မြောက်ဦးမြို့နယ်မှာရှိတဲ့ တိမ်ညို တင်းထိန်ကန်အပါဝင် စစ်ရှောင်စခန်း လေး ခုကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ကနေ ဒီလမှာ ဆန်ရိက္ခာထောက်ပံ့မှုကို ရပ်ဆိုင်းသွားမယ်လို့ အကြောင်းကြားလာတာကြောင့် စစ်ရှောင် စခန်းတွေမှာ စိုးရိမ်မှု တိုးပွားလာနေတာပါ။ ဒီလိုရပ်ဆိုင်းရတာကလဲ ရခိုင်ပြည်နယ်အစိုးရကနေ ဒုက္ခသည်စခန်းမှာ ဆန်ရိက္ခာ လုံလောက်နေလို့ ထောက်ပံ့ဖို့မလိုကြောင်း ICRC ကို အကြောင်းကြားထားတာဖြစ်တယ်လို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ လက်ရှိ စစ်ရှောင်စခန်းတွေကို အစိုးရကကူညီမှု အားနည်းနေသလို တချို့စခန်းတွေမှာ ဆန်နည်းပါးနေတဲ့ အခြေအနေကြောင့် စိုးရိမ်နေရတယ်လို့ စခန်းကော်မီတီတွေက ပြောပါတယ်။ ဗွီအိုအေသတင်း ထောက်နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်း သတင်းပေးပို့ထားပါတယ်။
မြောက်ဦးမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်း လေး ခုကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC က အခုလအတွက် ဆန်ရိက္ခာတွေ ထောက်ပံ့တာကို ရပ်ဆိုင်းလိုက်တယ်လို့ တိမ်ညိုစစ်ရှောင်စခန်းကော်မီတီ ဦးဝေလအောင် က အခုလိုပြောပါတယ်။
“သြဂုတ်လအတွက်ပေါ့လေ။ ICRC ကနေ ဒီနေ့ကျနော်တို့စခန်းကို ထောက်ပံ့ဖို့လာမယ့် အစီအစဉ်ရှိတယ်။ ဒါပေမဲ့ အဲဒီအထဲမှာက ဆန်ရိက္ခာမပါဘူး။ သူတို့ထောက်ပံ့မယ့် အစီစဉ်ထဲမှာ မပါလာတာကလည်း တိမ်ညိုစခန်းရယ်၊ တင်းထိန်ကန်ရယ်၊ ရွာသစ်ကေရယ်၊ ပေပင်ရင်းရယ် လေး ခုပါ။
ကျနော်တို့ တိမ်ညိုစစ်ဘေးရှောင်စခန်းဆို လူဦးရေ တော်တော်များတယ်လေ။ အိမ်ထောင်စုက ၇၃၈ စု၊ လူဦးရေက ၂၈၉၀ ရှိတယ်။ ကျနော်တို့က တလ၊ တလကိုဟာ စားနပ်ရိက္ခာဆန်ကဆိုရင် ၁၁၂၈ အိတ် တလကို။ အဓိကတော့ ဒီ ICRC က ပံ့ပိုးပေးနေတာ။ အဲဒီမှာ ICRC ကို ဒုက္ခသည်စခန်းတွေကို မထောက်ပံ့ဖို့ ဆိုပြီးတော့ အစိုးရက ခွင့်ပြုချက်မရတဲ့အခါကျတော့ ကျနော်တို့က အခက်ခဲက အများကြီး ကြုံလာနိုင်တယ်ပေါ့ဗျာ။ တခြား CSO အဖွဲ့စည်းတွေကျလည်း ဒါတွေအကူညီပေးနိုင်တဲ့ အခြေအနေ မရှိဘူး။ ကျနော်တို့ စစ်ဘေးရှောင်တွေ အနေနဲ့ တော်တော်ကြီးမားတဲ့ ပြဿနာတွေ ပေါ်ပေါက်လာနိုင်တယ်။
အစိုးရက ကျနော်တို့ကို သိပ်ကြီးကြီးမားမားပေးတာ မရှိဘူး။ ပြီးခဲ့တပတ်လောက်ကပဲ လူမှုဝန်ထမ်းကနေပြီး ကျနော်တို့ စခန်းအတွက်ဆိုပြီး ဆန် ၁၆ အိတ် ထောက်ပံ့တာ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ စခန်းအခြေနေနဲ့တော့ သူတို့ထောက်ပံ့မှုနဲ့တော့ မကိုက်ညီဘူး။ ကျနော်တို့စခန်းက ICRC နဲ့ပဲ လည်ပတ်နေရတယ်လေ။”
တိမ်ညို၊ ပေပင်ရင်း၊ တင်းထိန်ကန်၊ ရွာသစ်ကေစတဲ့ စခန်းတွေမှာ စစ်ဘေးရှောင်ဦးရေ ၄၀၀၀ ခန့်ရှိနေပြီး မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြားတိုက်ပွဲဖြစ်ပွားမှုအတွင်း တိမ်းရှောင်လာတာ ဖြစ်ပါတယ်။
ဒီစစ်ရှောင်စခန်းတွေကို ICRC အဖွဲ့ကနေ ရိက္ခာထောက်ပံ့တာ ရပ်ဆိုင်းရတဲ့အကြောင်းကိုတော့ မြောက်ဦးမြို့နယ် မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးထွန်းသာစိန်ကအခုလိုပြောပါတယ်။
“အဲဒီကိစ္စနဲ့ ပတ်သက်လို့ကျနော်က ICRC ကို မေးကြည့်ပါတယ်။ တိမ်ညိုစခန်းအပါဝင် အဲဒီဒုက္ခသည်စခန်း လေး ခုကို ဘာဖြစ်လို့ ဒီဆန်ရိက္ခာထောက်ပံ့မှုကို ရပ်ထားသလဲ၊ ICRC က ဘာပြောသလဲဆိုတော့။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က နေပြီးတော့ ဒီလအတွက် အဲဒီဒုက္ခသည်စခန်းမှာ ဆန်ရိက္ခာတွေအလုံအလောက်ရှိနေတဲ့အတွက် အဲဒီဒုက္ခသည်စခန်း၄ ခုကို ဆန်ရိက္ခာထောက်ပံ့စရာ မလိုဘူး။ တခြားပစ္စည်းတွေပဲ ထောက်ပံ့ပါလို့။ သူတို့က ဒီလိုမျိုးအကြောင်းကြားထားတဲ့ အတွက် မထောက်ပံ့တာ ဖြစ်တယ်လို့ ICRC က ဒီလိုပဲ အကြောင်းပြန်ပါတယ်။ သူတို့ကတော့ ယာယီလို့ ပြောပါတယ်။ တလ အတွက်လား။ နှစ်လ အတွက်လား ကျနော်လည်း မပြောတတ်ဘူး။”
စစ်ရှောင်စခန်းတွေအတွက် အစိုးရထောက်ပံ့မှု အားနည်းနေပြီး ICRC အဖွဲ့ကသာ အဓိက ထောက်ပံ့မှုပေးဆောင်နေတာလို့ ဦးထွန်းသာစိန်က ပြောပါတယ်။
စစ်ရှောင်ဦးရေ ၅၀၀ ကျော်ရှိတဲ့ ပေပင်ရင်းစစ်ရှောင်စခန်းမှာ ဆန်စားနပ်ရိက္ခာ နှစ်ပါတ်စာသာကျန်တဲ့အကြောင်း ပေပင်ရင်း စစ်ရှောင်တာဝန်ခံ ဦးအောင်စိန်ဦးက အခုလိုပြောပါတယ်။
“ဟိုရက်နေ့ကပေးတာတော့ ရိက္ခာ ဆန်မပါဘူး။ တခြားပစ္စည်းတွေတော့ပါတယ်။ ပဲတို့ဆီတို့ ဒါတော့ပါတယ်။ ဆန်ကတော့ နောက်နှစ်ပတ်စာတော့ ရှိတယ်။ နောက်နှစ်ပတ်ဆို ဆန်ပြတ်တော့မယ်။ ကျနော်တို့မှာ ရိက္ခာကတော့ ပြတ်တော့မယ်။”
ဒီစစ်ရှောင်စခန်းတွေကို ရခိုင်ပြည်နယ်အစိုးရကနေ အကူညီပေးနေတယ်ဆိုပေမဲ့ လုံလောက်တဲ့ အကူညီ မရရှိဘူးလို့ ဦးအောင်စိန်ဦးကပြောပါတယ်။
“အစိုးရကတော့ အရင်က ကူညီတာ ရှိခဲ့တယ်။ အခုတော့ကာ ကူညီတာကမရှိ မရှိ။ အရင်တုန်းဟာ ဆန်တွေဘာတွေ ပေးသေးတယ်။ ဟိုလကဆိုရင်လည်း အိမ်ထောင်စု တခုကို ငွေ ၅၀၀၀ ကျော်လောက်တော့ တခေါက်ပေးခဲ့တယ်။ နောက်တော့ဟာ ပေးမဖြစ်ဘူး။ ဆန်လည်း အရင်ကပေးတယ်။”
ဒီဒုက္ခသည်စခန်းတွေမှာ ဆန်တွေ အလုံအလောက်ရှိနေလို့ ICRC အဖွဲ့ကို ဆန်ကူညီ ခွင့်မပြုဘူးဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရဝန်ကြီးကို ဆက်သွယ်ခဲ့ပေမဲ့လည်း ဆက်သွယ်လို့ မရခဲ့သလို တခြား ဝန်ကြီးတွေကို ဆက်သွယ်ရာမှာလည်း ဖြေဆိုခြင်း မရှိခဲ့ပါဘူး။
ဆန်အထောက်အပံ့ ဆက်လက်ရရှိရေးအတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံတွေကနေ မြို့နယ်အာဏာပိုင် ပြည်နယ်အစိုးရထံ ဆက်လက်တင်ပြသွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်တွေစားသောက်ရေးအတွက် လိုအပ်တဲ့အကူအညီတွေပေးဖို့ အလှူငွေကောက်ခံတဲ့ သူတွေကိုလည်း အစိုးရအာဏာပိုင်တွေကနေ တားဆီးပိတ်ပင်မှုတွေကလည်း ရှိနေပါတယ်။
ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ စစ်ရေးပဋိပက္ခကြာလာတာနဲ့အမျှ စစ်ရှောင်ဦး ရေတိုးပွားလာသလို စားသောက်နေထိုင်ရေး ပညာရေး ကျန်းမာရေးကိစ္စရပ်တွေမှာလည်း အခက်ခဲတွေ ရှိနေပါတယ်။
နှစ်ဘက်စစ်ရေးတင်းမာမှုအတွင်း စစ်တွေမြို့နယ်အပါအဝင် ရခိုင်မြောက်ပိုင်းမြို့နယ်တွေမှာ စစ်ဘေးရှောင်ဦးရေ ၆၁,၀၀၀ ကျော်ရှိလာနေပြီလို့ ရခိုင်လူမှုအဖွဲ့အစည်းတွေကနေ စာရင်းထုတ်ပြန်ထားပါတယ်။
Your browser doesn’t support HTML5