ရန်ကုန်ကအထွက်မှာ ရခိုင်လူငယ် ၁၀၀ ကျော် ဖမ်းခံရ

ရန်ကုန်မြို့ မြင်ကွင်း (photo: C J)

ရန်ကုန်မြို့ မြင်ကွင်း (photo: C J)

မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသားပေါင်းစုံ အများဆုံးနေထိုင်တဲ့ ရန်ကုန်မြို့နယ်အတွင်းမှာ လူငယ်တွေကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးတာ၊ ပေါ်တာဆွဲတာတွေ ခပ်စိပ်စိပ်လုပ်လာနေ တာကြောင့် ရခိုင်အပါအဝင် တခြားတိုင်းနဲ့ပြည်နယ်တွေက လာရောက်နေထိုင်ကြတဲ့ လူငယ်တွေ ရန်ကုန်မြို့ကနေ ထွက်ခွာ ဖို့ကြိုးလာကြတာပါ။ အခုလို ရန်ကုန်ကနေ မိမိနေရပ်ကိုပြန်ဖို့ ကြိုးစားတဲ့ ရခိုင်တိုင်းရင်းသား ၁၀၀ ကျော်လောက်ကို ရန်ကုန်မြို့အထွက်မှာ စစ်ကောင်စီကဖမ်းဆီးလိုက်တယ်လို့ ရခိုင်ဒေသခံတဦး ကပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

မြန်မာတဝန်းက တိုင်းနဲ့ပြည်နယ်တော်တော်များများမှာ စစ်ရေးအရအရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ စစ်သည်အင်အားလိုအပ်နေတဲ့အတွက် လူငယ်တွေကိုဖမ်းဆီးပြီးတော့ အတင်း အဓမ္မစစ်မှုထမ်းခိုင်းနေတာကြောင့် လူငယ်တွေကြား စိုးရိမ်မှုတွေမြင့်တက်နေတာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာပဲ ရန်ကုန်မြို့ကနေ လူငယ် ၅၀၀ နီးပါးဖမ်းဆီးခံခဲ့ရတယ်လို့ ဖမ်းဆီးခံရမှုတွေကို စာရင်းကောက်ယူထားတဲ့ Rangoon Scout Network အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အခုလို ဖမ်းဆီးမှုတွေကြောင့် ရန်ကုန်မြို့အတွင်းမှာ လာရောက်နေထိုင်ကြတဲ့ ဒေသခံမဟုတ်တဲ့ တိုင်းရင်းသားလူငယ်တွေဟာ ပြည်ပနိုင်ငံတွေနဲ့ မိမိနေရပ်တွေကို ပြန်ဖို့ကြိုးစားလာကြတာပါ။ အဲဒီလို နေရပ်ပြန်ဖို့ ကြိုးစားတဲ့ ရခိုင်ဒေသခံ လူငယ် ၁၀၀ ကျော်လောက် ဒီရက်ပိုင်းအတွင်းမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတယ်လို့ ရခိုင်ဒေသခံတဦးက ပြောပါတယ်။

“ဒီရက်ပိုင်းမှာ ကျနော်ကြားတာကတော့ ရန်ကုန်ကစက်ရုံတွေမှာ အလုပ်လုပ်နေတဲ့ ကလေးမလေး တွေကို စက်ရုံလိုင်းခန်းတွေမှာ ပေါ်တာဆွဲတာတွေကြောင့် မလုပ်ရဲကြတော့ဘဲ စက်ရုံကထွက်ပြီး ဘယ်သူ့အစီအစဉ်နဲ့လဲတော့ မသိဘူး။ သူတို့ ရခိုင်ကို ပြန်ကြတဲ့အခါ ရန်ကုန်အထွက် စစ်ဆေးရေး ဂိတ်မှာ Express ကား ၃ စီးတောင် အဖမ်းခံရတယ်လို့ ကြားတယ်။ လူလည်း ၁၀၀ ကျော်လောက်ပါ တယ်လို့ သိရတာပေါ့။”

ရန်ကုန်မြို့မှာနေထိုင်ပြီး စက်ရုံတွေမှာ ဝင်ရောက် အလုပ်လုပ်ကိုင်နေကြတဲ့ ရခိုင်ဒေသခံတွေလည်း ဖမ်းဆီးခံရတာ၊ ပေါ်တာဆွဲခံရတာတွေရှိနေပြီး မိသားစုတွေနဲ့ အဆက်အသွယ်ပြတ်တောက်နေသလို တာမွေနဲ့ သာကေတမြို့နယ်တွေမှာ နေထိုင်ကြတဲ့ ရခိုင်ဒေသခံလူငယ်တချို့လည်း ပြီးခဲ့တဲ့လတွေကစလို့ ဖမ်းဆီး စစ်ဆေးခံနေရတာရှိတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေက ပြောဆိုကြပါတယ်။

လက်ရှိရန်ကုန်မှာနေထိုင်နေကြတဲ့ တိုင်းရင်းသားတွေထဲမှာမှ ရခိုင်ဒေသခံတွေကို အဓိကထားဖမ်းဆီး စစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေလည်း လူမှုကွန်ယက်တွေမှာတက်နေတာကြောင့် ပိုပြီးတော့ စိုးရိမ်နေရတယ်လို့ ရန်ကုန်ရောက် ရခိုင်ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

“အဓိကတော့ တခုခုသွားမယ်လာမယ်ဆိုလို့ရှိရင် အခုကကျတော့ ရခိုင်မှတ်ပုံတင်ကိုင်ထားတာဆို တော့ နည်းနည်းအခက်အခဲဖြစ်တယ်။ နောက်ပြီးတော့ သတင်းတွေမှာလည်း ရခိုင်လူငယ်တွေကို လိုက်ဖမ်းနေတယ်ဆိုတဲ့အခါကျတော့ ညီမတို့အနေနဲ့ စိတ်ပူတာရှိပါတယ်။ အဆင်မပြေတာ တွေကတော့ အများကြီးပေါ့နော်။ အခုက လောလောဆယ်ဖြစ်နေတဲ့အခြေအနေမှာလည်း အပြင်သွားလာတဲ့အခါမှာလည်း စိတ်ပူစရာရှိတယ်၊ ပြီးတော့ ရခိုင်ဖြစ်နေတဲ့ အတွက် ပိုပြီးတော့ဆိုးတာပေါ့နော်။ တခုခုဆိုရင် လာပြီးတော့ စစ်ဆေးမှာ၊ လာပြီးတော့ ခေါ်သွားမှာကိုလည်း စိတ်ပူပါတယ်။”

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီနဲ့ AA ကြား နှစ်ဘက်တိုက်ပွဲတွေ ရပ်တန့်နေ တယ်ဆိုပေမယ့် ရန်ကုန်ကနေ AA ထိန်းချုပ်မြို့နယ်တွေကို သွားရောက်နိုင်တဲ့ ကုန်းလမ်း၊ ရေလမ်းတွေ ကို စစ်ကောင်စီက ပိတ်ဆို့ထားပြီး စစ်ကောင်စီထိန်းချုပ်ထားတဲ့ စစ်တွေနဲ့ ကျောက်ဖြူမြို့ ပေါ်ကိုတော့ လေကြောင်းပြေးဆွဲနေတာရှိပါတယ်။

ဒါပေမယ့်လည်း လေကြောင်းက‌နေပြန်မယ့် ရခိုင်လူငယ်တွေကိုလည်း လေဆိပ်အတွင်း စစ်ကောင်စီက ဖမ်းဆီးတာတွေလုပ်နေတာကြောင့် နေရပ်ပြန်မယ့် သူတွေအနေနဲ့ သတိထား ဆင်ခြင်ကြဖို့လည်း ရခိုင်ဒေသခံ လူငယ်တဦးကပြောပါတယ်။

“ကျနော်တို့က တခြားတိုင်းနဲ့ ပြည်နယ်တွေကို သွားတာလာတာကတော့ အဲဒီဘက် လမ်းကြောင်းအခြေ အနေတွေကို မသိဘူး။ ဒါပေမယ့် ရခိုင်ဘက်ကို သွားလာမယ်ဆိုလို့ရှိရင် ကျောက်ဖြူတို့၊ စစ်တွေတို့က လတ်တလောမှာ လေကြောင်းလိုင်းတွေဖွင့်သေးတယ်ဆိုပေမယ့် လေဆိပ်တွေမှာ သွားလာရေးက တော်တော်အန္တရာယ်များတယ်။ လေဆိပ်မှာ ဖမ်းဆီးခံရသူတော်တော်များများရှိခဲ့တယ်။ ရှေ့မှာလည်း အခုအချိန်က ပိုပြီးအန္တရာယ်များတဲ့အတွက် သိပ်လုံခြုံမှုမရှိဘူး။ စိတ်မချရတဲ့ အနေအထားမှာရှိတဲ့ အတွက်ကြောင့် သွားလာမယ်ဆိုရင် တော်တော်ချင့်ချိန်ပြီးတော့မှ သွားလာရမယ့် အနေအထားရှိတယ်။ နောက်တခုက ကုန်းလမ်းကနေလိုက်ပို့ပေးတဲ့ တောလမ်း ဘာညာဆိုတာရှိတယ်ပေါ့။ ဒီဟာတွေလည်း အရမ်းအန္တရာယ်များတယ်။”

အခုလို ရန်ကုန်နဲ့ မြို့ကြီးတွေကို ပြောင်းရွှေ့လာတဲ့ ရခိုင်လူငယ်တွေ ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာပြောဆိုတာ မရှိသေးပါဘူး။ ဒါ့အပြင် ဗွီအိုအေအနေနဲ့လည်း လက်ရှိ ပြည်မရောက် ရခိုင်ဒေသခံဘယ်နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးထားသလဲဆိုတာ တိတိကျကျ အတည် မပြုနိုင်သေးတဲ့အတွက် အတည်ပြုချက်ရဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ ရန်ကုန်နဲ့ တခြားမြို့တွေကို ပြောင်းရွှေ့လာတဲ့ ရခိုင်ဒေသခံတွေကတော့ ဖမ်းဆီးခံရမှာကို နေ့စဉ်နဲ့ အမျှ စိုးရိမ်နေကြပါတယ်။

Your browser doesn’t support HTML5

ရန်ကုန်ကအထွက်မှာ ရခိုင်လူငယ် ၁၀၀ ကျော် ဖမ်းခံရ