သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA အဖွဲ့ဝင် သံသယဖြင့် မကြာခင်ရက်ပိုင်းအတွင်း ဖမ်းဆီးခံရသူ ၁၀ ဦးထက် မနည်းရှိ


ဘူးသီးတောင်မြို့နယ် အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးလာခဲ့ကြသော စစ်ရှောင်များ (သတင်းဓါတ်ပုံ - Rakhine Ethnics Congress)
ဘူးသီးတောင်မြို့နယ် အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးလာခဲ့ကြသော စစ်ရှောင်များ (သတင်းဓါတ်ပုံ - Rakhine Ethnics Congress)

ရခိုင်လက်နက်ကိုင်အဖွဲ့ AA ရဲ့ အဖွဲ့ဝင် နှစ်ဦးကို ဖမ်းမိပြီး စစ်ဆေးနေတယ်လို့ တပ်မတော်က တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ AA အဖွဲ့ကတော့ သူတို့ အဖွဲ့ဝင်တွေ အဖမ်းခံရတာ မရှိဘူးလို့ ငြင်းသလို အခု ဖမ်းဆီးခံထားရသူ တဦးရဲ့ ဖခင်ကလည်း သူ့သားဖြစ်သူဟာ AA အဖွဲ့ဝင် မဟုတ်ဘူးလို့ ဗွီအိုအေကို ပြောပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နှစ်ဘက် တိုက်ပွဲတွေ ဆက်ဖြစ်နေချိန်မှာပဲ ဖမ်းဆီးခံရတာတွေလည်း ဆက်ရှိနေတာပါ။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

မြောက်ဦးမြို့နယ်အတွင်း AA ရခိုင်လက်နက်ကိုင်အဖွဲ့ကလို့ ယူဆရတဲ့ မသင်္ကာသူ ၂ ဦးကို ဇွန်လ ၂၂ ရက်နေ့မှာ ထပ်မံ ဖမ်းဆီးရမိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေ ကိုပြောပါတယ်။

“ရှေ့တန်းမှာ ကျနော်တို့ ၁၀ နာရီလောက်တုန်းက ပေါက်တောပြင်နဲ့ လက္ကာရွာမှာ လမ်းလုံခြုံရေး ဆောင်ရွက်နေတဲ့ အဖွဲ့ရှိတယ်။ ကျနော်တို့က တပ်က။ ရန်ကုန်စစ်တွေ ကားလမ်းမကြီးမှာပဲ။ အဲဒီအဖွဲ့ကို AA ကနေပြီးတော့ ရီမုမိုင်း ၂လုံးခွဲပြီး တိုက်ခိုက်တာ ရှိတယ်။ ဒီဘက်ကတော့ ဒဏ်ရာရတဲ့သူတော့ မရှိဘူး။ မိုင်းခွဲပြီးမှ ဆိုင်ကယ်နဲ့ စီးလာတဲ့ လူနှစ်ယောက် ကျနော်တို့တွေ့ရတယ်။ အဲဒီနှစ်ယောက်ကို ရပ်တန့်ပြီး စစ်ဆေးတော့ အဲဒီမှာ သူတို့ဆီကနေပြီးတော့ ဆက်ကြေးကောက်ထားတဲ့ စာအုပ်မိတာ ရှိတယ်။ ကျနော်တို့က ထိန်းသိမ်း စစ်ဆေးလျှက် ရှိပါတယ်ဗျ။”

ဖမ်းဆီးရမိသူ နှစ်ဦးကို စစ်ဆေးရာမှာ ကျေးရွာတွေကနေ ဆက်ကြေး ကောက်ခံထားတဲ့ မှတ်တမ်းစာအုပ် တအုပ်၊ AA အဖွဲ့တွေနဲ့ Video Call ပြောနေစဉ် ရိုက်ကူူးထားတဲ့ Screen Shots မှတ်တမ်း ဓာတ်ပုံပါရှိတဲ့ ဖုန်း တလုံးနှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မနေ့က ရက်စွဲနဲ့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါဖမ်းဆီးရမိသူ ၂ ဦးနဲ့ဇွန် ၂၀ ရက်နေ့က မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာက ဖမ်းဆီးရမိသူ ရှစ် ဦး စုစုပေါင်း ဆယ်ဦးကို ကျောက်တော်မြို့နယ်၊ မြို့မရဲစခန်းကို လွှဲပြောင်းပြီး လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ ဆောင်ရွက်နေတယ်လို့ ဖေါ်ပြထားပါတယ်။

အဖမ်းခံထားတဲ့ လူငယ်နှစ်ဦးဟာ AA အဖွဲ့ဝင် မဟုတ်ဘဲ မြောက်ဦးမြို့နယ် တင်းထိန်ကန် ရွာသားတွေ ဖြစ်တယ်လို့ အဖမ်းခံရတဲ့သူအထဲက မျိုးမင်းဆွေ ခေါ်ညီထွေးရဲ့ ဖခင်ဖြစ်သူ ဦးမောင်သိန်းလှက ပြောပါတယ်။

“ကျနော် ယောက်ဖက ဆန်စက်က ဆန် စစ်တွေမြို့ကို တင်တဲ့ ပိုက်ဆံတွေကို ဘဏ်တွေက သိပ်အဆင်မပြေလို့ ပုဂ္ဂလိက ငွေလွှဲနဲ့ လုပ်တယ်။ ဝင်နေတဲ့ ပိုက်ဆံကို ထုတ်ဖို့ ခိုင်းလိုက်တယ်ပေါ့။ ကျနော်သား အငယ်ကောင်လေးကို။ သူသွားတဲ့အခါမှာ ကျေးရွာက သူ့သူငယ်ချင်း... သူနဲ့အဖော် တယောက် ခေါ်သွားတာပေါ့။ ကောင်လေး နှစ်ယောက်ကို စစ်တပ်က ဖမ်းပြီးတော့ ဖမ်းထားတဲ့ စစ်ကြောင်းက ပြောခွင့်ဆိုခွင့် မပေးဘူပေါ့နော်။ ကျနော်တို့သားက ကလေးပဲ။ အသက် ၁၈ နှစ်အခုမှ ပြည့်တာ။ ရီမုနဲ့ မိုင်းထောင်တယ်ဆိုတာနဲတဲ့ ပညာရှင်အဆင့် မဟုတ်ဘူး။ အဲဒီလို စွပ်စွဲချက်တွေ ထုတ်တယ်လေ။ မတရား စွပ်စွဲတာပေါ့။”

ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ပြန်ကြားရေး တာဝန်ခံခိုင်သုခကတော့ သူတို့ရဲ့တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရတာ မရှိဘူးလို့ ပြောပါတယ်။

“အဲဒီဘက်မှာကတော့ ကျနော်တို့ရဲ့ အဖွဲ့ဝင်တွေ ဖမ်းမိတာတယောက်မှ မရှိဘူးဗျ။”

မနေ့က မြောက်ဦးမြို့နယ်နဲ့ ကျောက်တော်နယ်စပ်မှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ခဲ့တယ်လို့ ခိုင်သုခက ဆက်ပြောပါတယ်။

“ဇွန်လ ၂၃ ရက်နေ့မှာ မနက် ၈ နာရီလောက်မှာ အင်အား ၁၀၀ လောက်ရှိတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ကြောင်းတခုကို မြောက်ဦးမြို့နယ် ကျောက်ကျပ်ရွာရဲ့ အရှေ့မြောက်ဘက် ဂါရာတောင်ခြေနားက တောင်တန်းမှာ ရခိုင့်တပ်မတော်ကွန်မန်ဒို တွေကနေပြီးတော့ ကြားဖြတ် တိုက်ခိုက်ခဲ့တယ်။ အဲဒီမှာ အဲဒီဘက်မှာ ရန်သူ ၂၀ ကျော် ကျဆုံးပြီးတာ့ ဒဏ်ရာရတဲ့သူလည်း ရှိတယ်ဗျ။”

ကျောက်တော် မြောက်ဦးနယ်စပ်ဘက် တိုက်ပွဲနဲ့ ပတ်သက်ပြီးတော့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“မနေ့ကတော့ မြောက်ဦးနဲ့ ကျောက်တော်ကြားပေါ့။ လင်းမြွေတောင်ရဲ့ မြောက်ဘက်မှာတော့ ကျနော်တို့ နှစ်ဘက် ထိတွေ့မှု ရှိတယ်။ တိုက်ပွဲ အခြေအနေကတော့ ၂ နာရီလောက် နီးပါး ဖြစ်ခဲ့တဲ့သဘော ရှိပါတယ်ဗျ။ ထိခိုက်မှုအခြေ အနေကတော့ ကျနော်တို့ဘက်ကတော့ မရှိဘူး။ ဟိုဘက်ကတော့ ကျနော်တို့ သေနတ် ၂ လက်ရလိုက်တာတော့ ရှိပါတယ်။”

ဒီနှစ်ဆန်းပိုင်းကနေ ဇွန်လအထိ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲကြီးငယ် အရေအတွက် ၅၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးတဲ့ အရေအတွက်နဲ့ ပတ်သက်ရင် နှစ်ဘက်ပြောတာတွေမှာ အမြဲလို ကွဲလွဲတာတွေ ရှိပါတယ်။

တိုက်ပွဲဖြစ်ပွားရာဒေသက ရွာသားတွေ စစ်ဘေးလွတ်ရာ တိမ်းရှောင်နေရတာဟာလည်း အခုဆိုရင် ဦးရေ ၄၆,၀၀၀ ကျော် ရှိနေပြီးလို့ စစ်ရှောင် အကူညီပေးအဖွဲ့တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG