ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆိုင်ခွန်ကျေးရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသား ၁ဦး သေဆုံးပြီး အနည်းဆုံး ၄ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗဟိုပြန်ကြားရေးတာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီက အခုနောက်ပိုင်း ကရင်နီဒေသတခွင် ဂျက်ဖိုက်တာနဲ့ ဒရုန်းတွေ အသုံးပြု လှည့်ပတ်ထောက်လှမ်းပြီး တော်လှန်ရေးတပ်တွေရှိတယ်လို့ ယူဆတဲ့နေရာတွေ စစ်ရှောင်စခန်းတွေ ဆေးရုံတွေ စာသင်ကျောင်းတွေနဲ့ဘာသာရေးအဆောက်အအုံတွေကို ဗုံးကြဲချတဲ့ လုပ်ရပ်ကို ပိုပြီးလုပ်လာနေတယ်လို့ ကရင်နီကာကွယ်ရေးတပ်နဲ့ လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ရှမ်း-ကယားနယ်စပ်ဒေသ စစ်ရေးနောက်ဆုံးရအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ဒီဇင်ဘာလ ၃ ရက် ဒီကနေ့ မနက်အစောပိုင်း ၃နာရီ အချိန် ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရီနွဲကျေးရွာအုပ်စု ဆိုင်ခွန်ရွာပေါ် စစ်ကောင်စီတပ်က ဝေဟင်ကနေ ၅ကြိမ် ဗုံးကြဲချခဲ့တာဖြစ်ပါတယ်။ ဂျက်ဖိုက်တာနဲ့ ၂ကြိမ်၊ Y-12 ထောက်ပို့လေယာဉ်နဲ့ ၃ကြိမ် စုစုပေါင်း ၅ကြိမ် ဗုံးအလုံးရေ ၄၅ လုံး ကြဲချခဲ့တာလို့ KNDFက ပြောပါတယ်။ ဒီ့ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဖယ်ခုံမြို့နယ် ရီနွဲကျေးရွာအုပ်စု ဆိုင်ခွန်ရွာမှာ အရပ်သား ၁ဦး သေဆုံးပြီး အနည်းဆုံး ၄ဦး ထိခိုက်ဒဏ်ရာရရှိတဲ့အကြောင်း ကနဦးသိရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို အတည်ပြုပါတယ်။
“ဖယ်ခုံမြို့နယ် ရီနွဲကျေးရွာအုပ်စုမှာရှိတဲ့ ဆိုင်ခွန်ကျေးရွာကို ဂျက်ဖိုက်တာနဲ့ ၂ကြိမ်၊ နောက်ပြီးတော့မှ Y-12 ထောက်ပို့လေယာဉ်မျိုးနဲ့ ၃ကြိမ် စုစုပေါင်း ၅ကြိမ် ဗုံးလာကြဲသွားတယ်ပေါ့နော်။ ဆိုတော့ ဗုံးတွေက ဒီလိုပေါ့နော် ကလက်စတာ( Cluster ) ဗုံးတွေလည်း ပါတာဖြစ်တဲ့အတွက် ဒီဗုံးပေါင်း ၄၅လုံးလောက် ကြဲချခဲ့တယ်လို့ ပြောပါတယ်ပေါ့နော်။ အဲ့ဒီမှာ ထိခိုက်သေဆုံးတာကတော့ လောလောဆယ်တော့ နွားကျောင်းသားပေါ့နော် အဲ့ဒီ ရွာဘေးပတ်ဝန်းကျင်မှာနေတဲ့ နွားကျောင်း တစ်ဦးကတော့ သေဆုံးသွားတယ်လို့ သိရပါတယ်ပေါ့နော်၊ ထိခိုက်တာကတော့ ၄-၅ ဦးလို့တော့ ကြားတယ် အသိအကျတော့ ကျနော်တို့ မသိရသေးဘူးပေါ့နော်။ ဆိုတော့ ထိခိုက်တဲ့လူထဲက တချို့စိုးရိမ်ရတာမျိုး ရှိတယ်လို့ ကြားပါတယ်ဟုတ်။”
ဖယ်ခုံမြို့နယ် ရီနွဲကျေးရွာအုပ်စု ဆိုင်ခွန်ရွာဗုံးကြဲတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ပျက်စီးထိခိုက်မှု အသေးစိတ်အခြေအနေ မသိရသေးပေမယ့် ကနဦး ၁၄ နှစ်အရွယ် အမျိုးသား ၁ဦးသေဆုံး၊ ၃ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ကရင်နီလူ့အခွင့်အရေးတည်ထောင်သူ ကိုဗညားက ဗွီအိုအေကို စာသားနဲ့ ဖြေဆိုထားပါတယ်။
ဒီဗုံးကြဲတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ကို ဗွီအိုအေကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရသေးသလို ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။
စစ်ကောင်စီက တပ်စခန်းနဲ့ စိုးမိုးနယ်မြေတွေ လက်လွှတ်ဆုံးရှုံးမှု ရှိလာပြီးနောက်ပိုင်း ကင်းထောက်ဒရုန်းနဲ့ လေယာဉ်တွေ အသုံးပြု ကရင်နီဒေသတခွင် လှည့်ပတ်ထောက်လှမ်းတာ ဗုံးကြဲတိုက်ခိုက်တာမျိုးတွေ ခပ်စိတ်စိတ်လုပ်လာတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် တိုက်ပွဲပြင်းထန်ခဲ့တဲ့ မြို့နယ်တွေက စစ်ကောင်စီရဲ့ စုံစမ်းထောက်လှမ်းတဲ့ပစ်မှတ် ဖြစ်လာတယ်လို့ KNDF ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ပြောပါတယ်။
“ကင်းထောက်လေယာဉ်တွေ ဝဲတာကတော့ မြို့နယ်တိုင်းလိုလိုပဲ၊ ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်၊ ဖားဆောင်း စသဖြင့်ပေါ့နော်၊ အဲ့လို တိုက်ပွဲဖြစ်ခဲ့ဖူးတဲ့နေရာတွေ တော်တော်များများမှာ ဒီလို ကင်းထောက်လေယာဉ်ဝဲတာမျိုးတွေ ထောက်လှမ်းတာမျိုးတွေ လုပ်လေ့ရှိတယ်ပေါ့နော်။”
စစ်ကောင်စီက အခုနောက်ပိုင်း ကရင်နီဒေသတခွင် ဂျက်ဖိုက်တာတွေ ကင်းထောက်လေယာဉ်တွေ ဒရုန်းတွေကို အသုံးပြု လှည့်ပတ်ထောက်လှမ်းနေတဲ့အတွက် စစ်ရှောင်တွေနဲ့ အရပ်သားပြည်သူတွေ လုံခြုံရေး စိုးရိမ်နေကြတာနဲ့ပတ်သက်ပြီး KNDF ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုး ခုလို ပြောပါတယ်။
“ကင်းထောက်မှုတွေက အမြဲလိုလိုရှိနေတယ်၊ ပြည်သူလူထုကတော့ စိုးရိမ်ထိပ်လန့်တာပေါ့နော်။ လေယာဉ်တွေလာပြီးဆိုရင် ဗုံးခိုကျင်းထဲ ပြေးဝင်ရတာတွေ လုံခြုံတဲ့နေရာမှာ နေရတာတွေ စသဖြင့်ပေါ့နော် လုပ်ရတယ်ပေါ့နော်၊ ဘာလို့လဲဆိုတော့ ကင်းထောက်လေယာဉ်တွေ လာပြီးဆိုတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကလည်း နောက်ဆက်တွဲ ပေါ်လာတာမျိုးရှိတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက်ခံနေရတဲ့ ဒီးမော့ဆိုတို့လိုမျိုး ဖယ်ခုံတို့လိုမျိုးပေါ့နော် အဲ့လိုမြို့နယ်တွေဖက်က ပြည်သူတွေကတော့ ပိုပြီးတော့ပေါ့နော် စိုးရိမ်ကြောက်လန့်ရတယ်ပေါ့နော်။”
စစ်ကောင်စီတပ်ရဲ့ ကင်းထောက်ဒရုန်းနဲ့ လေယာဉ်ကြောင့် အရပ်သားပြည်သူတွေ အမြဲတမ်း စိုးရိမ်ထိတ်လန့်နေကြတာလို့ ဒေသခံတွေနဲ့ ကရင်နီလူ့အခွင့်အရေးတည်ထောင်သူက ဗွီအိုအေကို ပြောဆိုဖူးပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့က ဒရုန်းဗုံးကြောင့် ပင်လောင်း-ဖယ်ခုံအစပ်က ဗန်းမောက်ဒေသခံ ၃ဦး သေဆုံး ၉ ဦးဒဏ်ရာရရှိသလို နိုဝင်ဘာလထဲမှာ လက်နက်ကြီးနဲ့ လေယာဉ်ဗုံးကြောင့် လွိုင်ကော်နဲ့ ဖယ်ခုံမြို့နယ်မှာ အနည်းဆုံး အရပ်သား ၁၃ဦး သေဆုံးပြီး ဆယ်ဂဏန်းလောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်က တိုက်ပွဲပြင်းထန်တဲ့ဒေသတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သလို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားနဲ့တွေသာ ခိုလှုံကြတဲ့ ကျေးရွာတွေ၊ စစ်ရှောင်စခန်းတွေ၊ ဘာသာရေးအဆောက်အဦး၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံဆေးခန်းလိုနေရာမျိုးကို ဝေဟင်ကနေ ကင်းထောက်ပြီး မကြာခဏ ပစ်မှတ်ထား ဗုံးတိုက်ခိုက်ခံနေရတာလို့ ကရင်နီကာကွယ်ရေးတပ်နဲ့ လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။