စစ်ရေးပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဖို့ ရုရှားနဲ့ မြန်မာ ကာကွယ်ရေး ဝန်ကြီးဌာန တွေကြား သဘောတူ လက်မှတ်ရေးထိုး ခဲ့တယ်လို့ ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး Anatoly Antonov က ကြာသပတေးနေ့ မှာ ပြောကြားကြောင်း ရုရှား Tass သတင်းဌာနမှာ ဖေါ်ပြထားပါတယ်။
ဒါဟာ ၂ နိုင်ငံ အပြန်အလှန် စစ်ရေးပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဖို့ အရေးပါတဲ့ ခြေလှမ်းတရပ်ကို လှမ်းခဲ့တာ ဖြစ်ပြီး ရေရှည်ပူးပေါင်း ဆောင်ရွက်မှု လုပ်နိုင်ရေးအတွက် တရားဝင် အခြေခံမူကို စတင်ထူထောင်လိုက်တာ လို့ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ် အတော်ကြာကတည်းက စစ်ရေးတိုးတက်မှုတွေနဲ့ စစ်ရေးနည်းပညာ ပူးပေါင်း ဆောင်ရွက်မှုတွေ အများအပြားလုပ်ခဲ့ကြောင်းနဲ့ အခု သဘောတူညီချက်ဟာ ဘက်စုံပူးပေါင်း ဆောင်ရွက်ရေး မြှင့်တင်နိုင်ဖို့ အတွက် နောက်ထပ် တွန်းအားတရပ် ဖြစ်ကြောင်းလည်း ပြောပါတယ်။
သဘောတူညီချက် တွေထဲမှာ ရေပြင်နဲ့ မြေပြင်ဆိုင်ရာတွေ၊ ဆေးတပ်၊ စစ်ပညာရပ်နဲ့ တခြားပညာရပ်ဆိုင်ရာ တွေမှာ စစ်ရေးပူးပေါင်း မှုတွေလုပ်ဖို့ ပါဝင်ပြီး အခုဆိုရင် မြန်မာ နဲ့ ရုရှား ၂ နိုင်ငံ စစ်ရေးပူးပေါင်း ဆောင်ရွက်မှု ခိုင်မာအောင်လုပ်ဖို့ လိုအပ်တာတွေ လုံလုံ လောက်လောက် ရှိနေပြီလို့ိ့လည်း ဒုကာကွယ်ရေးဝန်ကြီး Antonov က ပြောပါတယ်။
မြန်မာ ဒုတိယကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်ကလည်း ၂ နိုင်ငံကြား ချစ်ခင်ရင်းနှီးမှု ဟာ ကာလတာရှည် ရှိခဲ့တာ ဖြစ်ပြီး နောင်မှာ ဒီဆက်ဆံရေး ပိုမိုခိုင်မာ စေ ချင်ကြောင်း ပြောခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် အခုလို သဘောတူ လက်မှတ်ရေးထိုးနိုင်တဲ့ အဆင့်အတွက် လွှတ်တော် အပါအဝင် အားလုံးက ပူးပေါင်း ဆောင်ရွက်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက ရုရှားနဲ့ ရေကြောင်း ပူးပေါင်း ဆောင်ရွက်မှုဟာ အလားအလာ ကောင်း တယ်လို့ မြင်ကြောင်း ဖေါ်ပြ ထားပါတယ်။
ပြီးခဲ့တဲ့ လထဲမှာ သမ္မတ ဦးထင်ကျော်နဲ့ အဖွဲ့ဟာ ရုရှားနိုင်ငံမှာ အာဆီယံဒေသတွင်း ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ သွားရောက်ခဲ့ပြီးမြန်မာသမ္မတဦးထင်ကျော်ဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ တွေ့ဆုံခဲ့ ပါတယ်။ ရုရှား နဲ့ မြန်မာ၂နိုင်ငံကြား မှာ စစ်လက်နက် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ဖို့ ၊ ရုရှားအနေနဲ့ မြန်မာနိုင်ငံကို စစ်လက်နက် နည်းပညာတွေ ရောင်းချနိုင်ဖို့ မျှော်လင့်တယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ဒီတွေ့ဆုံမှုအတွင်း ပြောကြားခဲ့တာပါ။
Your browser doesn’t support HTML5