အောက်လွှတ်တော်ဥက္ကဋ္ဌသစ်နေရာ Steve Scalise ကို ရီပတ်ဘလီကန် အဆိုပြု

ရီပတ်ဘလီကင်ပါတီက အောက်လွှတ်တော်ဥက္ကဋ္ဌသစ်အဖြစ် အဆိုပြုထားတဲ့ Steve Scalise (အောက်တိုဘာ ၁၀၊ ၂၀၂၃)

ပြီးခဲ့တဲ့အပတ်ကဖယ်ရှားခံခဲ့ရတဲ့ အမေရိကန် အောက်လွှတ် တော်ဥက္ကဋ္ဌ Kevin McCarthy နေရာအတွက် Steve Scalise ကို အောက်လွှတ်တော် ရီပတ်ဘလီကန်ကိုယ်စားလှယ်တွေက ဗုဒ္ဓဟူးနေ့မှာ အဆိုပြုလိုက်ပါတယ်။

အောက်လွှတ်တော် တရားရေးကော်မတီဥက္ကဋ္ဌ Jim Jordan နဲ့အတူ သူ့ကို တခါးပိတ်လျှို့ဝှက်မဲပေးခဲ့ကြရာမှာ အောက်လွှတ်တော် ရီပတ်ဘလီကန်အမတ်တွေက Steve Scalise ကို ရွေးချယ်ခဲ့ကြပါတယ်။ အသက် ၅၈ နှစ်အရွယ် အောက်လွှတ်တော်အမတ် Scalise ဟာ ရီပတ်ဘလီကန်ပါတီရဲ့ သက်တမ်းရှည်ပါတီအစဉ် အလာသမားတွေရဲ့ ထောက်ခံမှုကို အဓိက ရထားသူပါ။

ဒါပေမယ့် သူ့ကို အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် တင်မြှောက်ဖို့ကတော့ လွှတ်တော်တခုလုံးမှာ မဲခွဲရမှာဖြစ်ပြီး အောက်လွှတ်တော်မှာ ရီပတ်ဘလီကန်က ၂၂၁ နေရာ၊ ဒီမိုကရက်က ၂၁၂ နေရာနဲ့ ရီပတ်ဘလီကန်က ပွတ်ကာသီကာနေရာအများစုဖြစ်နေတာပါ။ ဒါကြောင့်လည်း Steve Scalise အောက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာဖို့ဆိုတာကတော့ ရီပတ်ဘလီကန်အမတ်တွေကြား တညီတည်းဖြစ်ဖို့တော့ လိုပါတယ်။

သူနဲ့ ပြိုင်အရွေးခံခဲ့တဲ့ အောက်လွှတ်တော်တရားရေးကော်မတီ ဥက္ကဋ္ဌ Jim Jordan အနေနဲ့ Scalise ကို ထောက်ခံမှုပေး မပေး ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။ လတ်တလောအချိန်မှာ အောက်လွှတ်တော်ဥက္ကဋ္ဌနေရာ လစ်လပ်နေတာကြောင့် ယာယီအစိုးရအသုံးစရိတ်ချထားမှု နိုဝင်ဘာလလယ်သက်တမ်းကုန်ရင် အစိုးရလုပ်ငန်းတွေ တပိုင်းတစရပ်ဆိုင်းသွားမယ့်အကျပ်အတည်းရှိနေပါတယ်။

ဒါ့ပြင် ယူကရိန်းအကူအညီပေးရေး အောက်လွှတ်တော်အတည်ပြုပေးရမယ့်ကိစ္စလည်း ကြန့်ကြာနေပါတယ်။

Your browser doesn’t support HTML5

အောက်လွှတ်တော်ဥက္ကဋ္ဌသစ်နေရာ Steve Scalise ကို ရီပတ်ဘလီကန် အဆိုပြု