ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA ကြား လနဲ့ချီ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်လာနေတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေ တနေ့ထက်တနေ့တိုးလာနေပါတယ်။ လောလောဆယ်အထိ ရခိုင်စစ်ဘေးဒုက္ခသည် ခန့်မှန်းခြေ ၆ သိန်းထက် မနည်းရှိနေတယ်လို့ စစ်ဘေး ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။ နေရေး၊ စားရေး၊ ကျန်းမာရေး အခက်အခဲတွေ ရင်ဆိုင်နေကြရတဲ့ ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေ ရန်ကုန်က ပေးပို့တဲ့ သတင်းကို အခြေခံပြီးတင်ပြထားပါတယ်။
ရခိုင်ပြည်နယ် တောင်ပိုင်းရောမြောက်ပိုင်းပါမကျန် စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား လက်ရှိ အချိန်ထိ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့အတွက် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေး ဒုက္ခသည် သိန်းနဲ့ချီ ရှိနေပါပြီ။ ရခိုင်ပြည်နယ်တခုလုံးမှာ စစ်ဘေးဒုက္ခသည် ၆ သိန်းထက်မနည်း ရှိနေပြီလို့ စစ်ဘေးဒုက္ခသည်အရေးကူညီဆောင်ရွက်ပေးနေတဲ့ ကိုဝေဟင်အောင်က ဗွီအိုအေကို ပြောပါတယ်။
“ရခိုင်တပြည်နယ်လုံးအတိုင်းအတာအရ ကျနော်တို့ ကောက်ခံထားတဲ့ စာရင်းတွေကကျရင် လူဦးရေ ငါးသိန်းကျော်လောက်ရှိတယ်။ ပြီးတော့ အသစ်အသစ်တိုးလာတာနဲ့ ကျနော်တို့ လက်လှမ်းမမီတာနဲ့ ဆိုရင် စုစုပေါင်း စစ်ဘေးရှောင်က ၆ သိန်းကျော်လောက်ရှိမယ်လို့ ကျနော်တို့တွက်ဆတယ်ဗျ။”
လက်ရှိမှာတော့ စစ်ဘေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ မရတာကြောင့် စားဝတ်နေရေး၊ ကျန်းမာရေးစတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး သူတို့အတွက် အရေးပေါ်စားနပ်ရိက္ခာတွေ အရေးတကြီးလိုအပ်နေတယ်လို့ ကိုဝေဟင်အောင် ကဆက်ပြောပါတယ်။
“လက်ရှိရခိုင်မှာတဲ့ စစ်ဘေးရှောင်တွေကတော့ စားရေးသောက်ရေး နေရေးထိုင်ရေးတော်တော်လေး အခက်အခဲရှိပါတယ်။ ကျနော်တို့ ကူညီထောက်ပံ့ပေးနိုင်တယ်ဆိုတာက လက်ရှိ,ရှိနေတဲ့ စစ်ဘေး ဒုက္ခသည်တွေရဲ့ ၂ဝ ရာခိုင်နှုန်းလောက်တောင် ကာဗာ( cover) မဖြစ်ဘူးဗျ။ ဒီကြားထဲ စစ်ကောင်စီ ဘက်က ရသမျှလမ်းတွေကို အကုန်လုံးဖြတ်တောက်ပိတ်ဆို့ထားတဲ့ အတွက် စားနပ်ရိက္ခာရရှိမှုရယ်၊ ဆေးဝါးရရှိမှုရယ် ပြီးတော့ အဝတ်အထည်အမိုးအကာ ရရှိဖို့အတွက်တော်တော်လေးကို ကြီးကြီးမားမားရင်ဆိုင်နေရပါတယ်။”
လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ အမ်းမြို့ထဲမှာ မြို့တွင်းစားနပ်ရိက္ခာတွေပြတ်တောက်နေတဲ့အပြင် စစ်ကောင်စီက လက်နက်ကြီးတွေကို ဦးတည်ရာမဲ့ပစ်နေတာကြောင့် အသက်စွန့်ပြီး ဘေးလွတ်မယ့် နေရာတွေကို ထွက်ပြေးနေကြရတယ်လို့ အမ်းမြို့ခံက ဗွီအိုအေကို ပြောပါတယ်။
“အရပ်သားတွေ အခြေအနေကတော့ခင်မျာ ကျနော်တို့မြို့ခံတွေကတော့ သူတို့လှမ်းပစ်လိုက်တဲ့ လက်နက်ကြီးတွေက ဘယ်ကိုကျလို့ကျမှန်းမသိဆိုတော့ အစစအရာရာ အရင်ကထက် သတိတွေ ထားပြီးတော့ နေရတာပေါ့နော်၊ စားဝတ်နေရေးကတော့ ခင်မျာ အမ်းမြို့မှာ အခြေအနေမကောင်းလို့ တအားခက်ခဲနေကြလို့လူတွေကလည်း ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့ မြို့ပေါ်ကနေ ထွက်ပြေးကြ တာလည်း ရှိတယ်။ မနေ့ညနေကဆိုရင် အိမ်ထောင်စု ၁ဝဝ လောက် ထွက်သွားတယ်ခင်မျာ။ ကမ်းထောင်းကြီးတို့၊ ရူးတို့ အဲဒီဘက်ကို ထွက်သွားကြတယ်ခင်မျာ။”
ရခိုင်ပြည်နယ်ထဲက မောင်တော၊ အမ်း၊ တောင်ကုတ်နဲ့ ဂွမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ AA ကြား နှစ်ဘက်တိုက်ပွဲတွေ နေ့တိုင်းပြင်းထန်နေတာကြောင့် ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေ ကြရသလို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေလည်းရှိနေတာပါ။ လတ်တလောထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ အဝတ်တထည်ကိုယ်တခုနဲ့ပြေးနေရတာကြောင့် နေ့စဉ်ဘဝတွေကို ဖြတ်သန်းဖို့ ပိုပြီးတော့ ခက်ခဲနေကြတယ်လို့ ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်အရေးကူညီဆောင်ရွက်ပေးနေတဲ့ ကိုဝေဟင်အောင်က ပြောပါတယ်။
“လက်ရှိစစ်ဘေးရှောင်တွေ တိုးလာနေပါတယ်။ အထူးသဖြင့် လက်ရှိ စစ်ဖြစ်နေတဲ့နေရာတွေပေါ့။ အမ်းဘက်မှာရယ် ပြီးတော့ တောင်ကုတ်၊ ဂွ အဲဒီဘက်မှာ စစ်ဘေးရှောင်တွေက တောက်လျှောက်တိုးလာနေတယ်။ တချို့စစ်ဘေးရှောင်တွေကျရင် မြို့ထဲမှာ ပိတ်မိပြီးတော့ ရှိနေသေးတယ်။ မြို့ပြင်ကို ရောက်မလာသေးဘူး။ သူတို့ကကျတော့ ပိုပြီးတော့ ခက်ခဲတယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ ကျနော်တို့က နဂိုရှိတဲ့ စစ်ဘေးရှောင်အဟောင်းတွေကိုတောင် မကာကွယ်ပေးနိုင်တဲ့အချိန်မျိုးမှာ စစ်ဘေးရှောင်အသစ်တွေက ပိုပြီးတော့ ခက်ခဲပါတယ်။ လောလောလတ်လတ် ထွက်ပြေးလာရတဲ့အတွက် သူတို့မှာ ဘာမှပါမလာကြဘူး။ ကျနော်တို့က နီးစပ်ရာကျေးရွာတွေမှာပဲ အဆင်ပြေသလို နေရာချထားရတာပဲရှိတယ်။”
ဒါ့အပြင် လက်ရှိထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေ သက်ကြီး ရွယ်အိုတွေ နာမကျန်းသူတွေနဲ့ နာတာရှည်ရောဂါသည်တွေလည်း ပါပါတယ်။ အခုလို ကျန်းမာရေး မကောင်းသူတွေအတွက် ဆေးဝါးရရှိဖို့ အရေးတကြီးလိုအပ်နေသလို ဆောင်းရာသီ ရောက်လာ တာကြောင့် အဝတ်အထည်၊ စောင်နဲ့ အမိုးအကာတွေလည်း လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည် တွေကို ကူညီပေးနေသူတွေက ပြောကြပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ကုန်လမ်းရေလမ်းနဲ့ ကုန်စည်စီးဆင်းမှုတွေကို စစ်ကောင်စီက ပိတ်ဆို့ထားတာကြောင့် ဒေသတွင်း အခြေခံစားသောက်ကုန်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေ ရှားပါးပြတ်လပ်နေပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၃- ၂၄ အချက်အလက် ကောက်ယူမှုတွေအရ ရခိုင်ပြည်နယ်ရဲ့ စီးပွါးရေးဟာ လည်ပတ်မှု လုံးဝ မရှိသလောက်နီးပါး ဖြစ်နေတာကြောင့် ဒေသခံ ၂ သန်းကျော် အငတ်ဘေးဆိုက်မယ့် အန္တရာယ် ရှိနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရ Stephanie Tremblay က နယူးယောက်မြို့ ကုလရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒါဟာ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ ဆန်းစစ်ချက်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အထူးပြု ဖေါ်ပြထားတာပါ။
Your browser doesn’t support HTML5