ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ရိုဟင်ဂျာမူဆလင်ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာ ဒီသီတင်းပတ်ဆို တနှစ်ပြည့်ပါတော့မယ်။ ARSA အကြမ်းဖက်သမားတွေက လုံခြုံရေးကင်းစခန်းတွေကို တိုက်ခိုက်ခဲ့လို့ နယ်မြေရှင်းလင်းရေးလုပ်တဲ့ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့်ရှ်နိုင်ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ ရိုဟင်ဂျာဒုက္ခသည်အရေး နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ သတင်းထောက် Steve Sandford က ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazaar ကနေ VOA အတွက်သတင်းပေးပို့ထားပါတယ်။ ဒေါ်ခင်စိုးဝင်းက ပြောပြပေးမှာပါ။
သိန်းသောင်းချီတဲ့ ရိုဟင်ဂျာမူဆလင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို စပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာ တနှစ်ရှိသွားပါပြီ။
အခုအခြေအနေကတော့ တွေ့ရတဲ့အတိုင်းပါဘဲ။ ရေကြီးမြေပြိုတာတွေ အလွယ်တကူဖြစ်လေ့ရှိတဲ့ နေရာတွေက စခန်းတွေမှာ ဒုက္ခသည် ၇ သိန်းကျော် ကျပ်ကျပ်တည်းတည်း ပြွတ်သိပ်နေကြရပါတယ်။
ဒီလို စိတ်ပျက်စရာကောင်းတဲ့အခြေအနေမှာတောင် အပတ်စဉ် နောက်ထပ် ဒုက္ခသည်အသစ်တွေရောက်နေကြဆဲဘဲလို့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးပြောခွင့်ရသူ Carolyn Gluck ကပြောပါတယ်။
“မြန်မာနိုင်ငံကနေ မိသားစုလိုက် ဘင်္ဂလားဒေ့်ရှ်ဘက်ကို လာနေကြဆဲပါဘဲ။ သူတို့တွေဟာ လုံခြုံမှုအတွက် အကာအကွယ်ရအောင် ဒီဘက်ကို တိမ်းရှောင်လာကြတာပါ။ အခုအချိန်ထိ ဒုက္ခသည်အသစ်တွေ ထပ်ရောက်တာဟာ ဒီမှာရှိနေတဲ့ ဒုက္ခသည်တွေအတွက် မြန်မာနိုင်ငံကိုပြန်ဖို့ စိတ်မချရသေးဘူးဆိုတဲ့ အချက်ပြသလိုဖြစ်နေပါတယ်။ ဘင်္ဂလားဒေ့်ရှ်အစိုးရက ဒုက္ခသည်တွေကို အတင်းအကျပ်နေရာပြောင်းတာ၊ ပြန်ပို့တာတွေမလုပ်ဘူးလို့ စဉ်းစားပေးနေတဲ့အတွက် ကျမတို့ကကျေးဇူးတင်ပါတယ်။ ဒါဟာ မြန်မာအစိုးရရဲ့ ဒုက္ခသည်တွေနေရပ်ရင်းပြန်နိုင်ရေးလုပ်ငန်းစဉ်မှာ ဖေါ်ပြထားတဲ့မူလည်းဖြစ်ပါတယ်။ “
ရခိုင်ပြည်နယ်တွင်းရှိနေဆဲဖြစ်တဲ့ ရိုဟင်ဂျာတွေအပေါ် တင်းကျပ်တဲ့ကန့်သတ်ချက်တွေနဲ့ တားဆီးပိတ်ပင်နေဆဲဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အစီရင်ခံစာတွေမှာ ဖေါ်ပြထားပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း အဲဒီနေရာတွေ သွားလာခွင့်မပြုဘူးလို့ဆိုပါတယ်။
မြန်မာအစိုးရက ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖေါက်တာတွေ၊ ပြစ်မှုတွေအတွက် တတိယမြောက် စုံးစမ်းစစ်ရေးကော်မရှင်ထပ်ဖွဲ့လိုက်တာနဲ့ ပတ်သက်လို့ အလုပ်ဖြစ်မှာမဟုတ်ဘဲ၊ နံမည်ပျက်ဖို့ ပိုများတယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်တဲ့အဖွဲ့ ပြောခွင့်ရသူ Phil Robertson ကပြောပါတယ်။
“ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ကျူးလွန်ခဲ့တဲ့ ရက်စက်တဲ့ပြစ်မှုတွေအတွက် မှန်မှန်ကန်ကန် တာဝန်ခံမှုကို ကျနော်တို့တွေ့လိုတာဖြစ်ပါတယ်။ နောက်ဆုံး ဒီလိုတာဝန်ခံမှုတခုခုသာ ရှိခဲ့မယ်ဆိုရင် ရခိုင်ပြည်နယ်အခြေအနေအတွက်တင်မကပါဘူး တနိုင်ငံလုံးအတွက်ပါ အကျိုးရှိမှာဖြစ်ပါတယ်။”
နှိပ်ကွပ်ခံခဲ့ရသူတွေက တရားမျှတမှုကိုစောင့်ဆိုင်းနေကြချိန်မှာ ဒုက္ခသည်စခန်းက ခေါင်းဆောင် လူကြီးတွေက သူတို့ကံကြမ္မာနဲ့ ပတ်သက်လို့ အစိုးရတွေရဲ့ ဆွေးနွေးမှုတွေမှာ သူတို့ဆန္ဒတွေကြားသိနိုင်အောင် အားထုတ်နေကြပါတယ်။ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရိုဟင်ဂျာ အသိုင်းအဝိုင်းရဲ့ခေါင်းဆောင် Mohib Bullah က သူတို့ဟာ မြန်မာနိုင်ငံသားတွေအဖြစ်သက်သေပြဖို့ အထောက်အထားတွေ စုစည်းနေပြီး၊ သေဆုံးသူ တသောင်းကျော်ကိုလည်း မှတ်တမ်းတင်စာရင်းပြုစုနေတယ်လို့ ပြောပါတယ်။
“မြန်မာအစိုးရကိုရော၊ နိုင်ငံတကာအသိုင်းအဝိုင်းကိုပါ ကျနော်တို့ဟာ မြန်မာပြည်က ရိုဟင်ဂျာတွေပါဆိုတာ ပြသနိုင်ဖို့ စာရင်းပြုစုနေပါတယ်။ အကြမ်းဖက်နှိပ်ကွပ်မှုတွေနဲ့ ပတ်သက်လို့ ICC နိုင်ငံတကာပြစ်မှုခုံရုံးတင်နိုင်ဖို့ စာရင်းပြုစု မှတ်တမ်းတင်နေပါတယ်။ ဒီလို မှတ်တမ်းတွေမတင်ပြနိုင်ရင်တော့ အောင်မြင်မှမဟုတ်ပါဘူး။ စာရင်းဇယားကအရေးကြီးပါတယ်။”
မြန်မာအစိုးရက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ်မပြုပေမဲ့ ဒုက္ခသည်နေရပ် ရင်းပြန်ရေး ဆွေးနွေးတာတွေကတော ဆက်လုပ်ကြနေကြဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေ စိတ်ချလက်ချပြန်နိုင်မယ့် လက္ခဏာ မတွေ့ရသေးပါဘူးတဲ့။ ရိုဟင်ဂျာ မူဆလင်တွေအနေနဲ့ ရှေ့ခရီးဆက်ရမယ့်ခရီးမှာ ဒုက္ခတွေနဲ့ ရင်ဆိုင်ရဖို့များတယ်လို့ Cox’s Bazaar ကနေ Steve Sanford က သတင်းပေးပို့ ထားပါတယ်။
Your browser doesn’t support HTML5