ဆန္ဒပြဒုက္ခသည် ၃၀ ကျော် မဲဆောက်မှာ အဖမ်းခံရ

မယ်လ ကရင်ဒုက္ခသည်စခန်းက ဒုက္ခသည် များ

ထိုင်း-မြန်မာနယ်စပ် မယ်လ ကရင်ဒုက္ခသည်စခန်းက ဒုက္ခသည် အယောက် ၃၀ ကျော်ဟာ မဲဆောက်မြို့က ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး UNHCR ရုံးရှေ့မှာ ဗုဒ္ဓဟူးနေ့က ဆန္ဒပြ တောင်းဆိုတာကြောင့် အခု မဲဆောက်အချုပ်မှာ အဖမ်းခံထားကြရပါတယ်။ ဒုက္ခသည်တွေက သူတို့ကို တတိယနိုင်ငံတခုခုမှာ ရွှေ့ပြောင်းအခြေစိုက်ရေး လုပ်ဆောင်ပေးဖို့ တောင်းဆိုကြတာဖြစ်ပြီး တာဝန်ရှိသူတွေက ညှိနှိုင်းပြောဆိုပေမယ့် အဆင်မပြေတာကြောင့် အခုလို အဖမ်းခံထားကြရတာပါ။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲက အကြီးဆုံးဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လစခန်းထဲက ဒုက္ခသည် ၃၆ ဦးဟာ စခန်းထဲကနေ မဲဆောက် ကိုထွက်လာပြီး UNHCR ရုံးရှေ့မှာ ဆန္ဒပြ တောင်းဆိုကြတာပါ။

ဒီအခြေအနေနဲ့ပတ်သက်ပြီး ကရင်ဒုက္ခသည်ကော်မတီဥက္ကဌ ဦးရောဘတ်ထွေးက အခုလိုရှင်းပြပါတယ်။

"မဲဆောက် ယူအန်အိတ်စီအာရုံးရှေ့မှာ ဆန္ဒပြတယ် ဘယ်လိုပြလဲဆိုတော့ သူတို့အခွင့်ရေးအတွက် တတိယနိုင်ငံ သွားရရေး အတွက် သွားပြကြတယ် တောင်းဆိုတယ် ပုလိပ်တွေကလည်းလာကြည့်တယ် ယူအန်ကလည်း မလုပ်ပါနဲ့လို့တောင်းပန်တယ် ပုလိပ်တို့စစ်တပ်တို့ကလည်း စခန်းက ပလာ့ (စခန်းအုပ်ချုပ်ရေးတာဝန်ခံ) ကို အကြောင်းကြားတယ် ပလာ့လည်းလာတယ် ပလာ့လည်းရောက်လာတော့ သူတို့ကိုသွားတောင်ပန်တယ် ဒီမှာပြလို့မကောင်းပါဘူး စခန်းထဲမှာပဲသွားပြီး စခန်းထဲမှာ စခန်း လူြ့ကီးတွေလည်းှရှိတယ် စခန်းထဲကိုသွားပြန်ဆွေးနွေးကြမယ်လို့ပြောတယ် သူတိုကအဲဒါကိုလက်မခံဘူး ယူအန်ကလည်း ပြောတယ် သူတို့ကတော့လက်မခံဘူး အဲဒါနဲ့ ပလာ့က ထိုင်းဥပဒေအတိုင်းပဲသွားရတော့မယ်ဆိုပြိး အပ်လိုက်တယ် အဲဒီမှာ လူအားလုံး ၃၆ ယောက်"

အခုအဖမ်းခံရသူအများစုဟာ ဒုက္ခသည်အဖြစ် တရားဝင်မှတ်ပုံတင်ထားတဲ့သူတွေ မဟုတ်ကြဘူးလို့လည်း ဦးရောဘတ်ထွေးက ပြောပါတယ်။

ဒုက္ခသည်တွေ မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေး UNHCR က စခန်းတွေဖွင့်ပြီး လ ုပ်ဆောင်နေချိန်မှာ အခုဒုက္ခသည် တွေက သူတို့ကို တတိယနိုင်ငံပို့ပေးဖို့ တောင်းဆိုကြတာပါ။ ဆန္ဒပြသူတွေထဲမှာ အမျိုးသမီးငယ် ၂၂ ဦး ပါတယ်လို့ ဦးရောဘတ် ထွေးက ပြောပါတယ်။

ထိုင်းဥပဒေချိုးဖောက်မှုနဲ့ သူတို့ကို မဲဆောက်ရဲစခန်းအချုပ်မှာ လက်ရှိထိန်းသိမ်းထားပြိး ယူအန်အိပ်စီအာကတော့ အသက်ငယ် ရွယ်သူတွေအတွက် လူမူရေးအဖွဲအစည်းတွေက အကူညီပေးနိုင်ရေးကြိုးစားနေပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ ဒုက္ခသည်စခန်း ၉ ခုရှိပြိး ဒုက္ခသည်တသိန်းနီးပါးခိုလှုံနေထိုင်နေကြပါတယ်။ မယ်လစခန်းမှာတော့ ဒုက္ခသည် ၄ သောင်းကျော်ခိုလှုံနေထိုင်နေပါတယ်။ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရဆဲဖြစ်တဲ့ ဒုက္ခသည် ထောင်ပေါင်းများစွာဟာ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်လာပြီးတဲ့နောက် နိုင်ငံတကာရဲ့ အာရုံစိုက်မှု လျော့နည်းလာတဲ့အတွက် အကူအညီပေးတာတွေ လျော့နည်းသွားပြီး စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရတာပါ။ သူတို့တွေ နေရပ်ရင်းပြန်ရေး မရေမရာဖြစ်နေဆဲရှိသလို အထောက်အပံ့တွေ ဆက်ရမယ့်အလားအလာကလည်း မှုံဝါးနေပါတယ်။ ဒါ့အပြင် မြန်မာပြည်ကဒုက္ခသည်တွေ သူတို့နိုင်ငံမှာ ရွှေ့ပြောင်း အခြေစိုက်နေထိုင်ဖို့ တတိယနိုင်ငံတွေက ခေါ်ယူတာတွေလည်း မရှိသလောက် နည်းသွားပြီဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဆန္ဒပြဒုက္ခသည် ၃၀ ကျော် မဲဆောက်မှာ အဖမ်းခံရ