ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က အုပ်ချုပ်ရေးမှူး(၁၁)ဦး ဒီကနေ့ နုတ်ထွက်စာ တင်လိုက်ပါတယ်။ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အကြား စစ်ရေး ပဋိပက္ခတွေ ရှိနေတဲ့ ရခိုင်ပြည်နယ်မှာ ရပ်-ကျေး အုပ်ချုပ်ရေးမှူး တချို့ကို မတရား အသင်း ဆက်သွယ်မှု ပုဒ်မနဲ့ ဖမ်းဆီး တရားစွဲဆိုတာတွေ လုပ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ မြောက်ဦးမြို့က ရပ်-ကျေး အုပ်ချုပ်ရေးမှူး ၉၀ နီးပါး တာဝန်က နုတ်ထွက်ခဲ့သေးတာပါ။ လက်နက်ကိုင် တိုက်ပွဲတွေကြားမှာ ရပ်ကျေးအုပ်ချုပ်ရေး မှူးတွေ အပါအဝင် အရပ်သားပြည်သူတွေ ဖမ်းဆီး တရားစွဲဆို ခံရမယ့်အရေး စိုးရိမ်နေရပြီး လုပ်ကိုင်သွားလာရေး အခက်တွေ့ နေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေး ပို့ထားပါတယ်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း မကြာမီရက်ပိုင်းကပဲ ရပ်ကွက်နဲ့ကျေးရွာ အုပ်ချုပ်ရေးမှူး(၈၉)ဦး နုတ်ထွက် သွားပြီးတဲ့နောက် ဒီကနေ့မှာလဲ နောက်ထပ် ရပ်ကျေးအုပ်ချုပ်ရေးမှူး(၁၁)ဦး ထပ်မံနုတ်ထွက်ခဲ့တယ်လို့ တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေလအောင်ကပြောပါတယ်။
“ဒီမနက်ကဘဲ သူတို့နုတ်ထွက်စာတင်လိုက်တာပါခင်ဗျ။ ကျန်တဲ့သူ အကုန်လုံးလေ(၁၁)ယောက်လုံး။ ဘယ်ရွာ ဘယ်ရွာ တွေလဲဆို ညောင်ပင်လယ် ၊ တန်းတင်ရယ်၊ သူငယ်တော်၊ ပျားတဲ၊ ဇီးပင်ကြီး၊ ဝေသာလီ၊ ကြိမ်ချောင်း သဘော (၁၁)အုပ်စုပါဘဲ။ ရခိုင်ရွာတွေပါဘဲ။ ဒီမြောက်ဦးမြို့နယ်ထဲမှာ ကျန်တဲ့ကျေးရွာတွေပါဘဲ။ ဘင်္ဂါလီတအုပ်စုဘဲ ကျွန် တော်တို့အတည်ပြုလို့ မရ သေးတာပါခင်ဗျ။ ကျန်တာကတော့ အကုန်လုံးနုတ်ထွက် ပြီးပါပြီ။”
ဖေဖေါ်ဝါရီ(၂၈)ရက်နေ့တုန်းက ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးတရားစွဲဆိုခဲ့ပြီးတဲ့နောက် ဒါကို ကန့်ကွက်တဲ့အနေနဲ့ မြောက်ဦးမြို့နယ်က ရပ်/ကျေး အုပ်ချုပ်ရေးမှူး (၈၉) ဦးက မတ်လ(၁)ရက်နေ့မှာ တာဝန်ကနေ နုတ် ထွက်ခဲ့ပါတယ်။ ဒီကနေ့ ထပ်မံနုတ်ထွက်တဲ့ (၁၁)ဦး နဲ့ဆိုရင် လက်ရှိမြောက်ဦး မြို့နယ်အတွင်းမှာ ကျေးရွာအုပ်ချုပ် ရေးမှူး တွေအားလုံး လိုလို နုတ်ထွက်သွားတာဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ဒေသ ခံကျေးရွာသားတွေ လုပ်ကိုင်စား သောက်သွားလာရေးမှာ အခက်တွေ့နေရတယ်လို့ မြောက်ဦးမဲဆန္ဒနယ်က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်း သာစိန်ကပြောပါတယ်။
“အုပ်ချုပ်ရေးပိုင်းဆိုင်ရာတော့ အခက်ခဲရှိနေမယ်လို့ ထင်တယ်။ ရပ်သူရွာသားတွေက တော်တော်လေး အခက်ခဲဖြစ် နေတယ်။ အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်သွားတဲ့အတွက် ရပ်ရွာမှာ အရောင်းဝယ်ကိစ္စပေါ့နော်။ အဲဒီကိစ္စတွေအတွက် ထောက်ခံစာ ပေးမယ့်သူ မရှိဘူးဖြစ်နေတယ်။ နောက်တခါ ခရီးသွားလာခွင့် အတွက် ထောက်ခံစာ ပေးမဲ့သူမရှိဘူးဖြစ်နေ တယ်။ မှတ်ပုံတင်လုပ်တဲ့ အခါမှာ လဲ ရွာကနေပြီးတော့အကျင့်စာရိတ္တကောင်းမွန်ကြောင်းဆိုပြီးတော့ ထောက်ခံချက် တွေပေးရတယ်။ အဲတာပြည်သူဘက်က အခက်ခဲတွေပါ။”
အခုလို ရပ်ကျေးအုပ်ချုပ်ရေးမှူးတေ ွအစုအပြုံလိုက် နုတ်ထွက်တဲ့ အပေါ်မှာ ခိုင်လုံတဲ့အကြောင်းပြချက်နဲ့ တရား ဝင်လက် မှတ်ထိုးပြီးမှ ထွက်နိုင် တယ်လို့ ရခိုင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးမောင်ကတော့ မတ်လ ၂ ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောဆိုခဲ့ပါတယ်။
“ဒီရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ပက်သက်လို့ ထွက်လိုက ထွက်နိုင်ပါတယ်။ အကြောင်းခိုင်လုံစွာပြပြီးတော့ တရားဝင်လက်မှတ် ထိုးပြီးတော့ထွက်ပါ ဆိုပြီးတော့ ဒါကျွန်တော်တို့ သက်ဆိုင်ရာမြို့နယ်တွေ ခရိုင်တွေ ကိုလဲ ကျွန်တော်တို့ အကြောင်းကြားထား ပါတယ်။ ဒီလက်ရှိကျေးရွာ မှာယာယီအုပ်ချုပ်ရေးမှူး တာဝန်ပြီးမှ သူ့ရဲ့လုပ်ထုံးလုပ်နည်းနဲ့ ရွေး ကောက် ပွဲနဲ့ တခါပြန်ပြီးတော့ ပြန်တင်ပြီးတော့ တရားဝင် ခရိုင်အုပ်ချုပ်ရေးမှူး ကိုတင်ပြပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးက ခန့်အပ်ပေးမှာဖြစ်ပါတယ်။”
ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအနေနဲ့တစ်ဦးချင်းစီ နုတ်ထွက်မှသာ ဥပဒေနှင့်အညီ ခွင့်ပြုမယ်လို့လဲ သူကပြောပါတယ်။
တိမ်ညိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလအောင်ကတော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ ဥပဒေအရ မိမိဆန္ဒနဲ့နုတ် ထွက်နိုင် တယ်ဆိုတဲ့ အချက်ပါဝင်တာကြောင့် တာဝန်ကနေ ရပ်နားလိုက်ပြီလို့ ပြောပါတယ်။
“အုပ်ချုပ်ရေးလုပ်ငန်းတွေကို ကျွန်တော်တို့အဲဒီနေ့ကဘဲ ရပ်ဆိုင်းထားပါတယ်ခင်ဗျ။ ခွင့်ပြုတယ်မပြုဘူးဆိုတာ သူတို့ အပိုင်း ဘဲ။ ကျွန်တော်တို့က ဒီအလုပ်ကို လုပ်ဖို့အတွက် ဆန္ဒလဲမရှိတော့ဘူး။ ကျွန်တော်တို့ ဆက်လုပ်ဖို့ အတွက် ဘယ်အစိုးရ အဖွဲ့ အစည်းကမှ ကျွန်တော်တို့ကို တာဝန်မယူနိုင်ဘူး။ တဦးချင်းတယောက်ချင်း နုတ်ထွက်မှာသာလျှင် တရားဝင်အဖြစ် နုတ်ထွက် ခွင့်ပေးမယ်ပြောတာ ကတော့ ဒါကတော့ သူတို့နုတ်ထွက်ခွင့်ပေးမယ် မပေးဘူးဆိုတာ သူတို့ အပိုင်းပါ။ ကျွန်တော်တို့က နုတ် ထွက်စာစပြီးတင်စကတည်းက လက်မှတ်ရေးထိုးထားတဲ့စာရွက်ရဲ့ အပေါ်ပိုင်းမှာလဲဘဲ မိမိသဘောဆန္ဒအလျှောက်ဆိုပြီး စာရေး ပြီး ပါပါတယ်ခင်ဗျ။ အဲဒီစာသားဟာဘဲ တဦးချင်းနုတ်ထွက်တဲ့ သဘောဆိုလို ပါတယ်။”
ကျောက်တော်မြို့မှာလဲ ရပ်ကျေးအုပ်ချုပ်ရေးမှူး တဦးနုတ်ထွက်စာ တင်ခဲ့ပြီးဖြစ်ပါတယ်။
ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်းမှာ မြန်မာ့ တပ်မတော်နဲ့ရခိုင့်တပ်မတော် AAတို့ အကြားဖြစ်ပွား ခဲ့ တဲ့ တိုက်ပွဲ အကျိုးဆက်ကြောင့် AA အဖွဲ့နဲ့ဆက်နွယ်နေတယ်လို့ယူဆရတဲ့ ရွာသားတွေ ကျေးရွာအုပ်ချုပ်ရေးမှူး တွေအပေါ် တပ်မတော်နဲ့ရဲတွေကနေ ဖမ်းဆီး တရားစွဲဆိုမှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အခြေအနေကြောင့် တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသက ကျေးရွာသားတွေရဲ့လုံခြုံရေးဟာ စိုးရိမ်စရာဖြစ်နေတဲ့အနေအထားမှာရှိနေတာပါ။
၂၀၁၈ ဒီဇင်ဘာလကနေ ၂၀၁၉ ဖေဖေါ်ဝါရီလအထိ တပ်မတော်နဲ့AAတို့အကြား တိုက်ပွဲဖြစ်ပွားမှု အကြိမ်(၇၃)ကြိမ် ရှိခဲ့တယ် လို့ မနေ့ကရက်စွဲနဲ့AA ဘက်က ထုတ်ပြန်ထားပါတယ်။
Your browser doesn’t support HTML5