ရုရှားစစ်လေယာဉ်ဆီးရီးယား ပစ်ချမှု Putin နားလည်မှုနဲ့ တုံ့ပြန်

ရုရှားစစ်တပ်ရဲ့ ကင်းထောက်လေယာဉ်ကို ဆီးရီးယား လေကြောင်းရန် ကာကွယ်ရေးစနစ်က ပစ်ချခဲ့တာဟာ မတော်တဆဖြစ်မှုတွေ ဆက်တိုက်ဖြစ်ပွါးခဲ့တဲ့ အခြေနေတရပ်ဖြစ်ကြောင်း ရုရှားသမ္မတ Vladimir Putin ကပြောကြားလိုက်ပြီး အစ္စရေးနဲ့ အခြေနေတင်းမာလာ နိုင်တဲ့ အနေထားကို လျှော့ချလိုက်ပါတယ်။

အစ္စရေးရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှုကို တုံ့ပြန်ဖို့ ဆီးရီးယားက ပစ်ခတ်မှုအတွင်း ပျက်ကျခဲ့တဲ့ ရုရှားကင်းထောက်လေယာဉ်ပေါ်မှာ ပါသွားသူ ၁၅ ဦးစလုံး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

အစ္စရေးဟာ ဒီကိစ္စမှာ လုံးဝတာဝန်ရှိပြီး ရုရှားဘက်က လက်တုံ့ပြန်ပိုင်ခွင့်ရှိတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က အစ္စရေးကာကွယ်ရေးဝန်ကြီး Avigdor Lieberman ကို ပြောပါတယ်။

ဒါပေမယ့် ရုရှားသမ္မတ Putin က ဒီဖြစ်ရပ်ဟာ မတော်တဆဖြစ်မှုတွေ ဆက်တိုက်ဖြစ်ပွါးခဲ့တဲ့ အခြေနေတရပ်ဖြစ်ကြောင်း ဝင်ရောက်ပြောဆိုခဲ့ပါတယ်။ ရုရှားအနေနဲ့ ဆီးရီးယားမှာ ရှိတဲ့ ရုရှားတပ်သားတွေနဲ့ ရုရှားပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ တဆင့်တိုး လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ဒီတဆင့်တိုး လုပ်ဆောင်မယ့် ခြေလှမ်းတွေကို လူတိုင်း သတိထားမိမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကလည်း ရုရှားတပ်သားတွေ အသက်သေဆုံးခဲ့ရမှုအတွက် ဝမ်းနည်းကြေကွဲရကြောင်းနဲ့ ဒီလို မတော်တဆ ဖြစ်မှုအတွက် ဆီးရီးယားကို အပြစ်တင်ပါတယ်။

အစ္စရေးစစ်တပ်ကတော့ သူတို့ရဲ့ ဂျက်လေယာဉ်ဟာ အီရန်တွေ ထောက်ပံ့နေတဲ့ အကြမ်းဖက်အဖွဲ့ကို လက်နက်ထုတ်ပေးတဲ့ ဆီးရီးယား စစ်တပ်စခန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ပြောပါတယ်။