တရုတ်နယ်စပ်မှာ တိုက်ပွဲမဖော်ဖို့ တရုတ်နိုင်ငံဖက်က တိုင်းရင်းသားလက်နက်ကိုင်တွေကိုဖိအားပေးနေတဲ့အချိန်မှာပဲ၊ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီ ကုန်သွယ်ရေးမြို့ကို KIA ပူပေါင်းတပ်တွေ သိမ်းယူခဲ့ပါတယ်။ ဒီအခြေအနေကနေ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲဆိုတာကိုတော့ ကိုဝင်းမင်း ဆက်သွယ်မေးမြန်းထားပါတယ်။
ကချင်အထူးဒေသ (၁) လို့ခေါ်တဲ့ ဒီဒေသမှာ နောက်ဆုံးကျန်တဲ့ ကန်ပိုက်တီကို တနေ့ ဗုဒ္ဓဟူးညနေက သိမ်းလိုက်တာရဲ့ ထူးခြားမူကို ISP မြန်မာ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျုအဖွဲ့ ဒါရိုက်တာ ဦးအောင်သူငြိမ်းက အခုလို သုံးသပ်ပြပါတယ်။
“ကချင်ရဲ့ထိုးစစ်တွေကိုကြည့်ရင် အတော်လေးတော့ မဟာဗျူဟာမြောက်တယ်လို့ ဆိုနိုင်တယ်ဗျ၊ အထူးသဖြင့် ကချင်အထူးဒေသပေါ့နော်၊ အဲဒီမှာဆိုရင် မြေရှားသတ္တုတွေတူးနေတာ ၃၀၀ လောက်ရှိတယ်ပြောတယ်၊ ဒါကိုထိန်းချုပ်နိုင်တဲ့အနေအထားရှိတယ်။ အဲဒါအပြင် စစ်ကိုင်း တခြားကျန်တဲ့ဒေသတွေမှာလည်း ထိုးစစ်တွေကိုကြည့်လိုက်ရင် အထူးသဖြင့်တော့ တရုတ်ရဲ့ရင်းနှီးမြုပ်နှံမှုပေါ့နော်၊ ဒါကို ချုပ်ပွိုင့်ပေါ့နော်၊ လည်ပင်းညှစ်လို့ရတဲ့ အနေအထားကိုကိုင်ထားနိုင်ဖို့ သူတို့ကြိုးစားတယ်လို့ ယူဆပါတယ်။ သူတင်ကိုယ်တင်ညှိရတဲ့အခါမျိုးမှာဆိုရင် ပြန်ပြီးဖိအားပေးနိုင်တဲ့အချက်မျိုးတွေပေါ့နော်။ ”
တရုတ်ဖိအားကြားက အခုလို သိမ်းနိုင်တာရဲ့ ထူးခြားမှုအပေါ် CDM ဗိုလ်မှုးနောင်ရိုးကလည်း အခုလို ထောက်ပြပါတယ်။
“တရုတ်ရဲ့ဖိအားတွေကြားမှာပဲ ဒီလိုစစ်ရေးရလဒ်ကိုတွေ့ရတာ ထူးခြားမှုရှိမယ်လို့ပြောနိုင်ပါတယ်။ တဖက်ကကြည့်မယ်ဆိုရင်လည်း တရုတ်အနေနဲ့ KIA ကိုဖိအားပေးမှုရှိပေမဲ့လည်း တခြားမြောက်ပိုင်းအဖွဲ့တွေလောက်တော့ KIA အပေါ်ဖိအားပေးနိုင်တဲ့အနေအထားမရှိဘူးလို့ မြင်ပါတယ်။ အလားတူ KIA အနေနဲ့ကျတော့လည်း တရုတ်ရဲ့ဖိအားတွေရှိနေပေမဲ့လည်း သူတို့ရည်ရွယ်ထားတဲ့အတိုင်း နိုင်ငံရေး၊ စစ်ရေးတွေဖော်ဆောင်မှုတွေတော့ ပုံမှန်ဆက်တိုက်ဆက်သွားနေတာကို မြင်နေရတယ် ”
ဒီ ကန်ပိုက်တီကို နောက်ဆုံးမှသိမ်းတဲ့ ထူးခြားမှုအပေါ် ကချင်သတင်းဌာန (Kachin News Group) အယ်ဒီတာ လဖိုင်နော်ဒင်းကလည်း အခုလို ရှင်းပြပါတယ်။
“စောစောပိုင်းကလည်း KIA က သိမ်းလို့ရပါတယ်။ ဒါပေမဲ့ တရုတ်တွေရဲ့ ဖိအားတွေ နည်းနည်းများနေတာ၊ အချိန်နည်းနည်းစောင့်ပြီးမှ အခုပြန်သိမ်းလိုက်တဲ့သဘောဖြစ်တယ်။ တရုတ်ရဲ့ဖိအားကတော့ သိပ်ပြီးမှ KIA အပေါ်ထိရောက်မှာတော့မဟုတ်ဘူးလို့ထင်တယ်။ တခြားမြောက်ပိုင်းအဖွဲ့တွေနဲ့ KIA ကမတူဘူး။ တရုတ်ရဲ့ တိုက်ရိုက် အကူအညီကို လက်ခံတာမျိုးလည်းမရှိဘူး။ တရုတ်ရဲ့ဖိအားပေးလာနိုင်တာမျိုးတွေကို သိတော့ ကိုးကန့်လိုမျိုး ဖိအားပေးမခံရအောင် တရုတ်နယ်စပ်လိုမျိုး အရေးပါတဲ့ ကုန်သွယ်ရေးစခန်းကြီးတွေကို သိမ်းတာ၊ ပြောတော့ပြောမှာပဲ တရုတ်က၊ KIA ကတော့ လက်ခံမဲ့ပုံမရှိဘူး”
ဒီ ထူးခြားမူအပေါ် ကချင်ဖက်တိုက်ပွဲတွေကို စောင့်ကြည့်အကဲခတ်နေတဲ့ CDM ဗိုလ်ကြီး ဇင်ယော်ကလည်း အခုလို ထောက်ပြပါတယ်။
“တရုတ်ရဲ့ဖိအားဆိုတာထက် ပေါ်တင်တားမြစ်ချက် ကန်ပိုက်တီကိုလုံးဝမသိမ်းပါနဲ့ နယ်စပ်တလျှောက်မှာလည်း မလုပ်ပါနဲ့လို့ပြောနေတဲ့ကြားထဲကပဲ KIA ကသိမ်းလိုက်ပြီ။ မြောက်ဖျားမှာပေါ့နော်၊ ခေါင်လန်ဖူးဘက်မှာလည်းပဲ တရုတ်နဲ့နယ်ချင်းကပ်နေတာ ၊ နည်းနည်းထူးတယ်၊ လုံးဝဂရုမစိုက်တော့ဘူးပေါ့နော်။”
ဒါပေမဲ့ KIA အနေနဲ့ တရုတ်ပြောလာတာတွေကို ချိန်ညှိုပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်နေတဲ့သဘောတွေ့ရတယ်လို့ လဖိုင်နော်ဒင်းက ဆက်ရှင်းပြပါတယ်။
“တရုတ်ကတော့ KIO ကိုအမြဲတမ်းပြောလေ့ရှိတာပေါ့၊ အဓိကကတော့ အနောက်နိုင်ငံနဲ့မဆက်သွယ်ဖို့၊ NUG နဲ့မဆက်သွယ်ဖို့ အခုနောက်ပိုင်းကျတော့ NUG နဲ့ မဆက်သွယ်ဖို့ မပူးပေါင်းဖို့ဆိုတာတွေက ပြောလေ့ပြောထရှိပါတယ်။ KIO ဘက်ကလည်း အခုနောက်ပိုင်းကျတော့ K3C မှာ ပါဝင်တဲ့ဟာမျိုးမရှိပါဘူး။ နိုင်ငံရေးအရကတော့ KIA က NUG နဲ့ နိုင်ငံရေးဦးဆောင်ပြီးပါတယ်။ အနောက်နိုင်ငံတွေနဲ့ KIO စကားပြောဆက်ဆံတာကိုတော့ ရှောင်ထားတာတွေ့ရတာပေါ့နော်။ တရုတ်တွေသံသယမရှိအောင် တရုတ်အလိုကိုလိုက်လျောတဲ့သဘောတော့ တွေ့ရတာပေါ့နော်။ ဒါပေမဲ့ မြေပြင်အနေအထားမှာက အဲဒီလောက်ထိမဟုတ်ပါဘူး။ ”
တချိန်တည်းမှာ KIA ဖက်က တရုတ်ဖိအားကို ရင်ဆိုင်နိုင်ဖို့ နောက်ထပ်ပြင်ဆင်ထားတာကိုလည်း ဗိုလ်ကြီး ဇင်ယော်က အခုလို ထောက်ပြပါတယ်။
“KIA မှာက ကျွန်တော်တို့သိသလောက်ဆိုရင် ကချင်ပြည်နယ်ထဲမှာပဲ ပါတဲ့ စစ်ကိုင်းတိုင်းနဲ့ အိန္ဒိယနယ်စပ်က တနေရာမှာ လိုင်ဇာလိုမျိုးပဲ စခန်းသစ် ဌာနချုပ်စခန်းကြိုတင်ပြီး ဆောက်ထားတာရှိပါတယ်။ တရုတ်ရဲ့ဖိအားကိုမကြောက်ပဲနဲ့ ရဲရဲတင်းတင်းရှိနေတယ်လို့တော့ ထင်ရပါတယ်”
တရုတ်လိုနိုင်ငံကြီးတွေ လိုအပ်တဲ့ မြေရှားသတ္တုထုတ်လုပ်မှုမှာ အဓိကကျတဲ့ ဒီကချင်အထူးဒေသက ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ဖီမော်တို့ကိုအရင် သိမ်းအပြီး၊ အခုနောက်ဆုံး ကန်ပိုက်တည်ကို ဆက်သိမ်းလိုက်တာကြောင့် ရှေ.ဆက်ဖြစ်လာနိုင်တာကို ဗိုလ်မှုးနောင်ရိုးက အခုလို သုံးသပ်ပြပါတယ်။
“KIA အနေနဲ့ကတော့ တရုတ်နဲ့နယ်စပ်တကြောက ကုန်သွယ်ဂိတ်တွေကိုလည်း အလုံးစုံထိန်းချုပ်ထားနိုင်တဲ့အခြေအနေရှိသွားပြီးဆိုတော့ တရုတ်အနေနဲ့ကျတော့ KIA ကို အလေးပေးဆက်ဆံရမယ့်သဘောတွေပါ ရှိလာလိမ့်မယ်လို့ ထင်ပါတယ်။”
တကယ်တော့ တရုတ်နယ်စပ်ရှိ KIA အပြင်၊ MNDAA ကိုးကန့်တပ်နဲ့ TNLA တအောင်းတပ်အနေနဲ့ တရုတ်ဖိအားထက် ပြည်သူတွေပိုခံနေရတဲ့ လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်ကောင်စီဒဏ်တွေ ဆက်မခံရရေး ဆက်တိုက်သွားဖို့ ပိုအလေးသာနေတယ်လို့ စစ်ရေးစောင့်ကြည့်နေသူတွေက ထောက်ပြနေပါတယ် ခင်ဗျာ။
Your browser doesn’t support HTML5