ရခိုင်ပြည်နယ်မှာ ကန့်သတ်မှုတွေကြောင့် ရိက္ခာနဲ့ ဆေးဝါး ရှားပါး 

ဧရာဝတီတိုင်းနဲ့အစပ် ရခိုင်ပြည်နယ် ဆိုင်းဘုတ်

စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းမှာ ပြည်မဘက်ကနေစားနပ်ရိက္ခာသယ်ယူခွင့်တွေကို စစ်ကောင်စီက ပိတ်ပင်လိုက်တဲ့အတွက် အရပ်သားပြည်သူတွေ ဆေးဝါးအပြင် စားနပ်ရိက္ခာပြတ်လတ်နေကြောင်း ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AAကြား ၁၀ လကြာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ နောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

လက်ရှိစစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ ရခိုင်တောင်ပိုင်းက ဂွမြို့နယ်မှာ ပြည်မဘက်ကနေစားနပ်ရိက္ခာသယ်ယူခွင့်တွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ရက်နေ့က စပြီးတော့ စစ်ကောင်စီက ပိတ်လိုက်တယ်လို့ သံတွဲ စစ်ဘေးဒုက္ခသည် တွေကို ကူညီပေးနေတဲ့ ဒေသခံတဦး ကပြောပါတယ်။

“ ၁၅ရက်နေ့က စပြီးတော့ ပိတ်လိုက်တာ၊ အခုက ဆေးဝါးလည်းမရှိဘူး စားနပ်ရိက္ခာက လည်းရှားတယ်၊ ဒီ ၁၅ရက်နေ့ကစပြီးတော့ လူပါဖြတ်လို့မရတော့ဘူး၊ အရင်ကလူတွေဘာတွေက ထောက်ခံချက်နဲ့ ဂွဘက်က ထွက်လာလို့ရသေးတယ်။အခုကပိတ်လိုက်ပြီ လူလည်း ထွက်လို့မရတော့ဘူး။”

အခုလို ပိတ်လိုက်တာကြောင့် ပြည်မဘက်ကို စားနပ်ရိက္ခာတွေကို အဓိကအားကိုးနေရတဲ့ ဂွမြို့နယ်နဲ့ သံတွဲမြို့နယ်တွေမှာ စားနပ်ရိက္ခာအတော်အခက်ကြုံလာရတယ်လို့လည်း ဒေသခံ အမျိုးသမီးတဦးကပြောပါတယ်။

“ ဂွမြို့နယ်ထဲက တချို့ ရွာတွေမှာ ဆိုရင် ဆန်ပြတ်လပ်နေပြီလို့ပြောတယ်၊ ဆန်က ဝယ်လို့မရဘူး၊ စကစဘက်ကလည်း ဂိတ်တွေမှာ ဆန်ကို သယ်ခွင့်မပေးဘူး၊ ဆန်သယ်လာတဲ့ သူတွေကို ဖမ်းတယ်လို့ ပြောတယ်ရှင့်၊ အနည်းဆုံး
က လူတယောက်ကို ၃ပြည်ပဲ သယ်ခွင့်ပေးတယ်၊ အဲထက်ပို သယ်လို့မရဘူး။ ပြီးတော့ ဆန်တပြည်ရဲ့ ဈေးနှုန်းကလည်း ၁၄ဝဝဝလောက်ဖြစ်နေပြီဆိုတော့လေ တချို့တွေဆိုရင် စားဖို့ အဆင်မပြေလို့ဆန်ခွဲတွေ ဘာတွေကို စားရတဲ့ အဆင့် တမင်းနှစ်နပ်ကို တနပ်ပေါင်း စားရတာမျိုး။”

ကန့်သတ်ချက်တွေ ထုတ်ပြန်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစုံတရာ ပြောဆိုတာတော့ မတွေ့ရပါဘူး။
လက်ရှိမှာတော့ ရခိုင်တောင်ပိုင်းက စစ်ဘေးဒုက္ခသည်တွေရဲ့ စားဝတ်နေရေးအတွက် အရပ်ဘက်လှုမှုအဖွဲ့အစည်း တွေက တပိုင်တနိုင်ကူညီနေကြပေမယ့် လိုအပ်ချက်တွေ အများကြီး ရှိသေးတယ်လို့လည်း စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဒေသခံတဦး ကပြောပါတယ်။

“ လူဦးရေ ၇ ထောင်လောက်ကို ကျနော်တို့က အလှူငွေပေါ် မူတည်ပြီးတော့ သွားနေရတာ ဆို တော့လေ၊အလှူရှင်ရရင်တော့ လှူတာပေါ့ အလှူရှင်မရရင်လည်း မလှူးဘူးပေါ့၊ ရရင်လှူ တယ် မရရင် ရပ်ထားတယ် ဒီလိုပဲ ကျနော်တို့ ကျနော်တို့ မလှူတော့လည်း သူတို့ပါ သူတို့ အဆင်ပြေအောင် ဖြတ်သန်းကြတာပေါ့။ လတွေကလည်း ကြာလာပြီလေ ဆိုတော့အခက် အခဲတွေတော့ နည်းနည်း ရှိကြတာပေါ့။”

လက်ရှိမှာတော့ ရခိုင်တောင်ပိုင်းက သံတွဲမြို့နယ်ကို အာရက္ခတပ်တော်AAဘက်က သိမ်းပိုက်ထားပြီ ဆိုပေမယ့် သံတွဲမြို့နယ်ကနေ ထွက်ပြေးလာကြာတဲ့ စစ်ဘေးဒုက္ခသည်တွေကတော့ နေရပ်ပြန်ဖို့ ခက်ခဲနေကြဆဲ ဖြစ်တယ်လို့ ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။

“သံတွဲမြို့နယ် အကုန်လုံးကိုတော့ AA က သိမ်းပြီး သွားပြီပေါ့နော်၊ ပြီးတော့ ဂွမြို့နယ်အစပ် ကျိန္တိလီဘက်မှာ ဆိုရင်လည်း ဟိုတလောကပဲ တိုက်ပွဲတွေ ဖြစ်သွားတာဆိုတော့လေ၊ ဒီဘက် အခြမ်းမှာဆိုတော့စစ်ကောင်စီတွေ ရှိသေးတယ်ပေါ့လေ၊ ဆိုတော့ ကျိန္တလီရဲ့ ဒီဘက်အခြမ်း ကို ရှောင်တဲ့ သူတွေက ပြန်လို့မရဖြစ်နေတယ်။ သူတို့က တံတားတွေကိုလည်း ချိုးထားတယ် လမ်းတွေ ဂိတ်တွေကိုလည်း ပိတ်ထားတာဆိုတော့ လမ်းကြောင်းက မရှိဘူး သွားလို့ မိသွား ရင်လည်း စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတဲ့ အခါကျတော့ ပြန်လို့မရဘူး၊ ကျိန္တလီရဲ့ မြို့ဟို ဘက်အခြမ်းမှာ ရှိတဲ့ သူတွေကတော့ သံတွဲ မြို့ထဲကို ပြန်လို့ရပြီလို့ ပြောကြပါတယ်။”

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AA ကြား တိုက်ပွဲတွေ ပြင်းထန်လာတာ အခုဆိုရင် ၁ဝလကျော်လာပြီဖြစ်ပါတယ်။AAဘက်ကတော့ သံတွဲအပါအဝင် ရခိုင်ပြည်နယ် က မြို့နယ် ၁ဝခုကို သိမ်းပိုက်ပြီးဖြစ်သလို ဂွမြို့နယ်နဲ့ မောင်တောမြို့ နယ်တွေကို ဆက်လက်ထိုးစစ်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီတဲ့ ရခိုင်ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကျန်းမာရေး ပညာရေး စားဝတ်နေရေးစတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာပါ။

အခုလို တိုက်ပွဲတွေကြောင့် အခက်ကြုံနေရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် နိုင်ငံတကာ အဖွဲ့တွေအနေနဲ့ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေလာရောက်ကူညီပေးကြဖို့လည်း AA ဘက်က တောင်းဆိုထားတာရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ICRC အကြီးအကဲ ကိုယ်တိုင် ဒီလအတွင်းမှာပဲ မြန်မာနိုင်ငံကို လာရောက်ပြီးတော့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ ဆွေးနွေးခဲ့တာရှိသလို ရခိုင်ပြည်နယ်ကိုလည်း သွားရောက်ခဲ့တယ်လို့ ICRC က ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း သတင်းထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

ရခိုင်ပြည်နယ်မှာ ကန့်သတ်မှုတွေကြောင့် ရိက္ခာနဲ့ ဆေးဝါး ရှားပါး