ရှမ်း-ကယားနယ်စပ် ကျေးရွာတွေဘက် စစ်ကောင်စီ လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးမှုဖြစ်နေသည့် ဖယ်ခုံမြို့နယ် တနေရာ။ (Photo: ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖယ်ခုံမြို့နယ်)

ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်အရှေ့ပိုင်းနဲ့ မိုးဗြဲမြို့ဘက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေလို့ စစ်ဘေး ရှောင်ပြည်သူတွေနဲ့ ဒေသခံရွာသူရွာသားတွေ စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။ အခုလို လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်နေတာကြောင့် ကျေးရွာ ၃ရွာထက် မနည်းက ပြည်သူ ရာနဲ့ချီ ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြရပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်အရှေ့ပိုင်းနဲ့ မိုးဗြဲမြို့ က အရပ်သားပြည်သူ နေထိုင်တဲ့ဘက်ကို အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က နေ့စဉ်ဆိုသလို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ခုလို ပြောပါတယ်။

“ဒီရက်ပိုင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ မိုးဗြဲဆည်ရဲ့ အရှေ့ဖက်ကမ်း၊ ဖယ်ခုံမြို့နယ်အရှေ့ဘက်ကမ်း ကျေးရွာဖက်ကို စစ်ကောင်စီဖက်က လက်နက်ကြီးတွေနဲ့ တောက်လျှောက်တိုက်ခိုက် နေတာရှိတယ်။ နောက်ပြီးတော့ ဒရုန်းတွေနဲ့ပေါ့၊ မိုးဗြဲ ဘေးပတ်ဝန်းကျင်မှာ ဒရုန်းတွေနဲ့ လက်ပြီးမှ တိုက်ခိုက်နေတာမျိုးတွေ စစ်ကောင်စီဘက်က လုပ်ဆောင်နေတယ်။ လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကိုတော့ ကျနော်တို့ မသိရသေးဘူးပေါ့နော်။ ဆိုတော့ နေ့စဉ်ရက်ဆက် လက်နက်ကြီးနဲ့ အဓိက တိုက်ခိုက်တာ ၄-၅ ရက်လောက်တော့ ရှိပြီးပေါ့နော်။”

စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်တွေကြား နှစ်ဘက် တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အခုလို လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်နေတာကြောင့် ဖယ်ခုံမြို့နယ် လွယ်ပန်းစုံကျေးရွာ အပါအဝင် ၃ရွာထက်မနည်း လူဦးရေ ရာချီ ထပ်မံရွှေ့ပြောင်းနေကြရပါတယ်။ အရပ်သားပြည်သူတွေ ကျေးရွာတွေထဲကို စစ်ကောင်စီဘက်က ပစ်မှတ်ထား တိုက်ခိုက်နေတာလို့ KNDF ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ဆက်ပြောပါတယ်။

“အဲ့ဒီနေရာတွေက တိုက်ပွဲဧရိယာလည်းမဟုတ်ဘူးပေါ့နော်။ အဲ့နေရာက စစ်ကောင်စီလည်းမရှိဘူး။ မြို့ရဲ့ အရှေ့ဘက်ကမ်းမှာ ရှိတာကို ဖယ်ခုံအင်းကြီး ခြားထားတယ်ပေါ့နော်။ စစ်ကောင်စီက ပြည်သူလူထုကို သက်သက်မဲ့ နေလို့မရအောင် ပစ်မှတ်ထား တိုက်ခိုက်တာပဲ ဖြစ်တယ်ပေါ့နော်။ လက်နက်ကြီးကျတာကတော့ အနည်းဆုံး ၃ရွာလောက်ရှိတယ်ပေါ့နော်၊ အဲ့ဒီ ၃ရွာက ပြည်သူတွေကတော့ ရှောင်တိမ်းနေရတယ်။”

စစ်ကောင်စီတပ်က သူတို့စခန်းချထားတဲ့ လွိုင်ကော်၊ လွိုင်လင်လေး ဖယ်ခုံမြို့ပေါ် စတဲ့နေရာစုံက ပစ်ခတ်နေတာလို့ ကရင်နီလူ့အခွင့်အရေးတည်ထောင်သူ ကိုဗညားခွန်အောင်က ဗွီအိုအေကို ပြောပါတယ်။

“ဖယ်ခုံကနေ ပစ်လာတာရှိတယ်။ လွိုင်ကော်ကနေ ပစ်လာတာရှိတယ်။ နောက် လွိုင်လင်လေးဖက်နေလည်း(ပစ်တယ်)ဝိုင်းပစ်တဲ့ ပုံစံမျိုးဖြစ်တာပေါ့နော်။ အဲ့ကြောင့်မို့ မိုးဗြဲမြို့ရပ်ကွက် တချို့တွေမှာ အိုးအိမ်ပျက်စီးမှု အတော်အသင့်ရှိတယ်။”

လက်နက်ကြီးပစ်တာကြောင့် ဖယ်ခုံမြို့နယ် အရှေ့ပိုင်းနဲ့ မိုးဗြဲမြို့ပေါ်က သေဆုံးထိခိုက်တာရှိမရှိ မသိရပေမယ့် အိုးအိမ်ပျက်စီးမှု များပြားတယ်လို့ ဆိုပါတယ်။ ဒေသတွင်းမှာ အင်တာနက်လိုင်း ဖုန်းနဲ့ ပြတ်တောက်ခံထားရသလို လုံခြုံရေးအခြေအနေကြောင့် သွားလာဖို့ ခက်ခဲတယ်လို့ ကိုဗညားခွန်အောင်က ပြောပါတယ်။

အခုလိုစစ်ကောင်စီရဲ့ပစ်ခတ်မှုတွေကြောင့် ကလေးသူငယ်နဲ့ အသက်အရွယ်ကြီးရင့်သူတွေ လုံခြုံရေး စိုးရိမ်ကြောက်လန့်နေသလို စိတ်ဒဏ်ရာလည်း ရနေကြတယ်လို့ ကရင်နီလူ့အခွင့်အရေးတည်ထောင်သူ ကိုဗညားခွန်အောင်က ဆက်ပြောတယ်။

“ဖက်ခုံအရှေ့ဖက်ခြမ်းဆိုရင် လူထုတွေ ရှိနေသေးတယ်လေနော်။ အများကြီးရှိနေသေးတယ်။ အရင်တလောကလည်း ကျရောက်ပေါက်ကွဲတော့ သေဆုံးမှုတွေ ရှိတယ်ပေါ့နော်။ အဲ့ဒီဟာ စိုးရိမ်ချက်တွေ ကြောက်ရွံ့မှုတွေကတော့ နေ့တိုင်းရှိနေတယ်ပေါ့။ အခုလိုမျိုး နေ့ရောညပါ လက်နက်ကြီးထုတယ်၊ ရွာထဲမှာ ကျတယ်ဆိုတော့ အသက်ကြီးရွယ်အိုတွေ ကလေးတွေက ပိုပြီးမှ စိတ်ဒဏ်ရာ ကြောက်ရွံ့မှုနဲ့အတူ စိတ်ဒဏ်ရာတွေ ဒီကျန်းမာရေးအရပေါ့နော် ထိခိုက်မှုတွေ အများကြီးဖြစ်စေတာ။”

ပြီးတဲ့ နိုဝင်ဘာလကုန်ပိုင်းက ဖယ်ခုံမြို့နယ် ကုန်းပေါကျေးရွာမှာ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ကလေးငယ် ၂ဦးအပါအဝင် ၆ဦး သေဆုံးခဲ့ပြီး ၅ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင် လှုပ်ရှားမှုကြောင့် ပြီးခဲ့တဲ့လကုန်ပိုင်းမှာ လွိုင်ကော်-မိုးဗြဲလမ်းပိုင်းမှာ ကရင်နီပူးပေါင်းတပ်နဲ့ နှစ်ဖက်တိုက်ပွဲပြင်းထန်လာခဲ့ပြီး စစ်ကောင်စီတပ်က မြေပြင်မှာ အထိနာခဲ့တဲ့နောက် အခုလို လက်နက်ကြ ီးတွေနဲ့ အဆက်မပြတ်တိုက်ခိုက်လာနေတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ ကယား ကရင်နီ-ရှမ်းနယ်စပ်ဘက်က စစ်ရေးတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။