ကချင်ပြည်နယ် ဖားကန့်မြို့နယ်အခြေစိုက် KIA တပ်မဟာ ၉ နယ်မြေမှာ ဒီကနေ့ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်မှာလည်း တိုက်ပွဲဖြစ်ပွားနေပါတယ်။ တရုတ်- မြန်မာနယ်စပ်ဒေသ ချီဖွေမြို့နယ် ဖီမော်ဘက်မှာ အခြေစိုက်ထားတဲ့ နယ်ခြားစောင့်တပ်နဲ့လည်း တိုက်ပွဲဖြစ်ပွားတဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။ ကချင်ပြည်နယ်က စစ်ရေးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်က Lucky Man ဟိုတယ်ကို KIA ပူးပေါင်းတပ်တွေက ဒီလ ၈ရက်နေ့က သိမ်းယူလိုက်ပြီး တိုက်ပွဲတွေ ငြိမ်သက်နေခဲ့ရာက ဒီကနေ့မှာ ဖားကန့်မြို့နယ်အခြေစိုက် KIA တပ်မဟာ ၉နယ်မြေအတွင်းကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။
လက်ရှိ ဖားကန့်မြို့နယ် KIA တပ်မဟာ ၉နယ်မြေအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအခြေအနေကို ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီး နော်ဘူက VOA ကို အခုလို ပြောပါတယ်။
“ အဲဒီဘက်မှာ ဒီနေ့ နေ့လည်ပိုင်းမှာ ၁၀နာရီ ပတ်ဝန်းကျင်မှာ လေကြောင်းနဲ့ ဗုံးကြဲတာ အဲဒီအခြေအနေ ရှိပါတယ်။ ဒါပေမဲ့ မြေပြင်အခြေအနေကတော့ အခုထက်ထိ ဘာမှ မကြားရသေးပါဘူး။ တိုက်ပွဲကတော့ လောလောဆည်ကတော့ တပ်မဟာ ၉ အဲဒီဘက်မှာတော့ မရှိပါဘူး။ ဒါပေမဲ့ စစ်ကိုင်းအစပ်ဘက်မှာတော့ ရှိတယ်လို့ ပြောတယ်။ ဆယ်ဇင်းဘက်မှာပေါ့နော်။ ဒါပေမဲ့ ဘယ်နေရာမှာ ဘယ်လို ဆိုတာတော့ အတိအကျတော့ မသိရပါဘူး။”
အခြားဒေသကို ရောက်ရှိနေတဲ့ ဖားကန့်ဒေသခံတဦးကတော့ ဒီကနေ့မနက် ၉နာရီခွဲလောက်မှာ ဖားကန့်မြို့ပေါ်မှာ ဂျက်တိုက်လေယာဉ်တစီး အချိန်အတော်ကြာ ဝဲပျံနေခဲ့ကြောင်းနဲ့ တပ်မဟာ ၉ နယ်မြေဘက်ကို ဗုံး ၄လုံးကြဲချသွားတယ်လို့ သိရကြောင်း ပြောပါတယ်။ ဗုံးကြဲချတဲ့နေရာအတိအကျကိုတော့ ထုတ်ဖော်ပြောဆိုတာတွေ မရှိပါဘူး။
လောလောဆည်မှာတော့ ဖားကန့်နဲ့ ကချင်ပြည်နယ် နေရာအတော်များများမှာ တယ်လီဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာပါ။
တချိန်တည်းမှာတော့ တရုတ်- မြန်မာနယ်စပ်ဒေသ ချီဖွေမြို့နယ် ဖီမော်အခြေစိုက် နယ်ခြားစောင့်တပ်ရင်း ၁၀၀၁ကို တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ကချင်ဒေသခံတဦးက ချီဖွေ ဖီမော်ဘက် တိုက်ပွဲဖြစ်နေကြောင်း အခုလို ပြောပါတယ်။
“အဲဒီ ပန်ဝါအထက်က ဖီမော်ပေါ့။ ဖီမော် နယ်ခြားစောင့်တပ်အမှတ် ၁၀၀၁ ပေါ့။ အဲဒီဘက်မှာလည်း တိုက်ပွဲဖြစ်နေတယ် ပြောတယ်။ မနေ့က။ သိမ်းပြီလို့လည်း ပြောတယ်။ Confirm တော့ မဖြစ်သေးဘူး။ လောလောဆည် ဖီမော် ၁၀၀၁ရယ်၊ ကန်ပိုက်တီရယ်ပဲ ကျန်တာ။ ၁၀၀၁မှာ မနေ့က တိုက်ပွဲဖြစ်တယ် ကြားတယ်။ ”
KIA ပြောခွင့်ရ ဗိုလ်မှုးကြီးနော်ဘူကတော့ ဖီမော်ဒေသ တိုက်ပွဲသတင်းကို တရားဝင်အကြောင်းကြားလာတာ မရှိသေးကြောင်း ပြောပါတယ်။
“ အသေးစိတ်ဘာသတင်းမှ မကြားရသေးပါဘူး။ ရှိတော့ ရှိမှာပါ။ ဒါပေမဲ့ ကျနော်တို့ ဆီမှာက တရားဝင်အကြောင်းကြားတာ မရှိဘူး။ ”
ကချင်ပြည်နယ် အရှေ့ခြမ်း တရုတ်-မြန်မာနယ်စပ်ဒေသက ချီဖွေ၊ ဆော့လော်ဒေသဘက်ကို KIA နဲ့ ပူးပေါင်းတပ်တွေက စက်တင်ဘာလကုန်ပိုင်းမှာ စတင်ထိုးစစ်ဆင်ခဲ့တာပါ။
အောက်တိုဘာလလဆန်းမှာ ချီဖွေနဲ့ ဆော့လောမြို့တွေကို သိမ်းယူခဲ့သလို လလယ်လောက်မှာတော့ နယ်ခြားစောင့်တပ် အမှတ် ၁၀၀၂နဲ့ ပန်ဝါမြို့ကို သိမ်းယူခဲ့ပြီး တတိယပတ်အတွင်းမှာ ကန်ပိုက်တီဒေသ အခြေစိုက် နယ်ခြားစောင့်တပ် အမှတ် ၁၀၀၃ကို သိမ်းယူခဲ့ပါတယ်။
နယ်ခြားစောင့်တပ် အမှတ် ၁၀၀၃ကို သိမ်းယူခဲ့တဲ့နောက်ပိုင်း ကန်ပိုက်တီဒေသမှာ တိုက်ပွဲ ဆက်လက် ဖြစ်ပွားတာ မရှိဘူးလို့လည်း ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။
ဒီလ ၁၇ရက်နေ့ကတော့ တရုတ်နိုင်ငံက အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက KIO ခေါင်းဆောင်တွေကို ခေါ်ယူတွေ့ဆုံပြီး ထိုးစစ်ဆင်တာတွေ ရပ်တန့်ဖို့ တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။ ဒီရက်ပိုင်းတွေအတွင်းမှာတော့ မိုးမောက်နဲ့ ဗန်းမော်အကြားက ၇မိုင်နဲ့ ၈မိုင်အကြားမှာတော့ တိုက်ပွဲတွေ ပြင်းထန်နေဆဲရှိနေပါတယ်။
စစ်ကောင်စီက ဒီလ ၂၀ရက်နေ့က စတင်ပြီး ဗန်းမော်ဘက်ကနေ စစ်ကြောင်း ထိုးလာတဲ့နောက် တိုက်ပွဲတွေ ရက်ဆက်ဆိုသလို ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။ ကချင်ပြည်နယ်အတွင်း လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေတွေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။