြာလာချိန်ထိ လူငယ်တွေရဲ့ လျှပ်တပြတ် ဆန္ဒပြပွဲတွေ ရပ်ဆိုင်းခဲ့ခြင်း မရှိသေးပါဘူး။