မြန်မာနိုင်ငံမှာ အကျဉ်းကျခံနေရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွှတ်ပေးဖို့ မျှော်လင့်ချက်တွေဆက်ပြီးရှိနေကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့် တိုက်ရိုက်စကားပြောခွင့်ရပြီးနောက်ရိုက်တာသတင်းဌာန အကြီးအကဲတဦးက CNN သတင်းဌာနဲ့ မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။
ထောင်ဒဏ် ၇ နှစ်စီချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ အယူခံလျှောက်ထားချက်ကို ရန်ကုန်တိုင်းတရားရုံးချုပ်ကလည်း အင်္ဂါနေ့က လက်ခံထားပြီဖြစ်ပါတယ်။
မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။
ရိုက်တာသတင်းဌာန ဥက္ကဌလည်းဖြစ် အယ်ဒီတာချုပ်လည်းဖြစ်တဲ့ Stephen Adler နဲ့ CNN သတင်းဌာနက Christiane Amanpour တို့ ဗုဒ္ဓဟူးနေ့ကပြုလုပ်တဲ့ မေးမြန်းခန်းမှာ ရိုက်တာသတင်းဌာနအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ရာမှာ Stephen Adler က အခုလို ဖြေဆိုခဲ့ပါတယ်။
“ကျနော်တို့ သီးသန့်ပြောဆိုခဲ့တဲ့အကြောင်းတွေနဲ့ပတ်သက်လို့ ကျနော်မပြောလိုပါဘူး။ ဒါပေမယ့် လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဆိုတဲ့ မျှော်လင့်ချက်တော့ ကျနော်တို့ ဆက်ပြီးရှိနေပါတယ်။ ဒါကလည်း သူ့နိုင်ငံအတွက် အကျိုးဖြစ်စေတဲ့ကိစ္စပါ။"
ပြီးခဲ့တဲ့ သတင်းပတ်အတွင်း အမေရိကန်ဒုသမ္မတ Mike Pence နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ပြီးနောက် ရိုက်တာသတင်းထောက်နှစ်ဦး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးဖို့ အမေရိကန်ဒုသမ္မတက တိုက်တွန်းခဲ့ပြီးနောက် ထူးခြားချက်အဖြစ် အခုလို ရိုက်တာသတင်းဌာနနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တိုက်ရိုက် စကားပြောဖြစ်တဲ့အကြောင်း သိရှိခဲ့တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အစိုးရ လုပ်ပိုင်ခွင့်ထဲ ရောက်လာပြီဖြစ်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ပေးလိုက်ခြင်းအားဖြင့် ရိုက်တာသတင်းထောက်တွေအတွက်သာမကပဲ ဒေါ်အောင်ဆန်းစုကြည်အတွက်ရော၊ နိုင်ငံအတွက်ပါ အကျိုးရှိမှာဖြစ်တယ်လို့လည်း Stephen Adler ကပြောပါတယ်။
“ကျနော်တို့ အမှန်တကယ်ဖြစ်စေချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည် လက်ထဲမှာရှိနေတဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ဖြစ်ပါတယ်။ ဒီလွတ်ငြိမ်းချမ်းသာခွင့်ကိုလည်း သူအနေနဲ့ချက်ချင်းပေးနိုင်ပါတယ်။ ဖမ်ဆီးထိန်းသိမ်းခံထားရတဲ့ တနှစ်နီးပါးရှိလာပြီဖြစ်တဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို အမြန်ဆုံး လွှတ်ပေးစေချင်ပါတယ်။ သူတို့မှာ အပြစ်လုံးဝမရှိပါဘူး။ အမှုကို တရားရုံးမှာကြားနာစစ်ဆေးစဉ် တလျှောက်လုံးစောင့်ကြည့်လေ့လာခဲ့သူတိုင်း သိနေတာက သူတို့နှစ်ယောက်ကို အာဏာပိုင်တွေဘက်က အကွက်ဆင်ဖမ်းဆီးခဲ့တာဖြစ်တယ်၊ နောက်ပြီး ဒီသတင်းထောက်နှစ်ယောက်ဟာ သူတို့အလုပ်ကို သူတို့လုပ်တာသာဖြစ်တယ် ဆိုတာကို အသိအမှတ်ပြုကြပါတယ်။”
ပြည်ထောင်စုရှေ့နေများအသင်းနဲ့ ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဌ ရှေ့နေကြီး ဦးကြီးမြင့်ကလည်း ရိုက်တာသတင်းထောက်တွေနှစ်ဦး ထောင်ချခံထားရတဲ့ကိစ္စမှာ သမ္မတက ကြားဝင်ပြီးတော့ လွတ်ငြိမ်းခွင့် အချိန်မရွေးပေးနိုင်ကြောင်း ဗွီအိုအေကို အခုလို ရှင်းပြခဲ့ပါတယ်။
“သမ္မတက အချိန်မရွေး လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်ပါတယ်။ ပေးခဲ့တဲ့ သာဓကပေါင်းမြောက်မြားစွာလည်း ရှိပါတယ်။ အများကြီးလည်း ဦးသိန်းစိန်လက်ထက်မှာ လွှတ်ပေးခဲ့ပါတယ်။ အဲဒီလို သမ္မတရဲ့ အာဏာရှိပါတယ်။ တရားစီရင်နေဆဲ အမှုတွေတောင် လွှတ်ပြစ်လို့ နောက်ကျတော့ သူတို့က ဘရိတ် အုပ်ရတယ်။ အဲဒါတွေက အုပ်ချုပ်ရေးက ဝင်စွတ်ဖက်သလို ဖြစ်နေပြီဆိုက ဘရိတ် အုပ်ပါတယ်။ ဒါကြောင့် တရားစီရင်နေဆဲအမှုမှအပ စီရင်ချက်ချပြီးတဲ့ ဘယ်အမှုမဆို သမ္မတက အာဏာရှိပါတယ်။ လွှတ်ပေးနိုင်ပါတယ်။ ဒါက အတိအကျပါ။”
အခု ရိုက်တာသတင်းထောက်နှစ်ဦး အကျဉ်းကျခံနေရတဲ့ ဖြစ်စဉ်ကိုကြည့်ရင်- ရခိုင်ပြည်နယ်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ မွတ်စလင် ၁၀ ဦးနဲ့ ပတ်သက်တဲ့ သတင်းကို သူတို့နှစ်ဦး စုံစမ်း ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီလူတွေ အသတ်မခံရခင် ဖမ်းဆီးထားတဲ့ ဓါတ်ပုံရော၊ သူတို့ကို ဓါးနဲ့ခုတ်၊ သေနတ်နဲ့ ပစ်သတ်ပြီး အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ အလောင်းတွေရဲ့ ဓါတ်ပုံတွေကိုပါ ရိုက်တာသတင်းထောက်တွေက ရရှိခဲ့တာပါ။
ဒီလို အထောက်အထားဓါတ်ပုံတွေနဲ့ သတင်းအချက်အလက်တွေရရှိထားတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦးကို မြန်မာအာဏာပိုင်တွေဘက်က ဖမ်းဆီးခဲ့ပြီး သတင်းမထုတ်ပြန်နိုင်အောင် တားဆီးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ရိုက်တာသတင်းဌာနက ရရှိထားပြီးသားအချက်အလက်တွေကို သတင်းဆောင်းပါးအဖြစ် ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ဒီအချက်အလက်တွေ မှန်ကန်ကြောင်းသက်သေတွေကတော့ ပြစ်မှုကျူးလွန်မှုမှာ တာဝန်ရှိတဲ့ လုံခြုံရေးနဲ့ ရဲ တပ်ဖွဲ့ဝင်တွေကို မြန်မာစစ်တပ်နဲ့ အစိုးရကိုယ်တိုင် ဖမ်းဆီးထောင်ချခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် အကျဉ်းကျခံနေရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကိုလွှတ်ပေးခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရော၊ သူအုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံ အနေနဲ့ရော ဒီမိုကရေစီစနစ်ကို ယုံကြည်လေးစားမှုရှိတယ်ဆိုတာ ပြသရာရောက်တယ်လို့ Stephen Adler က CNN နဲ့ မေးမြန်းခန်းမှာ ပြောသွားပါတယ်။
Your browser doesn’t support HTML5