သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်းတွင်း သံဃာတော်များ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်


ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော် ပစ်ခတ်ခံရပြီး ပျံလွန်းတော်မူတာနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းထဲက ဆရာတော် သံဃာတော်တွေဟာ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်အခမ်းအနား။ (ဓာတ်ပုံ-Courtesy photo)
ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော် ပစ်ခတ်ခံရပြီး ပျံလွန်းတော်မူတာနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းထဲက ဆရာတော် သံဃာတော်တွေဟာ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်အခမ်းအနား။ (ဓာတ်ပုံ-Courtesy photo)

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံရပြီး ပျံလွန်တော်မူတာနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းထဲက ဆရာတော် သံဃာတော်တွေဟာ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်နေကြပါတယ်။ စစ်ခေါင်းဆောင်အနေနဲ့ ဒီဖြစ်စဉ်အပေါ် လူကိုယ်တိုင် ဝန်ခံတောင်းပန်တာကို သပိတ်မှောက်ဆရာတော်တွေကလိုလားနေပြီး တခြား ဆရာတော်သံဃာတော်တွေလည်း ပါဝင်ကြဖို့ နှိုးဆော်ထားပါတယ်။ ဒါနဲ့ပတ်သက်လို့ ရန်ကုန်က သတင်းပေးပိုချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပစ်ခတ်ခဲ့လို့ ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူရတဲ့အပေါ် စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်ထဲ ဇွန်လ ၂၃ ရက်နဲ့ ၂၄ ရက်တို့မှာ သံဃာတော်တွေက ဆက်တိုက်ဆိုသလို ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်လာကြပါတယ်။

ဆရာတော်ထုတ်ဝေခဲ့တဲ့ စာပေတွေကို ဖတ်ရှုသင်ကြားခဲ့ရတဲ့ ချောင်းဦးမြို့နယ်ထဲက ဆရာတော်သံဃာ ၁၅ ပါးလောက်က ဇွန် ၂၃ ရက်မှာ စုပေါင်းပြီး စတင်သပိတ်မှောက်ခဲ့ကြတာပါ။ သပိတ်မှောက်တဲ့ အခြေအနေနဲ့ပတ်သက်လို့ ဦးဆောင်ဆရာတော်တပါးက ဗွီအိုအေကို အခုလို မိန့်ပါတယ်။

"အရင်စာသင်သားဘဝတုန်းက ဦးဇင်းတို့က သူ့(ဆရာတော့်) ကျမ်းစာတွေကို ဖတ်ရတယ်လေ။ အဲ့ဒါကို အမှီပြုပြီး စာမေးပွဲ အဆင့်ဆင့် အောင်လာတာလေ။ ဦးဇင်းတို့က ဆရာတော်ကြီးကို ဒီလိုလုပ်ရမလားဆိုပြီးတော့ ဦးဇင်းတို့ ပတ္တနိက္ကုဇ္ဇန ကံဆောင်လိုက်တာပါ။ ကျေးဇူးတွေများလို့မို့လို့။ အခြေအနေတွေမှာ မူတည်ပြီး ဦးဇင်းတို့က ပြန်ပြီးတော့လည်း သပိတ်လှန်မှာပေါ့။ ဦးဇင်းတို့က အခြေအနေပေါ်ကြည့်ပြီး သုံးသပ်မှာပေါ့။"

ဇွန်လ ၂၄ ရက် တနင်္လာနေ့ မွန်းတည့်ချိန်မှာ ဒီပဲယင်းမြို့နယ်ထဲက ဆရာတော် ၃၀ နီးပါးလောက်ဟာလည်း သပိတ်မှောက်ကံဆောင်မှုမှာပါဝင်လာပါတယ်။ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးအပြင် နွေဦးတော်လှန်ရေးကာလမှာ စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ဆရာတော်တွေရှိတဲ့အတွက် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ အမှားကို ဝန်ချတောင်းပန်ဖို့ကိုလည်း ဆရာတော်တွေက လိုလားနေကြတာပါ။

ဒီပဲယင်းမြို့နယ်မှာ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်တာကို ဦးဆောင်တဲ့ ဆရာတော် တပါးကလည်း အခုလို မိန့်ပါတယ်။

"ဆရာတော်ကြီး ရက်ရက်စက်စက် သတ်ဖြတ်ခံရတာဟာ အဓိက အကြောင်းပေါ့။ အဲ့ဒါတင်မကပါဘူး။ ဦးဇင်းတို့အဓိက ရည်ရွယ်တာတွေက နွေဦးတော်လှန်ရေး ကာလတလျှောက်မှာ အကြမ်းဖက်စစ်ကောင်စီ သတ်ဖြတ်ဖမ်းဆီးထောင်ချပေါ့။ အဲ့လိုကျူးလွန်ခံရတဲ့ သံဃာတွေဟာ ဆယ်ချီ ရာချီ များစွာရှိနေပါပြီ။ အဲ့လို ရဟန်းသံဃာတွေအပေါ်မှာ လက်လွတ်စပယ် မလုပ်ဖို့။ နောက်တခါ ဒီကိစ္စတွေအပေါ်မှာ အဓိကတာဝန်ရှိတဲ့ စစ်အာဏာရှင်ခေါင်းဆောင်ဖြစ်တဲ့ မင်းအောင်လှိုင်တို့ ကိုယ်တိုင် တာဝန်ခံမှု တာဝန်ယူမှုရှိရှိနဲ့ ဖြေရှင်းဖို့၊ ယခုကိစ္စတွေကို တိုင်းပြည်ကျေနပ်အောင်၊ သံဃာထုကျေနပ်အောင် မင်းအောင်လှိုင်တို့ကိုယ်တိုင် တာဝန်ယူမှုရှိရှိနဲ့ ကျေနပ်အောင် ပြန်လည်တောင်းပန်ဖို့ ဒီပဲယင်းသံဃာတွေက ပတ္တနိက္ကုဇ္ဇန ကံဆောင်ပြီးတော့ သပိတ်မှောက်ခြင်းဖြစ်ပါတယ်။ ဦးဇင်းတို့ရဲ့ ညီတော် နောင်တော်တွေကို ပြောချင်တာက ဒီလိုတော်လှန်ရေးကာလကြီးမှာ ပြည်သူလူထု ဆွမ်းကျေးဇူးရှင်တွေ ဒုက္ခရောက်နေချိန် အကြမ်းဖက် စစ်ကောင်စီက အကြမ်းဖက် နှိပ်စက် ညှင်းပန်းနေချိန်မှာ မိမိတို့နဲ့ မဆိုင်သလိုမနေကြဖို့၊ အဲ့အတွက် ပြည်တွင်းပြည်ပရှိနေတဲ့ သံဃာတွေက ညီညီညွတ်ညွတ်နဲ့ သပိတ်မှောက်ကံဆောင်တာတွေ ဆန္ဒပြတာတွေ ကန့်ကွက် ထုတ်စာတွေမှာ ညီညီညွတ်ညွတ်ပါဝင်ဖို့ ပြည်သူလူထုနဲ့ အတူ တသားတည်း ရပ်တည်ကြဖို့ ဦးဇင်းက တိုက်တွန်းချင်တယ်။"

ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဈာပနမှာ သီတဂူဆရာတော်ဘုရားကြီး ဟောကြားသွားတဲ့ သည်းခံ၊ခွင့်လွှတ်၊ မေ့ပျောက်ကြဖို့ဆိုတဲ့ မိန့်ကြားချက်နဲ့ပတ်သက်လို့လည်း သံဃာတော်တွေကြား မကျေနပ်မှုတွေရှိနေပါတယ်။ သီတဂူဆရာတော်ကြီးအနေနဲ့ စစ်ကောင်စီကို တောင်းပန်ဖို့ မဟောကြားဘဲ အာဏာသိမ်း စစ်ခေါင်းဆောင်ဘက်ကနေ တဘက်သတ် ပြောကြားတာသာဖြစ်တယ်လို့လည်း သပိတ်မှောက်ကံဆောင်ဆရာတော်တွေက မိန့်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်အနေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ဝင်းနိမ္မိတာရုံ ဆရာတော် ပစ်ခတ်ခံရလို့ ပျံလွန်တော်မူတာနဲ့ ပတ်သက်ပြီး ဝမ်းနည်းရတဲ့အပြင် ဒီဖြစ်စဉ်အပေါ်မှာ အလေးနက်ထား တောင်းပန်ကြောင်း လျှောက်ထားလွှာကို ဇွန်လ ၂၄ ရက်က သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ကို လာရောက် ဖတ်ကြားလျှောက်ထား ခဲ့ပေမယ့် မေ့ပျောက်ဖို့ မဖြစ်နိုင်ဘူးလို့ ဆရာတော်တွေက တုံ့ပြန်ခဲ့ကြပါတယ်။

ပျံလွန်တော်မူရတဲ့ ဆရာတော်ကြီးအပြင် နွေဦးတော်လှန်ရေးကာလအတွင်း ဖမ်းဆီး နှိပ်စက် သတ်ဖြတ် ခံရတဲ့ ဆရာတော်တွေအတွက်ပါ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လူကိုယ်တိုင် ဝန်ချတောင်းပန်မှ သပိတ်မှောက်တာကို ရုပ်သိမ်းမယ်လို့ ကံဆောင်သပိတ်မှောက်တဲ့ ဆရာတော်တွေက မိန့်ကြားပါတယ်။

ဆရာတော်ကြီး ပစ်ခတ်ခံရတာနဲ့ ပတ်သက်လို့ အစောပိုင်းမှာ PDF ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ပစ်ခတ်တာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပြီး နောက်ရက်မှာတော့ ကန်သုံးဆင့် ဆရာတော်က စစ်ကောင်စီလုံခြုံရေးတပ်တွေပစ်ခတ်တဲ့ အဖြစ်မှန်ကိုထုတ်ပြောခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒီဖြစ်စဉ်ကို ပြန်လည် စိစစ်နေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပတ္တနိက္ကုဇ္ဇန ကံဆောင်တာဟာ စစ်ကောင်စီနဲ့ အဆက်အသွယ်ဖြတ်ပြီး လှူဒါန်းတဲ့ပစ္စည်းတွေလက်မခံ အလှူမခံဘဲ စစ်ကောင်စီကို တရားဟောကြားတာတွေရှောင်ကျဉ် သပိတ်မှောက်တာဖြစ်တယ်လို့ ဆရာတော်တွေက မိန့်ပါတယ်။ ၂၀၀၇ ခုနှစ်က သံဃာ့အရေးအခင်းလို့ လူသိများတဲ့ ရွှေဝါရောင်တော်လှန်ရေးတုန်းကလည်း နိုင်ငံအတွင်းက ဆရာတော်တွေဟာ ပတ္တနိက္ကုဇ္ဇန ကံဆောင် ပိတ်မှောက်ခဲ့ပြီး ယနေ့အထိအချိန်အထိ သပိတ်ပြန်လှန်တာမရှိသေးပါဘူး။ ၁၉၉၀ ခုနှစ်တုန်းကလည်း အဲဒီကာလ စစ်အစိုးရကို မန္တလေးသံဃာတွေဦးဆောင်ပြီး ပတ္တနိက္ကုဇ္ဇန ကံဆောင် ပိတ်မှောက်ခဲ့လို့ ဆရာတော် သံဃာတော်အများပြား ဖမ်းဆီးထောင်ချတာ ခံခဲ့ကြရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG