မြန်မာကို ဂျက်လေယာဉ်လောင်စာဆီနဲ့ လက်နက်တင်ပို့မှုမလုပ်ဖို့ QUAD တိုက်တွန်း

ဒလဲဝဲယားပြည်နယ်၊ ကလေးမောင့် မြို့မှာကျင်းပတဲ့ အမေရိကန်၊ ဂျပန်၊ အိန္ဒိယနဲ့ သြစတြေးလျ- Quad လေးနိုင်ငံအစည်းအဝေး။ (စက်တင်ဘာ ၂၁၊ ၂၀၂၄)

မြန်မာနိုင်ငံကို ဂျက်လောင်စာဆီအပါအဝင် လက်နက်တင်ပို့မှုတွေမလုပ်ကြဖို့ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ ဂျပန်နဲ့ ဩစတြေးလျနိုင်ငံ ခေါင်းဆောင်တွေက တိုက်တွန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က အဆုံးသတ်ခဲ့တဲ့ အမေရိကန်အပါလေးနိုင်ငံ ထိပ်သီးအစည်းအဝေးအပြီး ပူးတွဲကြေညာချက်ထဲ မြန်မာ့အရေးကိစ္စကိုပါ ထည့်သွင်းထုတ်ပြန်ထားတာပါ။

မြန်မာနိုင်ငံတဝန်း နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာမှုအကျပ်အတည်းတွေ ဆိုးဝါးလာတဲ့အပေါ် အလွန်အမင်းစိုးရိမ်ပြီး အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ မတရားဖမ်းဆီးခံရသူတွေ လွှတ်ပေးဖို့၊ လူသားချင်းစာနာကူညီမှုတွေအဟန့်အတားမရှိခွင့်ပြုဖို့နဲ့ ဆွေးနွေးညှိနှိုင်းဖြေရှင်းကြဖို့ကိုလည်း ဒီ ထုတ်ပြန်ချက်ထဲ တိုက်တွန်းပါတယ်။ အာဆီယံဦးဆောင်တဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းချက်တွေကို အခိုင်အမာထောက်ခံပြီး မြန်မာ့အရေး အာဆီယံဘုံသဘောထားငါးချက်ကို အပြည့်အဝအကောင်အထည်ဖော်ဖို့ကိုလည်း အမေရိကန်သမ္မတ Joe Biden ၊ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ၊ ဂျပန်ဝန်ကြီးချုပ် Kishida Fumio နဲ့ ဩစတြေးလျှ ဝန်ကြီးချုပ် Anthony Albanese တို့လေးဦး ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံတွင်း လက်ရှိဖြစ်နေတဲ့ပဋိပက္ခတွေနဲ့ မတည်ငြိမ်မှုတွေဟာ ဒေသတွေကို ကြီးကြီးမားမားသက်ရောက်မှုရှိပြီးဆိုက်ဘာရာဇတ်မှု၊ တရားမဝင်မူးယစ်ကုန်သွယ်မှုနဲ့ လူကုန်ကူးမှုလို နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေ တိုးလာစေတယ်လို့လည်း ခေါင်းဆောင်လေးဦးရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာစေဖို့အတွက် လက်ရှိအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် လက်တွေ့ကျကျ ဖြေရှင်းတာကို ထောက်ခံသွားမယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံတွင်း ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် QUAD နှစ်စဉ်ထိပ်သီးအစည်းအဝေးတိုင်းမှာ မြန်မာ့အရေးကိုပါ ထည့်သွင်းဆွေးနွေးလေ့ရှိပါတယ်။

Your browser doesn’t support HTML5

မြန်မာကို ဂျက်လေယာဉ်လောင်စာဆီနဲ့ လက်နက်တင်ပို့မှုမလုပ်ဖို့ QUAD တိုက်တွန်း