အမေရိကန်နဲ့ ဗြိတိန်က သူတို့ရဲ့ တာဝေးပစ် မစ်ဇိုင်းဒုံးတွေကို ရုရှားပိုင်နက် အတွင်းပိုင်းအထိ ယူကရိန်းပစ်ခတ်ဖို့ ပေးပို့တာကို တုန့်ပြန်တဲ့ အနေနဲ့ ရုရှားက သူ့ရဲ့ တာလတ်ပစ် မစ်ဇိုင်းဒုံး အသစ်နဲ့ ယူကရိန်းရဲ့ Dnipro မြို့ကို ပစ်မှတ်ထားပစ်ခတ်ခဲ့ကြောင်း ရုရှားသမ္မတ Vladimir Putin က ပြောကြားလိုက်တာကြောင့် ယူကရိန်းစစ်ပွဲတင်းမာမှု ပိုတိုးလာနေပါတယ်။
ရုရှားတပ်တွေဟာ ယူကရိန်းကို တိုက်ချင်းပစ် ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းက ပြောပေမယ့် အမေရိကန် အရာရှိတွေကတော့ ဒါဟာ တာလတ်ပစ်မစ်ဇိုင်းဒုံး ဖြစ်ကြောင်းပြောခဲ့သလို သမ္မတ Putin ကလည်း နာရီအနည်းငယ် အကြာမှာ အတည်ပြု ခဲ့တာပါ။ ရုရှားအတွင်းပိုင်း အထိ မစ်ဇိုင်းဒုံး ပစ်ခတ်ခွင့်ပေးခဲ့ရင် ရုရှားက မိုင် ၅၀၀ လောက်ထိ ပစ်ခတ်နိုင်တဲ့ လက်နက်တွေသုံးမှာ ဖြစ်ကြောင်း သမ္မတ Putin က နိုင်ငံတော်မိန့်ခွန်းမှာ သတိပေးခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် အခုလို တာဝေးပစ် မစ်ဇိုင်းဒုံးတွေ ပစ်ခတ်မယ် ဆိုရင် အရပ်သားတွေ ဘေးလွတ်ရာ ပြေးချိန်ရအောင် ကြိုတင် သတိပေးမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ သူ့ရဲ့ မစ်ဇိုင်းဒုံး အသစ်တွေနဲ့ ဒီလို ပစ်ခတ်တဲ့ အခါမှာ အမေရိကန်ရဲ့ လေကြောင်းကာကွယ်ရေး စံနစ်တွေ တားဆီးနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ ယူကရိန်း လေတပ်ကတော့ ရုရှားဟာ Astrakhan ဒေသကနေ ပစ်ခတ်တာ ဖြစ်ပြီး ပစ်ခတ်တဲ့ လက်နက်တွေထဲမှာ hypersonic မစ်ဇိုင်း တလုံးနဲ့ ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံး ၇ လုံး ပါဝင်ကြောင်း ပြောပါတယ်။
ဒီမစ်ဇိုင်းဒုံးတွေကြောင့် ဒဏ်ရာရသူ ၂ ဦးရှိပြီး Dnipro petrovsk ဒေသက စက်မှုလုပ်ငန်း ဌာန တခု ပျက်စီးခဲ့ရတယ်လို့ ယူကရိန်း အရာရှိတွေက ပြောပါတယ်။ ဒေသအုပ်ချုပ်ရေးမှုးကတော့ Dnipro မြို့ကို မစ်ဇိုင်းဒုံးတွေ ထိမှန်တဲ့အတွက် နေရာအတော်များများမှာ မီးလောင်ကျွမ်းခဲ့တယ်လို့ ပြောပါတယ်။ ရုရှားက သူ့ရဲ့ တာလတ်ပစ်ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးကို စမ်းသပ်ပစ်လွှတ်ဖို့ရှိတာကြောင့် ဒီအတွက် အသင့်ပြင်ထားဖို့ အမေရိကန်က ယူကရိန်းနဲ့ အနီးကပ် မဟာမိတ်တွေ ကို မကြာသေးခင်ကပဲ သတိပေးခဲ့တယ်လို့ အမေရိကန်အရာရှိ တဦးကပြောပါတယ်။ ရုရှားက သူ့ရဲ့ တာဝေးပစ်လက်နက် စမ်းသပ်ပစ်လွှတ် ခဲ့တယ်လို့လည်း ပင်တာဂွန်စစ်ဌာနချုပ် ဒုတိယပြောခွင့်ရ Sabrina Singh က အတည်ပြုပါတယ်။
Your browser doesn’t support HTML5