သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေဝါရောင် သံဃာလှုပ်ရှားမှု ၁၂ နှစ်ပြည့် ရန်ကုန်မှာကျင်းပ


၂၀၀၇ စက်တင်ဘာ ၂၄ ရက်နေ့တုန်းက ရွှေဝါရောင် သံဃာလှုပ်ရှားမှု ဓါတ်ပုံ
၂၀၀၇ စက်တင်ဘာ ၂၄ ရက်နေ့တုန်းက ရွှေဝါရောင် သံဃာလှုပ်ရှားမှု ဓါတ်ပုံ

စစ်အာဏာရှင်စနစ်က မြန်မာနိုင်ငံလွတ်မြောက်ရေး လှုပ်ရှားမှုတွေထဲက ထင်ရှားတဲ့ လူထုလှုပ်ရှားမှုတခုဖြစ်တဲ့ ၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကြီးဟာ ဒီကနေ့ဆိုရင် ၁၂နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်ပါတယ်။

ကုန်ဈေးနှုန်းတွေမတက်အောင် အစိုးရက ကိုင်တွယ် ဖြေရှင်းမပေးနိုင်တာကို အကြောင်းပြုပြီး သံဃာတော်တွေဦးဆောင်တဲ့ ဒီလှုပ်ရှားမှုမှာ လူပေါင်း တသိန်းနီးပါး လမ်းပေါ်ထွက် စစ်အာဏာရှင်ဖြုတ်ချဖို့ ကြိုးစားခဲ့တဲ့နေ့လည်း ဖြစ်ပါတယ်။ ၁၂ကြာခဲ့ပြီး အရပ်သားအစိုးရ တက်လာပေမဲ့လည်း စစ်အာဏာရှင်ရဲ့ အငွေ့အသက်တွေ ကျန်နေသေးပြီး ပြည်သူတွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ထိန်းချုပ်မှုအောက်ကနေ မလွတ်မြောက် သေးဘူးလို့ ဒီလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ သံဃာတော်တွေက ပြောပါတယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက် မေးမြန်းပေးပို့ ထားပါတယ်။

လောင်စာဆီဈေးနှုန်း အဆမတန်မြင့်တက်သွားမှုကြောင့် ၂၀၀၇ ခုနှစ် စက်တင်ဘာလတုန်းက သံဃာတော်တွေ ဦးဆောင်လှုပ်ရှားခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်အောက်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ကြိုးပမ်း လှုပ်ရှားမှုတွေထဲမှာ ပြည်တွင်းတင်သာမကဘဲ ကမ္ဘာက အာရုံစိုက်ရတဲ့ ထင်ရှားတဲ့ လှုပ်ရှားမှုကြီးဖြစ်ပါတယ်။

စစ်အာဏာရှင်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ ပြည်သူတွေဟာ မလွတ်မြောက်နိုင်သေးလို့ သူတို့ အဓိက ရည်မှန်းချက်တွေ မပြည့်ဝသေးကြောင်း ရွှေဝါရောင်တော်လှန်ရေး ၁၂ နှစ်ပြည့်တဲ့ ဒီနေ့ စက်တင်ဘာ ၂၇မှာ ရွှေဝါရောင်လှုပ်ရှားမှု ဦးဆောင်ဆရာတော် ဦးဣန္ဒက က ဗွီအိုအေကို အခုလိုမိန့်ပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီ အပြည့်အဝရရှိရေးကို အခုအချိန်အထိ အပြည့်အဝ မရလာသေးဘူးလေ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီးက စစ်အုပ်ရဲ့ လွှမ်းမိုးခြင်းကို ခံထားနေရတယ်ဆိုတော့ အခုအချိန်အထိ လက်ရှိအာဏာရ NLD အစိုးရက အဲဒီဥပဒေကြီးအတိုင်းသွားနေရတာ။ အဲဒီ ဥပဒေကို ပြင်ဖို့ကြိုးစားနေတဲ့ အဆင့်ပဲရှိသေးတယ်။ ဒီမိုကရေစီနဲ့အညီဖြစ်တဲ့ ဥပဒေမျိုးဖြစ်လာမှသာလျှင် မူရရည်ရွယ်ချက် တောင်းဆိုချက်တွေ ပြည့်ဝမယ်လို့ ယုံကြည်ပါတယ်။”

၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ စစ်အစိုးရဟာ နောက်တနှစ် ၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ်ပြီး ပြည်သူ့ဆန္ဒခံယူ အတည်ပြုလိုက်ပါတယ်။ စစ်အာဏာရှင်စနစ်ကို ၂၀၀၈ ဖွဲ့စည်းပုံနဲ့ အကာအကွယ်ယူထားသရွှေ့ ပြည်သူတွေက လွတ်မြောက်နိုင်မှာ မဟုတ်ဘူးလို့ ရွှေဝါရောင်တော်လှန်းရေးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဆရာတော် ဦးစန္ဒာသီရိ က မိန့်ပါတယ်။

“တိုင်းပြည်မှာ စစ်အာဏာရှင်စနစ်ရဲ့ အငွေ့အသက်တင်မဟုတ်ဘူး စစ်အာဏာရှင်စနစ် လုံးလုံးလျားလျားကို ရှိနေသေးတယ်။ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှု ချုပ်ခြယ်မှု အောက်မှာပဲ နေနေရသေးတယ်။ သူတို့ရဲ့ ဖိနှိပ်မှုတွေကို ဘာနဲ့ အကာကွယ်ပြုထားလဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေနဲ့ အကာအကွယ်ယူပြီး တော့မှ ပြည်သူလူထုကို ဖိနှိပ်ချုပ်ခြယ်နေတုန်းပဲ။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဟာ ၂၀၁၅ ရွေးကောက်ပွဲကို အပြတ်အသတ် အနိုင်ရခဲ့ပေမဲ့ စီးပွားရေးကဏ္ဍမှာ အပြောင်းအလဲ ကြီးကြီးမာမား မရှိတဲ့အပေါ်မှာလည်း အများစုက ဝေဖန်လာတာလည်းရှိပါတယ်။ မြန်မာ့စီးပွားရေးမှာ စစ်တပ်နောက်ခံပြုထားတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ လွှမ်းမိုးမှုက များသလို၊ ပြည်တွင်းစစ် တွေကြောင့်လည်း အခက်အခဲတွေကြုံနေတယ်လို့ ယူဆကြောင်း ဆရာတော် မင်းသုညကလည်း မိန့်ပါတယ်။

“အဲဒီတော့အာဏာရှင် စနစ်အောက်ကနေ လွှတ်အောင်ရုန်းရတဲ့ ပြဿနာပေါ့။ လက်ရှိ NLD အစိုးရမှာ လုပ်လို့ရတဲ့အပိုင်းတွေရှိတယ်၊ မရတဲ့အပိုင်းတွေ ရှိတယ်။ ဒီနေ့ စစ်တပ်ကလည်း စီးပွားရေးတွေ ဦးပိုင် အစရှိသည်ဖြင့် အကုန်လုံး လက်ဝါးကြီးအုပ်ထားတယ်။ စစ်မက်တွေကလည်း ဖြစ်နေတယ်။ အဲဒီတော့ NLD အနေနဲ့ ရှေ့ဆက်လို့မရတဲ့ စီးပွားရေးအခက်အခဲတွေလည်း အများကြီးရှိတာကို ဦးပဉ္ဖင်းတို့ သံဃာတော်တွေကတော့ နားလည်ကြတယ်။”

အလုပ်အကိုင်ရှားပါးပြီး ကုန်ဈေးနှုန်းကြီးတဲ့ဒဏ်ကို မခံနိုင်တော့တဲ့ ပြည်သူတွေဟာ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ ၂၅ရက်ကစလို့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး နောက်တနေ့မှာ အနယ်နယ်အရပ်ရပ်က သံဃာတော်တွေနဲ့ ပြည်သူတွေ ရန်ကုန်မြို့လယ်ခေါင်မှာ စုဝေးလှည့်လည်ခဲ့ကြပါတယ်။ စက်တင်ဘာ ၂၆၊ ၂၇ မှာတော့ လမ်းပေါ်က သံဃာနဲ့ လူထုကို စစ်တပ်က လက်နက်သုံးဖြိုခွင်းခဲ့ပြီး ဘုန်းကြီးကျောင်းတွေထဲ ဝင်ရောက် ရိုက်နှက် ဖမ်းဆီးခဲ့ကြတာပါ။

စစ်တပ်က အကြမ်းဖက်ဖြိုးခွင်းခဲ့တာကြောင့် ဂျပန်နိုင်ငံသား သတင်းထောက် ကန်ဂျိ နာဂအိ အပါအဝင် ရဟန်း၊ သံဃာတော်တွေနဲ့ အရပ်သားပြည်သူ အများအပြား သေဆုံးခဲ့ရပါတယ်။ အဲဒီနောက်မှာ အာဏာပိုင်တွေက ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ သံဃာတော် အများစုနဲ့ အရပ်သား ပြည်သူတွေကို ဖမ်းဆီး ထောင်ချ၊ နှိပ်စက်တာတွေ ပြုလုပ်ခဲ့သလို အဲဒီ သံဃာတော်တွေ သတင်းသုံးခဲ့တဲ့ ဘုန်းတော်ကြီးကျောင်း တွေကိုလည်း ချိတ်ပိတ်ခဲ့ပါတယ်။

..................

{Unicode}












တိုက်ရိုက် လင့်ခ်


XS
SM
MD
LG