လက်နက်စွန့်ပြီး ပါတီနိုင်ငံရေးလုပ်ဖို့ တိုင်းရင်းသားနဲ့ PDF တွေကို စစ်ကောင်စီကမ်းလှမ်း

  • VOA Burmese

မြန်မာနိုင်ငံရဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားနေစဉ် (ဩဂုတ် ၅၊ ၂၀၂၄)

တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးနဲ့ ရွေးကောက်ပွဲဝင်ကြဖို့ စစ်ကောင်စီက တိုက်တွန်းထုတ်ပြန်ပါတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်ကြဖို့ကိုလည်း စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ကမ်းလှမ်းဖိတ်ခေါ်ထားပါတယ်။

ရွေးကောက်ပွဲတရပ်ပြုလုပ်နိုင်ဖို့ မဲစာရင်းမှန်ကန်ရေး သန်းခေါင်စာရင်းကောက်ခံမှုတွေကို အောက်တိုဘာလ ၁ ရက်နေ့က စတင်မယ်လို့လည်း ဒီကြေညာချက်မှာဖော်ပြပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရခဲ့တဲ့ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ မဲလိမ်လည်မှုရှိတယ်ဆိုပြီး ၂၀၂၁ ဖေဖော် ဝါရီမှာ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ မဲမသမာမှုတွေကို ဖြေရှင်းဖို့ နိုင်ငံရေးအရနည်းလမ်းမျိုးစုံနဲ့ ညှိနှိုင်းဖြေရှင်းဖို့ ကြိုးပမ်းမှုတွေ လျစ်လျူပြုခံရသလို နိုင်ငံတော်အာဏာကို ထိန်းသိမ်းဆောင်ရွက်ခဲ့ရတယ်လို့စစ်အာဏာသိမ်းခဲ့ရတဲ့အကြောင်းကိုလည်း ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို စစ်တပ်ကအကြမ်းဖက်နှိမ်နင်းခဲ့တဲ့နောက် နိုင်ငံအဝန်း စစ်ကောင်စီကိုလက်နက်ကိုင် ဆန့်ကျင်မှုတွေပေါ်လာခဲ့ပြီး PDF ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေ ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေနဲ့ PDF တွေရဲ့ စစ်ဆင်မှုတွေကြောင့် စစ်ကောင်စီ စစ်စခန်းတွေ၊စစ်ဌာနချုပ်တွေအပြင် မြို့တွေကိုပါ စစ်ကောင်စီက လက်လွှတ်ခဲ့ရပါတယ်။ အာဏာသိမ်းပြီးနောက် မတည်ငြိမ်မှုတွေဖြစ်နေချိန်မှာ မြန်မာစစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြန်စဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ အခုတဖန် လက်နက်စွန့်ကြပြီး ပါတီနိုင်ငံရေးနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ကြဖို့ စစ်ကောင်စီက ကမ်းလှမ်းလာတာပါ။

Your browser doesn’t support HTML5

လက်နက်စွန့်ပြီး ပါတီနိုင်ငံရေးလုပ်ဖို့ တိုင်းရင်းသားနဲ့ PDF တွေကို စစ်ကောင်စီကမ်းလှမ်း