သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး ကန် အဆိုပြုချက် သမ္မတပူတင် သဘောတူ


ရုရှားသမ္မတ Vladimir Putin
ရုရှားသမ္မတ Vladimir Putin

ဆီးရီးယားအစိုးရတွင်းမှာ အတိုက်အခံကိုယ်စားလှယ်တွေ ပါဝင်ဖို့ဆိုတဲ့ အမေရိကန်ရဲ့ အဆိုပြုချက်ကို သဘောတူကြောင်း ရုရှားသမ္မတ Vladimir Putin က ပြောဆိုပေမယ့် ဆီးရီးယားသမ္မတ Bashar al-Assad ရာထူးက ချက်ချင်းဆင်းပေးဖို့ ဆိုတာကိုတော့ လက်မခံပါဘူး။

ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ဂ် နိုင်ငံတကာ စီးပွားရေးဖိုရမ်မှာ CNN သတင်းထောက် Fareed Zakaria ရဲ့ အကြောင်းအရာပေါင်းစုံနဲ့ ပတ်သက်ပြီး မေးမြန်းမှုတွေအတွင်း အခုလို ထည့်သွင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။ ဆီးရီးယားနိုင်ငံမှာ အခြေခံဥပဒေသစ် ထွက်ပေါ်လာဖို့၊ နောက် ဒီအခြေခံ ဥပဒေသစ်ကို ကျင့်သုံးပြီး အစိုးရတွင်း အဆင့်ဆင့်ကို အသစ်ရွေးချယ်နိုင်မှုနဲ့သာ ဆီးရီးယားနိုင်ငံတွင်း ဒီမိုကရေစီ ပေါ်ထွန်းလာမယ့် တခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။

ဆီးရီးယားနယ်မြေတွေကို တလက်မ မချန် ပြန်လည် သိမ်းယူမယ်လို့ ဆီးရီးယားသမ္မတ Assad ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး CNN သတင်းထောက်ရဲ့ မေးမြန်းမှုကိုတော့ ရုရှားသမ္မတ Putin က မဖြေခဲ့ပါဘူး။ ဒါပေမယ့်လည်း ဆီးရီးယားအရေးမှာ အမေရိကန်တွေ အပါအဝင် ပါဝင်ပတ်သက်သူအားလုံးတို့ ဆွေးနွေးညှိနှိုင်းဖို့ လိုအပ်တယ်လို့တော့ ပြောပါတယ်။

အမေရိကန်တွေလို့ ပြောတဲ့အခါမှာလည်း ရုရှားသမ္မတပူတင်က ကျနော်တို့ရဲ့ မိတ်ဖက်တွေလို့ သုံးနှုန်းခဲ့ပါ တယ်။ အမေရိကန်အစိုးရဘက်ကတော့ ဆီးရီးယားသမ္မတ Assad ကို ရာထူးက ချက်ချင်းဆင်းဖို့ လိုလားနေ တာ ဖြစ်ပါတယ်။ ဒါပေမယ့် ရုရှားသမ္မတကတော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ရည်မှန်းချက်ဖြစ်တယ်လို့ ပြောပါတယ်။ ဒီလိုလုပ်တာက ဆီးရီးယားနိုင်ငံတွင်း အပြောင်းအလဲတွေ ဖော်ဆောင်ပေးနိုင်မယ့်နည်းလမ်း မဟုတ်ဘူးလို့ လည်း ပြောပါတယ်။

အမေရိကန် သမ္မတရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မှတ်ချက်ပေး ပြောဆိုတာမှာတော့ မဲဆန္ဒရှင်တွေရွေးချယ်တဲ့ ဘယ်သူနဲ့မဆို လက်တွဲလုပ်ဆောင်မှာဖြစ်တယ်လို့ ပြောပေမယ့် အရင်တုန်းက ပြောဆိုထားဖူးတဲ့အတိုင်းပဲ ရီပတ်ဘလီကန်ပါတီဘက်က Donald Trump ကိုတော့ သူ့အနေနဲ့ လူတော်တယောက်လို့ ထင်တဲ့အကြောင်း ပြောပါတယ်။

ရုရှားနဲ့ အမေရိကန် နှစ်နိုင်ငံကြား အပြည့်အဝဆက်ဆံရေး ပြန်လည်ထူထောင်မယ့် မစ္စတာ Trump ရဲ့ ကတိကဝတ်တွေကို သူ့အနေနဲ့ ကြိုဆိုတဲ့အကြောင်းနဲ့ အပြောင်းအလဲကို ကြိုဆိုမယ်လို့လည်း ပြောဆိုပါတယ်။ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းဖြစ်ဖို့ သေချာသလောက်ဖြစ်နေတဲ့ Hillary Clinton နဲ့ ပတ်သက်ပြီး မေးမြန်းမှုကိုတော့ ရုရှားသမ္မတ Putin က မှတ်ချက်တစုံတရာမပေးဘဲ သူ့အနေနဲ့ Hillary Clinton နဲ့ တိုက်ရိုက် ထိတွေ့ အလုပ်လုပ်ကိုင်ဖို့ အခွင့်အလမ်း သိပ်မရှိခဲ့ဘူးလို့ပဲ ပြောသွားပါတယ်။

ဆီးရီးယားအရေး ကန် အဆိုပြုချက် သမ္မတပူတင် သဘောတူ
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG