G-20 အစည်းအဝေး အမေရိကန်တက်မည် မဟုတ်

၂၀၂၄ ခုနှစ်က ဘရာဇီးလ်နိုင်ငံ၊ Rio de Janeiro မြို့တွင်ကျင်းပခဲ့သည့် G20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ကမ္ဘာ့ခေါင်းဆောင်များ။ (AP)

ဒီအပတ်နှောင်းပိုင်း တောင်အာဖရိကနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် စီးပွါးရေး အင်အားကြီး နိုင်ငံ ၂၀ (G20) ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မတက်ဘူးလို့ အမေရိကန်က ပြောလိုက်ပါတယ်။

ကြာသပတေးနဲ့ သောကြာနေ့ ဂျိုဟန်နက်စ်ဘဂ်မှာ ကျင်းပမယ့် G20 အစည်းအဝေး အစီအစဥ်ဟာ အမေရိကန်ဆန့်ကျင်ရေး ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio က X လူမှုစာမျက်နှာမှာ ဒီလအစောပိုင်းက ကြေညာခဲ့ပါတယ်။

တောင်အာဖရိကနိုင်ငံဟာ G20 အစည်းအဝေးကို အသုံးချပြီး တစည်းတလုံးတည်းဖြစ်ရေး၊ တန်းတူညီမျှရေးနဲ့ ရေရှည်တည်တံ့ရေးကို မြှင့်တင်နေတယ်လို့ပြောပြီး ဒါဟာ တနည်းအားဖြင့် မတူကွဲပြားမှု၊ တန်းတူညီမျှမှု၊ အားလုံးပါဝင်မှု DEI နဲ့ ဥတုရာသီ အပြောင်းအလဲကို ညွှန်းတာဖြစ်တယ်လို့ Marco Rubio က ဆိုပါတယ်။

G20 အစည်းအဝေးဟာ အဲဒီ အကြောင်းအရာတွေအပေါ် အဓိက မထားသင့်ဘဲ အကြမ်းဖက်ဝါဒ၊ စွမ်းအင်လုံခြုံရေးနဲ့ တိုင်းပြည်များစွာမှာ ရင်ဆိုင်နေရတဲ့ အမျိုးသားလုံခြုံရေး တကယ့် ခြိမ်းခြောက်မှုလို ကိစ္စရပ်တွေအပေါ်မှာ အဓိကထား ဆွေးနွေးသင့်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ရေးထားပါတယ်။

G20 က ဥတုရာသီကိစ္စသာမကဘဲ ဖွံ့ဖြိုးဆဲနိုင်ငံများကို တန်းတူ မျှတ ဆက်ဆံပြီး အားလုံးအတွက် ညီမျှတဲ့ ကမ္ဘာ့စနစ်ဖြစ်ပေါ်ရေးကို အဓိကထားတာပါလို့ တောင်အာဖရိက နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။

Your browser doesn’t support HTML5

G-20 အစည်းအဝေး အမေရိကန်တက်မည် မဟုတ်