Reuters သတင်းထောက် ၂ ဦး ဆုတွေထပ်မံချီးမြှင့်ခံရ

အဖမ်းဆီးခံ Reuters သတင်းသမား ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ကို ဇွန်လ ၁၈ ရက် တနင်္လာနေ့က One World Media အဖွဲ့က ဆုချီးမြှင့်လိုက်သလို Society of Publishers in Asia အာရှဒေသတွင်း ထုတ်ဝေသူများအဖွဲ့ SOPA က ကိုဝလုံးအပါအဝင် Reuters သတင်းသမားတွေကို ဆုချီးမြှင့်ခဲ့ပါတယ်။

One World Media က International Journalist of the Year ၂၀၁၈ ခုနှစ် နိုင်ငံတကာ သတင်းသမားဆု ကို ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ချီးမြှင့်ခဲ့တာပါ။ BBC က Fergal Keane, CNN International က Nima Elbagir တို့နဲ့အတူ ရိုက်တားစ် သတင်းဌာနက သူတို့ ၂ ဦးကို ဒီနှစ်အတွက် ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဆုဟာ ဖွံဖြိုးဆဲနိုင်ငံတွေက သတင်းတွေကိုရေးသား ဖေါ်ပြတဲ့ နိုင်ငံတကာသတင်းသမားတွေကို ဂုဏ်ပြုတဲ့ ဆုဖြစ်ပြီး ကမ္ဘာတဝှမ်း တရားမျှတမှုနဲ့ တန်းတူညီမှုရှိရေး မြှင့်တင်ပေးတာနဲ့ ယဉ်ကျေးမှုဆိုင်ရာ နားလည်မှုရှိလာစေဖို့ လုပ်ဆောင်ပေးတဲ့ သတင်းသမားတွေ၊ ရုပ်ရှင်ထုတ်လုပ်သူတွေကို ဂုဏ်ပြုတဲ့ ဆု ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မှာ ကျင်းပတဲ့ One World Media ရဲ့ ဆုချီးမြှုှင့်တဲ့ အခန်းအနားမှာ ဆု အမျိုးစားပေါင်း ၁၄ ခုကို တဆုအတွက် ၃ ဦးစီ ချီးမြှင့်ခဲ့တာဖြစ်ပြီး ဒီနှစ်အတွက် နိုင်ငံပေါင်း ၄၀ က သတင်းသမားတွေကို ချီးမြှင့်ခဲ့တာပါ။

SOPA လို့ခေါ်တဲ့ အာရှဒေသတွင်း ထုတ်ဝေသူများအဖွဲ့ ကတော့ Public Service Journalism လူထုဝန်ဆောင်မှု သတင်းသမားဆုကို ကိုဝလုံး အပါအဝင် ရိုက်တားစ်က သတင်သမား ၈ ဦးကို ချီးမြှင့်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာပြဿနာနဲ့ ပတ်သက်ပြီး သူတို့ ရေးသားခဲ့တဲ့ သတင်းတွေကြောင့် အခုလို ဆုပေးအပ်တာ ဖြစ်ပြီး ကြီးမားလှတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာကို ကမ္ဘာက သိလာအောင် ရဲရဲရင့်ရင့် တင်ပြနိုင်ခဲ့တာကြောင့် ပေးအပ်ခဲ့တယ်လို့ ဆုရွေးချယ်ရေး အဖွဲ့က ပြောပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ စာနယ်ဇင်းပိုင်း ရဲစွမ်းသတ္တိအတွက် ၂၀၁၇ ခုနှစ် James Foley Medill ဆုကိုရရှိခဲ့သလို Pen American သတင်းလွတ်လပ်ခွင့်ဆိုင်ရာအဖွဲ့ရဲ့ Barbey Freedom To Write လွတ်လပ်စွာ သတင်းရေးသားခွင့်ဆိုင်ရာဆု ကိုရခဲ့တာပါ။ ဒါ့အပြင် ရိုက်တာသတင်းဌာနက Baron ဆုချီးမြှင့်ခဲ့သလို အမေရိကန် National Press Club ရဲ့ Aubuchon သတင်းလွတ်လပ်ခွင့်ဆုကိုလည်း သူူတို့ ၂ ဦး ရရှိပါတယ်။

Your browser doesn’t support HTML5

reuters သတင်းထောက် ၂ ဦး ဆုတွေထပ်မံချီးမြှင့်ခံရ