ရီပတ်ဘလီကန်ပါတီညီလာခံရဲ့ ဒုတိယနေ့မှာ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို အဓိကထား ပြောဆိုနေကြချိန်မှာပဲ ထရမ့်အပေါ် ထပ်မံလုပ်ကြံမှုဖြစ်လာနိုင်တယ်လို့ ဖက်ဒရယ်လုံခြုံရေးတာဝန်ရှိသူတွေက သတိပေးလိုက်ပါတယ်။
လူဝင်မှုကြီးကြပ်ရေးဟာ သမ္မတဟောင်းထရမ့်ရဲ့ အဓိကနိုင်ငံရေးမူဝါဒဖြစ်သလို ၂၀၁၅ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှာ ရီပတ်ဘလီကန်ပါတီတွင်း အခြေခံအင်အားစု ရရှိစေခဲ့တဲ့ကိစ္စလည်းဖြစ်ပါတယ်။ သမ္မတဟောင်းထရမ့်ရဲ့ အသက်အပေါ် ခြိမ်းခြောက်မှုကတော့ အီရန်ကလာတာဖြစ်ပြီး မကြာမီကဖြစ်ခဲ့တဲ့ လုပ်ကြံမှုနဲ့ အဆက်အစပ်မရှိကြောင်း အမေရိကန်တာဝန်ရှိသူ ၂ ဦးက အေပီသတင်းဌာနကို ပြောကြပါတယ်။
မကြာမီကလုပ်ကြံမှုကြောင့်လည်း တုံ့ပြန်အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နိုင်ကြောင်း ဖက်ဒရယ် လုံခြုံရေးတာဝန်ရှိသူတွေက သတိပေးထားပါတယ်။ ထရမ့်အစိုးရ တာဝန်ရှိသူတွေအပေါ် အီရန်ရဲ့ခြိမ်းခြောက်မှုကို အရင်အစိုးရလက်ထက်ကတည်းက နှစ်ပေါင်းများစွာ စောင့်ကြည့်ခဲ့တယ်လို့ အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ Adrienne Watson က ပြောပါတယ်။
အီရန် အစ္စလာမ်တော်လှန်ရေး အစောင့်တပ်ခေါင်းဆောင် Qassem Soleimani ကို လုပ်ကြံဖို့ ၂၀၂၀ မှာ အဲဒီတုန်းက သမ္မတထရမ့်ကအမိန့်ပေးခဲ့တာကို အီရန်က လက်စားချေလိုတာကြောင့် ခြိမ်းခြောက်တာဖြစ်တယ်လို့ မစ္စဝပ်ဆန်က ပြောပါတယ်။
Your browser doesn’t support HTML5