ရုရှားသမ္မတပူတင် ပြင်သစ်ခရီးစဉ် ဖျက်သိမ်း

ရုရှားသမ္မတ Vladimir Putin

ရုရှားသမ္မတ Vladimir Putin ဟာ လာမယ့် သီတင်းပတ် အတွင်းမှာ ပြင်သစ်နိုင်ငံကို လာမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။

သမ္မတ ပူတင်နဲ့ ဆီးရီးယားအရေးတခုတည်းကိုသာ အဓီကထား ဆွေးနွေးသွားမှာဖြစ်တဲ့အကြောင်း ပြင်သစ်သမ္မတ Francois Hollande က ပြောဆိုပြီးနောက်မှာ အခုလို သတင်းထွက်ပေါ်လာတာပါ။ မူလကတော့ လာမယ့် အောက်တိုဘာလ ၁၉ ရက်နေ့မှာ သမ္မတ ပူတင်ဟာ ပြင်သစ်နိုင်ငံကို သွားရောက်ဖို့စီစဉ်ထားပြီး Orthodox ခရစ်ရန်ဘုရားကျောင်း ဖွင့်လှစ်တဲ့ အခမ်းအနားလည်း တက်ရောက်ဖို့ စီစဉ်ထားတာပါ။ ရုရှားနိုင်ငံအနေနဲ့ ဆီးရီးယားနိုင်ငံ မြောက်ပိုင်းက Aleppo မြို့အပေါ် ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သတ်လို့ ဒါဟာ စစ်ရာဇဝတ်မှုသင့်နိုင်တယ်လို့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး Jean-Marc Ayrault က ပြောဆိုအပြီး အခုလို ခရီးစဉ် အပြောင်းအလဲတွေ ဖြစ်လာတာပါ။

ဗုံးကြဲ တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုမြောက်ပြီး Aleppoမြို့တိုက်ခိုက်မှုတွေမှာ ရုရှားခေါင်းဆောင်တွေအပြင် တခြားသူတွေလည်း ပါဝင်တဲ့အကြောင်းကို Mr. Ayrault က ပြင်သစ် Inter ရေဒီယိုကို ပြောခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှု ဘယ်လိုစတင်နိုင်မလဲဆိုတာနဲ့ ပတ်သတ်ပြီးတော့လည်း နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးက ရှေ့နေရှေ့ရပ်တွေနဲ့ တိုင်ပင်သွားမယ်လို့လည်း သူက ဆိုပါတယ်။ ရုရှားဘက်ကတော့ ဆီးရီးယားနိုင်ငံတွင်းက အရပ်သားတွေအပေါ် တိုက်ခိုက်တာမျိုးမရှိဘူးလို့ အကြိမ်ကြိမ်ငြင်းဆိုထားသလို သမ္မတ Bashar al-Assad အစိုးရကို အားပေးထောက်ခံပြီး အကြမ်းဖက် အုပ်စုတွေကိုသာ ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

Your browser doesn’t support HTML5

ရုရှားသမ္မတပူတင် ပြင်သစ်ခရီးစဉ် ဖျက်သိမ်း