သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မယ်လအူး ကရင်ဒုက္ခသည်စခန်း ရေကြီးမြေပြိုပြီး လူ ၈ ဦး သေဆုံး


မယ်လအူး ကရင်ဒုက္ခသည်စခန်း ( Photo- Saw Bwa)
မယ်လအူး ကရင်ဒုက္ခသည်စခန်း ( Photo- Saw Bwa)

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်ထဲက မယ်လအူးကရင်ဒုက္ခသည်စခန်းမှာ မနေ့ညနေပိုင်းအချိန် မိုးသည်းထန် စွာရွာသွန်းပြီး မြေပြိုမှုကြောင့် ကလေးငယ်တဦးအပါအဝင် (၈)ဦးသေဆုံးပြီး (၁၁)ဦးဒဏ်ရာရရှိတယ်လို့ ဒုက္ခသည် ကော်မီတီတွေကပြောပါတယ်။ ရေကြီးမြေပြိုမှုကြောင့် လူနေအိမ်ခြေ ၊ စာသင်ကျောင်းဆေးပေးခန်း ဘာသာရေး အဆောက်အဦး တွေပျက်စီးခဲ့တယ်လို့လဲဆိုပါတယ်။ အခြေအနေအပြည့်အစုံကိုတော့ ဗွီအိုအေထိုင်းအခြေစိုက် သတင်း ထောက်နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

မိုးသည်းထန်ရွာသွန်းပြီးမြေပြိုမှုကြောင့် ထိုင်းမြန်မာနယ်စပ် မယ်လအူးဒုက္ခသည်စခန်းအမှတ် ၁ ရပ်ကွက်မှာ ထိခိုက် သေဆုံးမှု အခြေအနေကိုတော့ ကရင်ဒုက္ခသည်ကော်မီတီပြောရေးဆိုခွင့်ရှိသူ စောဘွယ်ကအခုလိုပြောပါတယ်။

"နောက်ဆုံးအခြေအနေကတော့ အကုန်လုံးလူ(၈)ယောက်ကသေတယ်လို့ဘဲပြောရမှာပေါ့နော်။ (၇)ယောက်က တော့ မြေကြီးပိပြီးတော့ ချောင်းထဲမှာဘဲ ရေထဲမှာဘဲမျောသွားလားမသိဘူး။ (၇)ယောက်ကိုတော့ရှာလို့မတွေ့ဘူး။ ဆက်လက်ပြီးတော့ရှာနေတုန်းဘဲပေါ့နော်။ ရှာလို့မတွေ့ရသေးဘူးပေါ့နော်။ တယောက်ဘဲရှာလို့တွေ့တယ်။ တယောက်ကကလေးလေးဖြစ်နေတယ်လေ။ (၈)ယောက်သေတယ်လို့ပြောလို့ရတယ်လေ။ ဒဏ်ရာရတော့(၁၁) ယောက်ပေါ့နော်။ အခုဆေးရုံမှာတက်နေပါတယ်။"

မနေ့ညနေ(၆)နာရီအချိန်မှာ မိုးသည်းထန်စွာရွာသွန်းပြီးရေကြီးလာသလို မြေပြိုမှုတွေဖြစ်ပွါးခဲ့တာပါ။ တောင်ကျရေကြောင့်မြေပြိုမှုအတွင်းလူနေအိမ်နဲ့ အများပိုင်အဆောက်အဦတွေပြိုကျပျက်စီးခဲ့တယ်လို့ စောဘွယ် က အခုလိုဆက်ပြောပါတယ်။

"အိမ်ကကျတော့ ဒီမြေကြီးအောက်မှာပိသွားတာ ချောင်းထဲမှာပါသွားတာပျောက်သွားတာ(၇)လုံးပေါ့နော်။ လုံးဝကို ပျက်စီးသွား တာ(၆)လုံးပေါ့နော်။ အကုန်လုံး(၁၃)လုံးပေါ့။ အများပိုင်အဆောက်အဦးတွေလဲချို့ ပျက်သွားတာပေါ့နော်။ ဘုရားကျောင်းတို့ ဆေးရုံတို့ စာသင်ကျောင်းတို့ပေါ့နော်။"

မယ်လအူးဒုက္ခသည်စခမ်းမှာ သဘာဝဘေးကြောင့်ထိခိုက်မှုဖြစ်စဉ်တွေကိုတော့ ကရင်ဒုက္ခသည်ကော်မီတီတွေ ထိုင်းဒေသခံအကြီးအကဲတွေ NGOအဖွဲ့အစည်းတွေUNHCRကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး က တာဝန်ရှိသူတွေကနေ လာရောက်ကြည့်ရှုနေပါတယ်။

မယ်လအူးဒုက္ခသည်စခမ်းဟာ ၂၀၀၄ခုနှစ်မှာ စတင်ဖွင့်လှစ်ထားပြီး ကရင်စစ်ဘေးရှောင် ဒုက္ခသည် တသောင်း ကျော်နေထိုင်နေပါတယ်။

ထိုင်းမြန်မာနယ်စပ်တလျှောက်မှာဆိုရင် မယ်လ မယ်ရာမို အုန်းဖျန် နို့ဖိုး ဘန်ဒွန်ယန်း ထမ်းဟင်၊ ကရင်နီ အမှတ် (၁) နှင့် အမှတ်(၂) စတဲ့ ဒုက္ခသည်စခန်း ၉ ခုမှာ ဒုက္ခသည် လူဦးရေ တစ်သိန်းခန့်ရှိနေပါတယ်။

ဒီဒုက္ခသည်စခမ်းအတွက် နှစ်စဉ်ပေးနေကျအကူအညီတွေလျော့ကျနေတယ်လို့ ကရင်ဒုက္ခသည်ကော်မီတီ ပြော ရေးဆိုခွင့်ရှိသူ စောဘွယ်ကပြောပါတယ်။

လက်ရှိမှာ ကရင်အမျိုးသားအစည်းအရုံးKNUနဲ့မြန်မာအစိုးရတို့အကြား အပစ်ရပ်လက်မှတ်ရေးထိုးထားပြီး တိုက်ပွဲ ဖြစ်ပွါးမှုလျော့ကျလာပြီးဖြစ်ပေမဲ့လဲ ဒုက္ခသည်စခမ်းနေသူတွေအနေနဲ့ နေရပ်ရင်းကိုပြန်ဖို့ ခက်ခဲတဲ့အခြေအနေမှာ ရှိနေတယ်လို့ စောဘွယ်ကဆက်ပြောပါတယ်။

"စစ်ပွဲကမရှိဘူး။ ဒါပေမဲ့စခန်းက ရှိနေသေးတယ်။ နှစ်ဖက် တပ်စခန်း တွေက သူပိုင်တယ်။ ငါဦးတယ်ဆိုပြီးတော့ အဲဒီမှာပဲ တပ်စခန်းတွေရှိနေမယ်အခါကျတော့ နိုင်ငံရေးအခြေအနေက ဘယ်တော့မှအဆင်ပြေမယ်ဆိုတာ မသိရ ဘူးလေ။ အခုပြန်ဖို့ကိစ္စကတော့ ပြန်ချင်ပေမဲ့ပြန်လို့မရဘူး။ နောက်ပြီးတော့သူတို့ရဲ့ပြန်ရေးအတွက်မှာ နေစရာ လုပ်ကိုင်စားသောက်စရာ မြေမရှိဘာမရှိ အဲဒီလိုအခက်ခဲရှိတာပေါ့နော်။"

မြန်မာ့နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်နဲ့အတူ နိုင်ငံတကာကနေ ဒုက္ခသည်တွေနဲ့IDPs တွေအတွက် ကူညီ ထောက်ပံ့မှု လျှော့ချလာပြီး အကူအညီရပ်စဲမှုများရှိလာလို့ဒုက္ခသည်တွေရဲ့အနာဂတ်မှာ မသေချာကြောင်း ကရင်ဒုက္ခသည် ကော်မတီတာဝန်ရှိသူတွေကပြောပါတယ်။

မယ်လအူး ကရင်ဒုက္ခသည်စခန်း ရေကြီးမြေပြိုပြီး လူ ၈ ဦး သေဆုံး
please wait

No media source currently available

0:00 0:03:01 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG