နယ်သာလန်နိုင်ငံ Rotterdam မြို့မှာ မနေ့က ပြုလုပ်မယ့် ရော့ခ်ဂီတပွဲမှာ အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုလုပ်နိုင်တယ်ဆိုတဲ့ စပိန်ရဲတပ်ဖွဲ့ရဲ့ သတင်းပေးချက်နဲ့ ဆက်စပ်ပြီး ဒီကနေ့ ကြာသပတေးနေ့ အစောပိုင်းမှာ အသက် ၂၂ နှစ် အရွယ် အမျိုးသား တဦးကို နယ်သာလန်ရဲကသံသယနဲ့ ဖမ်းဆီးလိုက်ပါတယ်။
တောင်ပိုင်း Brabant ပြည်နယ်တွင်း စီးနင်းရှာဖွေမှုအတွင်း ဒီအမျိုးသားကို ရဲက ဖမ်းဆီးခဲ့တာ ဖြစ်ပြီး သူ့အိမ်ကိုလည်း ရှာဖွေခဲ့ပါတယ်။ နယ်သာလန်နိုင်ငံ ဆိပ်ကမ်းမြို့ Rotterdam မှာ ကျင်းပမယ့် အမေရိကန် ရော့ခ်ဂီတအဖွဲ့ Allah-Las ရဲ့ ဖျော်ဖြေပွဲကို အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်လာနိုင်ခြေ ရှိတယ်လို့ စပိန်ရဲတပ်ဖွဲ့ထံက သတင်းအစအန ရရှိပြီးနောက်မှာတော့ ဂီတဖျော်ဖြေပွဲကို အာဏာပိုင်တို့က ဖျက်သိမ်းလိုက်ပါတယ်။
ဂီတဖျော်ဖြေပွဲ ကျင်းပမယ့် နေရာအနီးမှာ တွေ့ရတဲ့ လောင်စာဆီ ပုလင်းတွေ တင်လာတဲ့ကားရဲ့ ယာဉ်မောင်းကိုရဲအဖွဲ့က မေးမြန်းစစ်ဆေးနေတယ်လို့ Rotterdam မြို့တော်ဝန် Ahmed Aboutaleb က ရုတ်တရက် စီစဉ်ခဲ့ရတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ကားကတော့ စပိန်နိုင်ငံမှာ မှတ်ပုံတင်ထားတာပါ။ ကားမောင်းသူက စပိန်နိုင်ငံသား ဖြစ်ပြီး သူ့ကားထဲမှာ လောင်စာဆီ ပုလင်းတွေ ဘာကြောင့် ထားရသလဲဆိုတာကို ရှင်းပြခဲ့တဲ့ အကြောင်း ရဲအဖွဲ့က ဒီကနေ့ ကြာသပတေးနေ့မှာ ပြောဆိုပါတယ်။ တိုက်ခိုက်မှု ခြိမ်းခြောက်မှုနဲ့ ပတ်သက်ဆက်နွယ်တဲ့ ပုံ မတွေ့ရဘူးလို့ ရဲအဖွဲ့က ပြောပေမယ့် ဒီအမျိုးသားကတော့ နောက်ထပ် စစ်ဆေးမေးမြန်းခံရဦးမယ်လို့ ဒီကနေ့ ပြောဆိုပါတယ်။
ကယ်လီဖိုးနီးယား ဂီတအဖွဲ့ စင်ပေါ်တက်ခါနီး နာရီပိုင်းအလိုမှာ စပိန်ရဲဘက်က အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်လာနိုင်ခြေ ခြိမ်းခြောက်မှုကို သတင်းပေးခဲ့တာလို့ မြို့တော်ဝန် Aboutaleb က ပြောပါတယ်။ စပိန်ရဲတို့ရဲ့ သတင်းပေးချက် အတိုင်းအတာအရ ဂီတပွဲကို ဖျက်မိန့်ထုတ်ရတဲ့ အထိ ဖြစ်ခဲ့ရတယ်လို့ လည်း မြို့တော်ဝန်က ပြောပါတယ်။
Your browser doesn’t support HTML5