ရိုဟင်ဂျာစခန်းက ကုရ်ဘာနီအိဒ်ပွဲတော်

ရိုဟင်ဂျာစခန်းက ကုရ်ဘာနီအိဒ်ပွဲတော်

ဘင်္ဂလားဒေရှ့် နိုင်ငံမှာ ခိုလှုံနေကြရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဒီကနေ့ ကျရောက်တဲ့ မူဆလင်တို့ရဲ့ ကုရ်ဘာနီအိဒ်နေ့ကို ဆင်နွှဲကြပါတယ်။ ဌာနေပြန်ခွင့်ရရေး အတွက် ဆုတောင်းခဲ့ကြသလို ဒုက္ခသည်တွေကို လက်ခံ ကူညီထားတဲ့ ဘင်္ဂလားဒေရှ့် ပြည်သူတွေ အတွက်လည်း ဆုတောင်းခဲ့ကြပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ဒီကနေ့ ကျရောက်တဲ့ မူဆလင်တို့ရဲ့ ကုဘာနီအိဒ်နေ့မှာ ကမ္ဘာတလွှား အစ္စလာမ် ဘာသာဝင်တွေ နည်းတူ ဘင်္ဂလားဒေရှ့် နိုင်ငံမှာ ခိုလှုံနေကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေလည်း သူတို့ စခန်းတွေထဲမှာ ဆင်နွှဲခဲ့ကြပါတယ်။ ဘင်္ဂလားဒေရှ့် နိုင်ငံမှာ အရင်ကတည်းက ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းအတွင်း မွေးဖွားကြီးပြင်းခဲ့သူ အသက် ၁၆ နှစ် အရွယ် Mohammad Jasim ကတော့ ဒီနှစ် အိဒ်ပွဲတော်မှာ ဆွေမျိုးတွေ စုံလို့ ပျော်ရွှင်နေသူပါ။

"ဒီနှစ် အိဒ် ပွဲတော်က အရင်နှစ်တွေကထက် ကောင်းပါတယ်။ ဆွေမျိုးတွေ အားလုံး ဒီမှာ စုံကြပါတယ်။ ပျော်စရာ ကောင်းပါတယ်။"

ဒုက္ခသည် စခန်းတွေထဲမှာ အဖြစ်ဆောက်ထားတဲ့ ဗလီတွေမှာ ဝတ်ပြု ဆုတောင်းသူတွေနဲ့ ပြည့်နေသလို အဝတ်အစားသစ်တွေနဲ့ ကလေးငယ်တွေ အတွက်လည်း ပျော်ပွဲရွှင်ပွဲတွေ ရှိနေတာပါ။

ဌာနေပြန်နိုင်ရေး အတွက် ဆုတောင်းနေကြသလို တချို့ကတော့ ဒုက္ခသည် စခန်းတွင်းမှာ အိဒ်ပွဲတော်ကို ဖြစ်သလို ကျင်းပရတဲ့ အပေါ် စိတ်မသက်မသာ ဖြစ်နေကြပါတယ်။ ဒုက္ခသည် တဦး ဖြစ်တဲ့ Mohammad Anos ကတော့ အခုလို ပြောပါတယ်။

"အိဒ်ပွဲတော် ကျင်းပနိုင်ဖို့၊ အမဲပေါ်နိုင်ဖို့ အတွက် ဒေသ အာဏာပိုင်တွေကို ငွေကြေး ပေးရပါတယ်။ ဒီလို အခက်အခဲတွေ ရှိပေမယ့် ကိုယ့်နိုင်ငံမှာဆိုတော့ အိဒ်ပွဲတော်က အေးအေး ချမ်းချမ်း အဆင်ပြေလေ့ ရှိပါတယ်။ အခုတော့ သူများနိုင်ငံမှာ ရောက်နေပြီး ကျနော်တို့ ပိုင်ဆိုင်သမျှနဲ့ ကျနော်တို့ပိုင် မြေက ကိုယ့်နိုင်ငံမှာ။ အခုတော့ သူများနိုင်ငံမှာ လာနေရတာဆိုတော့ နင်းထားတဲ့ မြေတောင် မပိုင်ပါဘူး။ ဆိုတော့ အိဒ်ပွဲတော်က အိဒ်နဲ့တောင် မတူပါဘူး။ အားလုံးက ပူဆွေးနေကြရပါတယ်။ ဒါက ဒီက အိဒ်ပွဲတော်နဲ့ ကိုယ့်နိုင်ငံက အိဒ်ပွဲတော် မတူတာတွေ အများကြီးပါ။"

ပြီးခဲ့တဲ့နှစ် သြဂုတ်လကုန်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း လုံခြုံရေး ကင်းစခန်းတွေ တချိန်တည်း တပြိုင်တည်း တိုက်ခိုက်ခံရပြီးနောက်ပိုင်း မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ချက်တွေကြောင့် ဘင်္ဂလားဒေရှ့်ဘက်ကို ဒုက္ခသည် သိန်းနဲ့ချီ ထွက်ပြေးခဲ့ကြရတာ အခုဆိုရင် တနှစ် ပြည့်ခဲ့ပြီး ဖြစ်ပါတယ်။ ဒုက္ခသည်တွေ ဌာနေပြန်နိုင်ရေး အတွက် မြန်မာနဲ့ ဘင်္ဂလားဒေရှ့်၊ ကုလသမဂ္ဂတို့ကြား သဘောတူထားပေမယ်လို့လည်း အခုအချိန်ထိ အလုပ်မဖြစ်သေးပါဘူး။ တိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်တွေကတော့ ဌာနေပြန်နိုင်ရေး အတွက် အလ္လာအရှင်မြတ်ထံ ဆုတောင်းခဲ့ကြပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည် တဦး ဖြစ်တဲ့ Mohammad Masan ကတော့ ဌာနေပြန်နိုင်ရေး မျှော်လင့်ချက်ကို အခုလို ပြောပါတယ်။

"အလ္လာ အရှင်မြတ်က ကျနော်တို့ကို ကိုယ့်နိုင်ငံကို ပြန်လည် ခေါ်ဆောင်ပေးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်၊ နောက် နိုင်ငံအတွက် ကျနော် ဆုတောင်းခဲ့ပါတယ်။ နောက် ဒီမှာ ကျနော်တို့ကို လက်ခံပြီး ကူညီခဲ့ကြသူတွေ အတွက်လည်း ဆုတောင်းခဲ့ပါတယ်။"

ဌာနေပြန်နိုင်ရေး အတွက် ဒုက္ခသည်တွေ မျှော်လင့်နေပေမယ်လို့လည်း ရခိုင်ပြည်နယ်တွင်း သွားရောက်ခဲ့ကြတဲ့ ကုသမဂ္ဂ တာဝန်ရှိသူတွေကတော့ ဒုက္ခသည်တွေ ပြန်လာနိုင်တဲ့ အခြေအနေမျိုး မရှိသေးဘူးလို့ ပြောဆိုထားပါတယ်။ ဒုက္ခသည်တွေဘက်က တောင်းဆိုနေကြတဲ့ နိုင်ငံသားဖြစ်ခွင့်နဲ့ လုံခြုံရေး အာမခံချက်တို့ကလည်း ရဖို့ မသေချာပါဘူး။ မြန်မာ အစိုးရဘက်က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံသလို နိုင်ငံသား ဖြစ်ရေးကလည်း တည်ဆဲ ဥပဒေတွေ အတိုင်းသာ ဆောင်ရွက်ရမယ်လို့ ယတိပြတ် ပြောဆိုထားတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာစခန်းက ကုရ်ဘာနီအိဒ်ပွဲတော်