Head: တရုတ်သြဇာကြီးထွားမှု ရင်ဆိုင်ရေး QUAD ၄ နိုင်ငံ ခေါင်းဆောင်တွေဆွေးနွေးမည်

Zawgyi/Unicode

တရုတ်ရဲ့သြဇာကြီးထွားလာမှုကို ရင်ဆိုင်နေရတဲ့ အင်ဒို-ပစိဖိတ်ဒေသတွင်း လုံခြုံရေး အတွက် ပူးပေါင်းဆောင်ရွက်တဲ့ အမေရိကန်၊ ဂျပန်၊ Australia နဲ့ အိန္ဒိယ ၄ နိုင်ငံ ပါဝင်တဲ့ QUAD အဖွဲ့ ခေါင်းဆောင်တွေဟာ သောကြာနေ့မှာ ဝါရှင်တန်ဒီစီမှာ လူကိုယ်တိုင် တွေ့ဆုံဆွေးနွေး ဖို့ရှိပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၊ Australia ဝန်ကြီးချုပ် Scott Morrison ၊အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ ဂျပန်ဝန်ကြီးချုပ် Yoshihide Suga တို့ဟာ မတ်လတုန်းက အွန်လိုင်းကနေတွေ့ဆုံ ဆွေးနွေးခဲ့တာဖြစ်ပြီး အခုတော့ ပထမဆုံးအကြိမ်အဖြစ် လူကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

QUAD ခေါင်းဆောင်တွေဟာ အချင်းချင်းကြားဆက်ဆံရေး ပိုမိုနက်ရှိုင်းလာစေဖို့အပြင် ကိုဗစ် ၁၉ တိုက်ဖျက်ရေး၊ ဥတုရာသီဆိုင်ရာ ပြဿနာတွေဖြေရှင်းရေး၊ တိုးတက်လာတဲ့ နည်းပညာနဲ့ ကွန်ပြူတာဆိုင်ဘာနည်းပညာ ဆိုင်ရာလက်တွဲဆောင်ရွက်ရေး၊ အင်ဒို-ပစိဖိတ်ဒေသ လွတ်လပ်ပြီး ပွင့်လင်းမှု ပိုရှိလာစေရေး ဆိုင်ရာကိစ္စရပ်တွေကို ဦးစားပေး ဆွေးနွေးမှာ ဖြစ်ကြောင်း သမ္မတအိမ်ဖြူ ပြောခွင့်ရ Jenn Psaki က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

တရုတ်က ဒေသတွင်းမှာ စစ်စခန်းတွေ တိုးမြှင့် ဆောက်လုပ်နေသလို အဲဒီစခန်းတွေကို သူတို့ပိုင်နက်အဖြစ် ကြေညာပြီး အရေးပါတဲ့ ရေလမ်းကြောင်းတွေ ထိန်းချုပ်ဖို့ အသုံးပြုနေတာဖြစ်ပါတယ်။

အမေရိကန်နဲ့ ဗြိတိန်တို့က Australia ကို နျူကလီယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်ပေးဖို့ သဘောတူညီချက်ရခဲ့ပြီး မကြာခင်မှာပဲ ခုလိုQUAD ခေါင်းဆောင်တွေ တွေ့ဆုံပွဲ ကျင်းပမယ့် သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်ဟာ ဒေသတွင်း ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်တယ် ဆိုပြီး တရုတ်က ပြင်းပြင်းထန်ထန် ဝေဖန်နေတာပါ။

Your browser doesn’t support HTML5

တရုတ်သြဇာကြီးထွားမှု ရင်ဆိုင်ရေး QUAD ၄ နိုင်ငံ ခေါင်းဆောင်တွေဆွေးနွေးမည်

Unicode




