စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းအတွက် အရေးပါတဲ့နယ်မြေတွေ စစ်ကောင်စီ လက်လွတ် ဆုံးရှုံးနေ

သံတွဲလေဆိပ်ကိုသိမ်းပိုက်လိုက်ကြောင်း AA ကြေညာခဲ့ (ဇူလိုင် ၇၊ ၂၀၂၄)

တရုတ်က ကြားဝင်စေ့စပ်ပေးထားတဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပြီးတဲ့နောက် ၁၀၂၇ စစ်ဆင်ရေး တကျော့ပြန် တိုက်ပွဲတွေ ဖြစ်ပွားလာနေပါတယ်။

ဒီလို တိုက်ပွဲတွေပြန်ဖြစ်လာတဲ့အတွက် မြန်မာ စစ်ကောင်စီဟာ နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းနဲ့ အနောက်ဘက် ကမ်းရိုးတမ်းတလျှောက် စီးပွားရေးအရ အချက်အချာကျတဲ့ နေရာတွေကို ဆုံးရှုံးရခြေ ရှိနေတယ်လို့ Bangkok Post သတင်းစာမှာ ဖော်ပြထားပါတယ်။

ရခိုင်ဘက်မှာဆိုရင်လည်း သံတွဲဒေသတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်း ၄၀၀ ကျော်နဲ့ လက်နက် ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိတယ်လို့ AA အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။ သံတွဲလေဆိပ်အပါအဝင် သံတွဲမြို့ဝန်းကျင် စစ်ကောင်စီတပ်စခန်းတွေနဲ့ တပ်ရင်းဌာနချုပ်တွေကို AA ဖက်က သိမ်းပိုက်ရရှိထားပြီး သံတွဲမြို့ကိုသိမ်းယူဖို့ လက်ကျန် စစ်ကောင်စီ တပ်ရင်းတခုပဲ ကျန်ရှိတော့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရှမ်းပြည်မြောက်ပိုင်း တရုတ်၊ လာအိုနဲ့ ထိုင်းနယ်စပ်မှာဆိုရင်လည်း တအန်းအမျိုးသား လွတ်မြောက် ရေးတပ် (TNLA)၊ ကိုးကန့် (MNDAA) အပါအဝင် ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေက လာရှိုးနဲ့ ရတနာမြေလို့ ခေါ်တဲ့ မိုးကုတ်မြို့တွေမှာတိုက်ပွဲတွေပြင်းထန်နေတာပါ။

ဒီလို တိုက်ပွဲတွေတကျော့ပြန်ပြင်းထန်လာနေချိန်မှာပဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းဦးဆောင်တဲ့ အဖွဲ့ဟာ တရုတ်နိုင်ငံ Qingdao မြို့ကို သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်း ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီဖြစ်တဲ့ SAC-M ရဲ့ မေလတွင်းက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ နိုင်ငံတွင်းမှာရှိတဲ့ ၈၆ ရာခိုင်နှုန်းသောမြို့နယ်တွေကို စစ်ကောင်စီဘက်က လက်လွတ်ဆုံးရှုံးလိုက်ရတယ်လို့ ဖော်ပြထားပါတယ်။ ဒီလို အခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို မှတ်ချက်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ တုံ့ပြန်မှု မရခဲ့ဘူးလို့လည်း Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းအတွက် အရေးပါတဲ့နယ်မြေတွေ စစ်ကောင်စီ လက်လွတ် ဆုံးရှုံးနေ