ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်မှာရှိတဲ့ ချောင်းသာ၊ ရွှေသောင်ယံနဲ့ သပွတ်ကန်ကမ်းခြေတွေမှာ ရခိုင် ငါးဖမ်းသမားတွေကို စစ်ကောင်စီက ငါးဖမ်းခွင့် ပိတ်ထားပါတယ်။ ဒေသခံတွေကို ငါးဖမ်းခွင့်ပေးပေမဲ့ ရခိုင်ဘက်က စစ်ပြေးဒုက္ခသည်တွေကိုတော့ ငါးဖမ်းခွင့် မပေးဘူးလို့ ရခိုင်ငါးဖမ်းသမားတွေက ပြောပါတယ်။ ရခိုင်တိုက်ပွဲတွေကြောင့် ရခိုင်တောင်ပိုင်းက ဂွဒေသခံတွေဟာ ဧရာဝတီတိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး အလုပ်အကိုင် စားဝတ်နေရေး အခက်အခဲကြုံနေကြတဲ့ အခြေအနေ
ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်ထဲ စစ်တပ်နဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ အထူးသဖြင့် အမ်း၊ တောင်ဂုတ်၊ ဂွ စတဲ့ ဒေသတွေဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ရခိုင်တောင်ပိုင်း တောင်ဂုတ်နဲ့ ဂွဘက်က ဒေသခံတော်တော်များများဟာ ပြီးခဲ့တဲ့လတွေထဲက ဧရာဝတီတိုင်းဘက်အပါအဝင် တခြားဒေသတွေကို စစ်ဘေးလွတ်အောင် တိမ်းရှောင်နေကြရပါတယ်။ ရေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုကြတဲ့ တံငါသည်တော်တော်များများဟာ ဂွမြို့နဲ့ အနီးစပ်ဆုံး ဖြစ်တဲ့ ဧရာဝတီတိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ ဒါပေမဲ့ သူတို့ကို စစ်ကောင်စီက ငါးဖမ်းခွင့် မပြုတာကြောင့် ဝင်ငွေခက်ခဲနေကြပါတယ်။ ဧရာဝတီတိုင်း ပုသိမ်ခရိုင်အတွင်းမှာရှိတဲ့ ချောင်းသာ၊ ရွှေသောင်ယံနဲ့၊ သပွတ်ကန် ကမ်းခြေတွေမှာ ဒေသခံငါးဖမ်းသမားတွေ ငါးဖမ်းခွင့်ရပေမဲ့ ရခိုင်ဘက်က စစ်ဘေးဒုက္ခသည်တွေကိုတော့ ငါးဖမ်းခွင့်ပိတ်ထားတယ်လို့ ရခိုင်ဒေသခံငါးဖမ်း သမားတဦးက ပြောပါတယ်။
ဆယ်လပိုင်းကုန်လောက်က ရှာလိုက်ရသေးတယ်၊ နောက် ဆယ်ကိုးရက်လောက်ကြာတော့စာ ထွက် လာတာပေါ့နော်။ တိုက်ပွဲရှောင်တွေနဲ့ပါလာတဲ့ လှေတွေအလုပ်မလုပ်ရတော့ဘူးဆိုပြီးတော့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေက နှုတ်မိန့်နဲ့လာပြီးတော့ ပြောတာပေါ့။”
စစ်ဘေးရှောင်ရခိုင်ဒေသခံငါးဖမ်းသမားတွေကို စစ်ကောင်စီက ဘာကြောင့် ငါးဖမ်းခွင့်မပေးဆိုတာ တိတိကျကျမသိပေမယ့် ငါးဖမ်းလှေတွေနဲ့အတူ ရခိုင်ဘက်ကို စားနပ်ရိက္ခာတွေတင်ပို့မှာ စိုးရိမ် တာကြောင့် ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။
“ဘာကြောင့်လုပ်တာလဲဆိုတော့ ကျနော်ထင်တာက ရခိုင်ကို ရိက္ခာပို့တာတွေရှိတာကိုး။ ရိက္ခာ မှောင်ခို ပေါ့ ပစ္စည်းပို့တယ်။ စားနပ်ရိက္ခာပို့တာမှာ ဒေသခံတွေလုပ်ကြတယ်။ အဲလိုလုပ်ကြတော့ ဒီမှာ ဖမ်းတာ ဆီးတာတွေရှိတယ်၊ ရုံးတက်နေရတာတွေလည်းရှိတယ်၊ ဆိုတော့ ကျနော်တို့စစ်ရှောင်တွေကလုပ်မှာ စိုးတယ်ဆိုပြီးတော့ အဲအမြင်တခုတည်းနဲ့ပတ်တယ်လို့ ကျနော်ထင်တာပဲ။”
လက်ရှိမှာတော့ ဧရာဝတီတိုင်း ပုသိမ်ခရိုင်ထဲကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ထောင်နဲ့ချီတဲ့ ရခိုင် ဒေသခံစစ်ဘေး ဒုက္ခသည်တွေအနေနဲ့ အစားအသောက် အထောက်အပံ့ မရကြသလို၊ ငါးဖမ်းခွင့် လည်း ပိတ်ခံထားရတာကြောင့်စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ ဒုက္ခသည်တွေ ပြောပြကြပါ တယ်။ ရခိုင်ဒေသခံ စစ်ဘေးဒုက္ခသည်ငါးဖမ်းသမားတဦးကတော့ ငါးဖမ်းလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်တာမျိုးခွင့်ပြု မပေးရင်တောင် မိသား စုစားဝတ်နေရေး လုံလောက်ရုံလောက်တော့ လုပ်ကိုင် စားသောက်ခွင့်ပြုပေးစေချင်တယ်လို့ ပြောပါတယ်။
“ဖြစ်စေချင်တာကဗျာ တတန်းတည်းပေါ့။ ကျနော်တို့လည်း မြန်မာနိုင်ငံသားပဲကို ရခိုင်တွေ၊ ဗမာတွေ တိုင်းရင်းသားတွေဆိုပြီး ခွဲခြားနေဖို့မှမလိုတာ၊ ကျနော်တို့ ဒီကမ်းရိုးတန်းမှာ ရှာစားတယ်ဆိုပေမယ့် သူတို့ အစိုးရက ထုတ်ပြန်ထားတဲ့ စည်းမျည်းစည်းကမ်းနဲ့ အညီလုပ်နေတာပဲလေ၊ တိုင်းလိုင်စင်လုပ်ဆို ကျနော်တို့လုပ်တယ်၊ ငါးဖမ်းလိုင်စင်လုပ်ဆို လုပ်တယ်လေ။ ကျနော်တို့လည်း ခံစားခွင့်ရှိတယ်လို့ ထင်တာပဲ။”
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလ ၁၃ ရက် နေ့က တကြော့ပြန်တိုက်ပွဲတွေ စတင်ခဲ့ပြီး ဒီကနေ့အထိ ဂွ၊ တောင်ကုတ်နဲ့ အမ်းမြို့နယ်တွေမှာ တိုက်ပွဲ တွေ ဆက်လက်ပြင်းထန်နေပါတယ်။
တနှစ်ကျော်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီ လေကြောင်းပစ်ခတ်တာတွေ မြေမြှုပ်မိုင်းနဲ့ စစ်ကျန် လက်နက်တွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ထောင်နဲ့ချီရှိနေသလို တိုက်ပွဲတွေ ကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၅ သိန်းနီးပါးအထိရှိ တယ်လို့လည်း စစ်ဘေးဒုက္ခသည်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
Your browser doesn’t support HTML5