ဟောင်ကောင်မှာ အဆောက်အဦ မီးလောင်မှုကြောင့် ၅ ဦး သေဆုံး

ဟောင်ကောင်မှာ မီးလောင်တဲ့ အဆောက်အဦကိုတွေ့ရစဉ် (ဧပြီ ၁၀၊ ၂၀၂၄)

ဟောင်ကောင်က အထပ်မြင့် အဆောက်အဦတခုမှာ ဒီကနေ့ မီးလောင်မှု ဖြစ်ပွားရာက လူ ၅ ဦးထက် မနည်း သေဆုံးခဲ့ပါတယ်။ မီးလောင်မှုကြောင့် လူပေါင်း ၃၆ ယောက် ဒဏ်ရာရခဲ့ပြီး၊ ၂၅၀ လောက်ကိုလည်း အရေးပေါ် ကယ်တင်ခဲ့ရတာပါ။

Jordan အရပ်က ၁၆ ထပ် အဆောက်အဦရဲ့ အားကစားလေ့ကျင့်ခန်းနဲ့ လိုင်စင်ရ တည်ခိုခန်းတွေရှိရာ ပထမထပ်နဲ့ ဒုတိယထပ်မှာ မီးလောင်မှု စဖြစ်ခဲ့တာလို့လည်း မီးသတ်ဌာနက ပြောပါတယ်။ သေဆုံးသူတွေဟာ အဆောက်အဦကနေ လွတ်ဖို့ ကြိုးစားရင်း သေဆုံးခဲ့တာလို့လည်း ခန့်မှန်းနေကြပါတယ်။

၁၉၆၄ ခုနှစ်က တည်ဆောက်ခဲ့ပြီး အခန်းပေါင်း ၂၀၀ ရှိတဲ့ New Lucky House အဆောက်အဦမှာ မီးလောင်မှု ဖြစ်ပွားတဲ့ အကြောင်းရင်းကို အသေးစိတ် စုံစမ်းဖို့ လိုသေးတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ မီးလောင်မှုကိုတော့ မီးသတ်သမားတွေက တနာရီလောက်ကြာအောင် ငြိမ်းသတ်ခဲ့ကြရတာပါ။ ဟောင်ကောင် အုပ်ချုပ်ရေးမှူး John Lee ကတော့ သေကျေထိခိုက်သူတွေရဲ့ မိသားစုတွေအတွက် ဝမ်းနည်းစကား ပြောကြားခဲ့ပြီး၊ မီးဘေးသင့်သူတွေအတွက် လိုအပ်တဲ့အကူအညီတွေ ပေးဖို့လည်း ညွှန်ကြားထားပါတယ်။

Your browser doesn’t support HTML5

ဟောင်ကောင်မှာ အဆောက်အဦ မီးလောင်မှုကြောင့် ၅ ဦး သေဆုံး