ရခိုင်ပြည်နယ် တိုက်ပွဲတွေမှာ အရပ်သားတွေ အကာအကွယ်ပေးဖို့ AA အဖွဲ့ကို SAC-M တိုက်တွန်း

စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄)

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ လူသားချင်း စာနာမှုဆိုင်ရာ နိုင်ငံတကာ ဥပဒေတွေကို လိုက်နာဖို့ အာရက္ခတပ်တော် (AA) အဖွဲ့ကို ကုလသမဂ္ဂ အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဒီကနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ AA ကြား မောင်တောမြို့နယ်မှာ တိုက်ပွဲတွေကြောင့် နတ်မြစ်ကိုကူးပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးဖို့ ကြိုးစားကြတဲ့ ရိုဟင်ဂျာတွေ တိုက်ခိုက်ခံရမှုကြောင့် ၂၀၀ လောက်အထိ သေဆုံးတယ်ဆိုတဲ့ သတင်းတွေကို လက်ခံရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။ ဒရုန်းတွေ၊ လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခံခဲ့ရပြီး၊ AA အဖွဲ့ရဲ့ လက်ချက်အဖြစ် စွပ်စွဲမှုတွေ ရှိတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့မှာ တုန်းကလည်း ဘူးသီးတောင်မြို့နယ်မှာ ရိုဟင်ဂျာတွေ တိုက်ခိုက်ခံခဲ့ရတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး AA အဖွဲ့ လက်ချက်အဖြစ် စွပ်စွဲခံခဲ့ရဖူးတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။ AA အဖွဲ့ကတော့ တိုက်ပွဲတွေအတွင်း ရိုဟင်ဂျာတွေကို စစ်ကောင်စီ တပ်တွေက လူသားဒိုင်းအဖြစ် အသုံးပြုတာတွေ ရှိခဲ့ကြောင်း စွပ်စွဲခဲ့ပြီး၊ လွတ်မြောက်အောင် ကယ်တင်ခဲ့တာတွေ ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

SAC-M ထုတ်ပြန်ချက်မှာတော့ ရိုဟင်ဂျာတွေနဲ့ တခြားအရပ်သားတွေအပေါ် ကျုးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ ဘယ်သူ့လက်ချက်ဆိုတာ လတ်တလော အဆုံးအဖြတ် မပေးနိုင်သေးဘူးလို့ ဖော်ပြခဲ့တာပါ။ ဒါပေမဲ့လည်း ရခိုင်ပြည်နယ်မှာ AA အဖွဲ့ဟာ စစ်ကောင်စီတပ်ဖွဲ့တွေကို အသာစီးရပြီး ထိန်းချုပ်ထားတာ ဖြစ်တာကြောင့် အရပ်သားတွေကို အကာအကွယ်ပေးဖို့ လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာ ဥပဒေတွေကို လိုက်နာဖို့ လိုအပ်ကြောင်းလည်း သတိပေးထားပါတယ်။

Your browser doesn’t support HTML5

ရခိုင်ပြည်နယ် တိုက်ပွဲတွေမှာ အရပ်သားတွေ အကာအကွယ်ပေးဖို့ AA အဖွဲ့ကို SAC-M တိုက်တွန်း