ရိုဟင်ဂျာဒုက္ခသည် နေရပ်ပြန် လုံခြုံမှုရရေးပဲ လိုလား

Bhasan Char ကျွန်း

ဘင်္ဂလားဒေ့ရှ်အစိုးရက လာမယ့် ဧပြီလလောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပင်လယ်ဝက Bhasan Char ကျွန်းကို ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြောင်းရွှေ့ နေရာချမယ့် ကိစ္စဟာ သူတို့အတွက် ရေဘေးအန္တရာယ် ရှိနိုင်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေဘက်က လုံးဝ လက်မခံဘူးလို့ ပြောဆိုလိုက်ပါတယ်။ စခန်း တာဝန်ရှိသူတွေဘက်က အတင်းအဓမ္မ ပြောင်းရွှေ့ပေးမှာကို မလိုလားသလို ဖြစ်နိုင်ရင်တော့ သူတို့မြန်မာနိုင်ငံကိုပဲ ဘေးအန္တရာယ် ကင်းကင်းနဲ့ ပြန်ချင်ကြတယ်လို့လည်း ပြောပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က ဆက်ပြောပြပေးပါမယ်။

ပြီးခဲ့တဲ့၂၀၁၇ သြဂုတ်လကုန်ပိုင်းတုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းက နယ်စပ်ရဲလုံခြုံရေး ကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ လက်နက်ကိုင် တပ်ဖွဲ့ကို စစ်တပ်နဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက နယ်မြေအတွင်း လိုက်လံ ရှင်းလင်းရာမှာတော့ အသက်အန္တရာယ် စိုးရိမ်ရလို့ သိန်းချီတဲ့ ရိုဟင်ဂျာ မူဆလင်တွေဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို တိမ်းရှောင် ထွက်ပြေးခဲ့ကြရတာပါ။

ဘေးကင်းလုံခြုံစွာနဲ့ သူတို့ဆန္ဒအလျောက် ဒုက္ခသည်တွေ နေရပ်ရင်းပြန်နိုင်ရေးကုလသမဂ္ဂ၊ နိုင်ငံတကာအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က မြန်မာနိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်နေပေမဲ့လို့ နိုင်ငံသား အခွင့်အရေးအပါအဝင် အခြေခံ လူ့အခွင့်အရေးတွေ၊ သူတို့ ဘေးကင်းလုံခြုံရေးတွေအတွက် စိုးရိမ်ချက်တွေ ရှိနေဆဲမို့ နေရပ်ပြန်ရေး အစီအစဉ်တွေက နှောင့်နှေးနေဆဲ ဖြစ်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်မခံတဲ့ မြန်မာအစိုးရဘက်ကတော့ သူတို့ဘက်က ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အဆင်သင့်ပဲလို့ ဆိုထားပေမဲ့ တကယ်လက်တွေ့မှာ ဒုက္ခသည်တွေ နေရပ်ပြန်အခြေချရေး အကောင်အထည် မပေါ်နိုင်သေးတဲ့ အနေအထား ရောက်နေတာပါ။ ဒီလိုအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းကျော်အတွက် နေထိုင်စားသောက်ရေး ပိုအဆင်ပြေစေအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Bhasan Char ကျွန်းကို ရိုဟင်ဂျာ ဒုက္ခသည်တချို့ကို ပြောင်းရွှေ့နေရာချဖို့ စီစဉ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ပြောပါတယ်။

သက်နုကျွန်း တကျွန်းဖြစ်သလို ရေတက်လာချိန် ပင်လယ်တွင်း ရေနှစ်မြှုပ်နိုင်တာ မုန်တိုင်းဘေးအန္တရာယ်တွေ ကြုံရနိုင်တဲ့အတွက် အသက်အန္တရာယ်ဘေး စိုးရိမ်ကြလို့ ဒုက္ခသည်တွေက ဘယ်သူမှ မသွားလိုကြဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီး ဘာလုခါလီ ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာ ဒုက္ခသည် ဦးအီစလံက ပြောပါတယ်။

"Bhasan Char ကျွန်း ကိစ္စကို ဘင်္ဂလားဒေ့ရှ် အစိုးရက လာမယ့် ဧပြီလ ၁၅ ရက်နေ့လောက်မှာ ဆိုရင် သူတို့က ကျွန်းပြောင်းဖို့ အစီအစဉ်လုပ်မယ်လို့ သူတို့က ဖော်ပြတာ ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာပေါ့လေ။ ဒါပေမဲ့ ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေက မပြောင်းချင်ပါဘူး။ ဘာကြောင့်လည်းဆိုရင် အဲ့ဒီကျွန်းက ပင်လယ်ရေရဲ့ အလယ်ဗဟိုမှာ ကျတယ်ဆိုတော့ မုန်တိုင်းတိုက်လို့ရှိရင် ဆူနာမီတွေ ဘာတွေ ဖြစ်ပေါ်လာမယ်ဆိုရင် အသက် အန္တရာယ် ရှိနိုင်တဲ့အတွက်ကြောင့် ကျနော်တို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက အဲ့ဒီကျွန်းကို သွားဖို့အတွက်က အလွန်စိုးရိမ်ပါတယ်။

အခုကတော့ သူတို့က ဒုက္ခသည် စခန်းက လူကြီးတွေကတော့ ဒုက္ခသည်တွေကို အဲ့ဒီကျွန်းကတော့ သွားတော့ သွားရမယ်။ မသွားလို့မရဘူး အဲ့လိုတော့ပြောတယ်။ မိမိဆန္ဒအလျောက်နဲ့ အဲ့ဒီကျွန်းကို သွားမယ်ဆိုရင် ခင်ဗျားတို့ ရိက္ခာ အထောက်အပံ့စားစရာတွေ ပြည့်ပြည့်စုံစုံပေးမယ်။ နောက်တခြား ကျနော်တို့ လိုအပ်တာတွေကို ဘင်္ဂလားဒေ့ရှ် အစိုးရဘက်ကရော တခြား NGO တွေဘက်က ကူညီဆောင်ရွက်သွားမယ်လို့ အဲ့လိုတိုက်တွန်းတာ ရှိတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေကတော့ တဦးတယောက်ကတော့ သွားဖို့ဆိုတာ ဆန္ဒမရှိဘူး ဆိုတာ တွေ့ရပါတယ်။"

ဒုက္ခသည် စခန်းတွေကနေ အတင်း အဓမ္မပြောင်းရွှေ့ဖို့ ဖိအားပေးလာမယ် ဆိုရင်တော့ ရိုဟင်ဂျာဒုက္ခသည်တွေဘက်က ဆန္ဒသဘောထားတွေကို ဒုက္ခသည် စခန်းတာဝန်ရှိသူတွေ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကနေ တဆင့် ဘင်္ဂလားဒေ့ရှ် အစိုးရကို တောင်းဆိုသွားမယ်လို့လည်း ရိုဟင်ဂျာဒုက္ခသည် ဦးမျိုးသန့်ကပြောပါတယ်။

"သူတို့က အတင်းပို့မယ်ဆိုရင် ကျနော်တို့ဘက်က တတ်နိုင်သလောက် သူတို့ ဆွေးနွေးဖို့ ကျနော်တို့ဒီမှာ ဒုက္ခသည် ကော်မတီရှိတယ်၊ ပြီးတော့ ဒီမှာ ဒုက္ခသည် စခန်းတိုင်းရဲ့ ခေါင်းဆောင်လည်းရှိတယ်။ သူတို့ ဒီ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ဆွေးနွေးမယ်။ ဆွေးနွေးပြီးတော့ သူတို့ အဆင်မပြေရင် တတ်နိုင်သလောက် ရှောင်နိုင်မယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် အဲ့မှာ ဒုက္ခသည်တယောက်မှ အဲ့မှာ မသွားချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ ကျွန်းမှာ ဘ၀ အာမခံချက်မရှိဘူး။ သူတို့ ပြောတာက အဲ့ဒါက Floating island ပဲ။ အဲ့ဒါကြောင့်မို့ ဒုက္ခသည်တယောက်မှ မသွားချင်ဘူး။"

လတ်တလောမှာတော့ ဒုက္ခသည် စခန်းတွေမှာ သိန်းချီတဲ့ ရိုဟင်ဂျာမူဆလင်တွေဟာ စုဝေးနေထိုင်နေကြရပြီး ရာသီဥတု ပူပြင်းတဲ့ဒဏ်၊ မိုးရွာသွန်းချိန် မြေပြိုကျမယ့် အန္တရာယ်စတာတွေကိုလည်း စိုးရိမ်နေကြတာပါ။

ဒုက္ခသည်တွေထဲက တချို့ကတော့ မြန်မာနိုင်ငံက သူတို့အတွက် လုံခြုံရေးအာမခံချက် မပေးနိုင်ဘူးဆိုရင် ဒီကျွန်းပေါ်မှာ သွားနေပါမယ်လို့ပြောပေမဲ့လို့ ဦးအီစလံတို့လို ရိုဟင်ဂျာဒုက္ခသည်တွေကတော့ ဘေးအန္တရာယ် ကင်းကင်းနဲ့ သူတို့မြန်မာနိုင်ငံပြန်ရေးအတွက် ဆောင်ရွက်ပေးစေချင်တယ်လို့ ပြောပါတယ်။

"အဲ့ဒါကြောင့်မို့ ကျနော်တို့ ဒုက္ခသည်တွေက အဲ့ဒီကျွန်းကို သွားမယ်ဆိုရင် အလွန်စိုးရိမ်ပါတယ်။ ကျနော်တို့က နိုင်ငံတကာနဲ့ ကုလသမ္မဂ အဖွဲ့အစည်းကို ကျနော်တို့က ဒါပဲ ကျနော်တို့ တောင်းဆိုချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် ကျနော်တို့ရဲ့ အခွင့်အရေးနဲ့ နောက်လုံခြုံရေးအစီအမံနဲ့ ကျနောတို့ရဲ့ မိမိနိုင်ငံကို ပြန်သွားချင်တဲ့ ဆန္ဒကတော့ ကျနော်တို့မှာ အများကြီးရှိပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စလှယ် မစ်ရန်ဟီးလီ မှာလည်း ကျနော်တို့ သူတို့ ဆွေးနွေးပွဲမှာ သူကို တင်ပြတာရှိတယ်။ သူကိုယ်တိုင်ကတော့ အဲ့ဒီကျွန်းကို သွားရောက်ပြီးတော့ လေ့လာခဲ့တာလည်း ရှိပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေရဲ့ ဆန္ဒကတော့ အဲ့ဒီကို သွားဖို့ဆန္ဒကတော့ လုံး၀ မရှိတာတွေ့ရပါတယ်။"

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည် စခန်းတွေ လာရောက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ရန်ဟီးလီ ကိုယ်တိုင် ဒီကျွန်းကို သွားကြည့်ခဲ့ပြီး ဒီကျွန်းဟာ လူနေဖို့သင့်တော်လို့ မယူဆဘူးလို့ ဆိုထားပါတယ်။ အလားတူပဲ အဲဒီကျွန်းကို ရောက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် သတင်းထောက် တယောက်က ဖောက်ထားတဲ့ လမ်းတချို့တောင် ရေတက်လာရင် ရေအောက် ရောက်သွားပြီး ကျွန်းဟာ လူနေဖို့ မသင့်ဘူးလို့ ဆိုပါတယ်။ အခုအခါမှာ ရိုဟင်ဂျာ ဒုက္ခသည်အများစုတော့ ဒီကျွန်းပေါ်ကို မပြောင်းချင်ဘဲ အတင်းအဓမ္မ ပြောင်းခိုင်းရင် ဆန္ဒပြမယ်လို့ ပြောနေပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း ဘယ်သူတွေ ဘာပဲ ပြောနေနေ ဒီကျွန်းပေါ် ဒုက္ခသည်တွေ ရွှေ့ပြောင်းနေရာ ချထားရေးအတွက် ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ ပြောထားတာပါ။

Bhashan Char ကျွန်းဟာ လွန်ခဲ့တဲ့ နှစ်(၂၀) ကမှ MEGHNA မြစ်ဝမှာ နုန်းအနယ်ကျပြီးပေါ်လာတဲ့ ကျွန်းဖြစ်ပါတယ်။ အခုထိလည်း ရေတက်ချိန်ဆိုရင် ကျွန်းရဲ့ နေရာတချို့ဟာ ရေအောက်မြှုပ်နေတာပါ။ အဲဒီကျွန်းတွေပေါ်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရက အဆောက်အအုံပေါင်း ၁၅၀၀နီးပါး ဆောက်လုပ်ထားပြီး အဲဒီမှာ ရိုဟင်ဂျာဒုက္ခသည်တွေကို နေရာချထားဖို့ ဖြစ်ပါတယ်။သူတို့ဟာ ၂၀၁၈ နှစ် အစပိုင်းကစပြီး လမ်းတွေဖေါက်တာ အဆောက်အအုံတွေ တည်ဆောက်တာနဲ့ ရေကာတံတိုင်းတွေ ဆောက်လုပ်မှုတွေအတွက် ဒေါ်လာသန်းပေါင်း ၃၀၀နီးပါး သုံးစွဲခဲ့ပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာဒုက္ခသည် နေရပ်ပြန် လုံခြုံမှုရရေးပဲ လိုလား