အာမေးနီးယား အဇာဘိုင်ဂျန် နယ်မြေလုတိုက်ပွဲ ရပ်တန့်ဖို့ ရုရှားတိုက်တွန်း

Nagorno-Karabakh ဒေသနဲ့ပတ်သက်ပြီး အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် အိမ်နီးချင်း ၂ နိုင်ငံကြား တိုက်ပွဲ (ဓါတ်ပုံ- Azerbaijani ကာကွယ်ရေးဦးဌာန)

(Zawgyi/Unicode)

Nagorno-Karabakh ဒေသနဲ့ပတ်သက်ပြီး အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် အိမ်နီးချင်း ၂ နိုင်ငံကြား ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားလာနေတာကို ရပ်တံ့ဖို့ တိုက်တွန်းနေတဲ့ အမေရိကန်နဲ့ တခြားနိုင်ငံတွေနဲ့အတူ ရုရှားကလည်း ပါဝင်တိုက်တွန်းလိုက်ပါတယ်။

ပဋိပက္ခမှာ ပါဝင်နေသူ အားလုံး စစ်ရေးအရတိုက်ခိုက်မှုတွေ အတတ်နိုင်ဆုံးရပ်စဲကြဖို့နဲ့ ဒေသတွင်း မလိုအပ်တဲ့ စစ်ရေးအရှိန်မြင့်လာမှုတွေဖြစ်မလာအောင် လုပ်ကြဖို့ ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov က တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

အခု ဖြစ်ပွါးနေတဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ရုရှားသမ္မတ Vladimir Putin ဟာ အာမေးနီးယား ဝန်ကြီးချုပ် Nikol Pashinyan နဲ့ ဒီသီတင်းပတ်ကုန်မှာ ဆွေးနွေးခဲ့ ကြောင်းနဲ့ လိုအပ်ရင် အဇာဘိုင်ဂျန်ခေါင်းဆောင် Ilham Aliyev နဲ့လည်း အလားတူ ဆွေးနွေးမှာ ဖြစ်ကြောင်း Peskov ကပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနကလည်း ကြေညာချက် တစောင်ထုတ်ပြန်ပြီး အဲဒီဒေသတွင်း ဖြစ်ပွါးတဲ့ ကြီးမားတဲ့ စစ်ရေးတိုက်ခိုက်မှုတွေကြောင့် စိုးရိမ်ကြောင်းနဲ့ တိုက်ခိုက်မှုတွေ အတွင်း သေဆုံး ဒဏ်ရာရသူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေ အတွက် ဝမ်းနည်းကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ Morgan Ortagus က ပြောကြားခဲ့ပါတယ်။ဒါ့အပြင် အကြမ်းဖက်တိုက်ခိုက်မှုတွေ အရှိန်မြင့်လာတာ အတွက် အမေရိကန်အစိုးရက အပြင်းအထန်ရှုတ်ချကြောင်းလည်း ပြောပါတယ်။

အခု ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ အတွင်း အာမေးနီးယား စစ်သား ၅၀၀ ကျော် သေဆုံးပြီး သံချပ်ကာကား ၂၆ စင်းနဲ့ မောင်းသူမဲ့ ဒရုံးယာဉ်တွေ ပျက်စီးသွားတယ်လို့ အဇာဘိုင်ဂျန်ကကွယ်ရေးဝန်ကြီး ဌာနက ပြောသလို အာမေးနီးယား ကာကွယ်ရေး ဝန်ကြီး ဌာနကလည်း အဇာဘိုင်ဂျန်စစ်သား ၂၀၀ သံချပ်ကာကား ၃၀ နဲ့ ဒရုံးယာဉ် ၃၀ ပျက်စီးခဲ့တယ်လို့ တနင်္လာနေ့မှာ အသီးသီး ကြေညာခဲ့ကြပါတယ်။

Your browser doesn’t support HTML5

အာမေးနီးယား အဇာဘိုင်ဂျန် နယ်မြေလုတိုက်ပွဲ ရပ်တန့်ဖို့ ရုရှားတိုက်တွန်း


............


(Unicode)




