မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲမှာ လေကြောင်းကနေ အောက်တိုဘာ ၂၁ ရက်နေ့က နှစ်ကြိမ်ပစ်ခတ်တာကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း ဘုတလင်ဘက်မှာလည်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း ၁၈ ဦးထက်မနည်းသတ်ဖြတ်ခံရပြီး အများအပြား ဖမ်းဆီးခံထားရပါတယ်။ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲကအခြေအနေ ရန်ကုန်ကပေးပို့တဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။
စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေရှိနေတဲ့ မန္တလေးတိုင်း မတ္တရာမြို့ နယ်ထဲကို အောက်တိုဘာ ၂၁ ရက် ညနေပိုင်းမှာ စစ်တပ်လေကြောင်းက ၂ ကြိမ်ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သား ၃ ဦး သေဆုံးခဲ့တာပါ။
အောက်တိုဘာ ၂၁ ရက် ညနေ ၄ နာရီကျော်မှာ မြွေတလိုင်းရွာနဲ့ ညနေ ၆ နာရီမှာ ဝန်စုရွာတို့ကို လေကြောင်းကတိုက်ခိုက်ခဲ့တာလို့ ဒေသခံတဦးက အခုလို ပြောပါတယ်။
"၄ နာရီလောက်က မတ္တရာအနောက်ခြမ်း ဧရာဝတီအရှေ့ဘက်ကမ်းကို တံတားဦးကတက်လာတဲ့ Mi35 နှစ်စီးနဲ့ ဂျက်ဖိုက်တာတစီး၊ သုံးစီးနဲ့စလုပ်တယ်။ မြွေတလိုင်းရွာက ဆိပ်ကမ်းမှာကပ်ထားတဲ့ သံခွန် (သင်္ဘောဘေးတွဲ) ပေါ်ကျပြီးတော့ ပြည်သူသားအမိ ၂ ယောက်သေတယ်။ (နောက်ထပ်) တယောက်က ဒဏ်ရာရလို့ ဆေးရုံတင်ထားရတယ်။ ဆေးရုံပေါ်ရောက်မှ ဆုံးသွားတယ်။ ၆ နာရီဝန်းကျင်မှာတခါ မတ္တရာအနောက်ခြမ်းမှာပဲ မိထ္ထီလာကတက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးရယ်၊ တံတားဦးက တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးရယ်၊ ၃ စီးပေါ့ ဝဲပြီးတော့ ၁ စီးကလုပ်သွားတယ်။ မတ္တရာအနောက်ခြမ်း ဝန်စုရွာကို လုပ်သွားတယ်။"
လေကြောင်းတိုက်ခိုက်တာကြောင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးတာရှိခဲ့ပြီး ဒေသခံ ၅ ဦးထက် မနည်းလည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါက မန္တလေးတိုင်းက အခြေအနေပါ။
စစ်ကိုင်းတိုင်းထဲက စစ်တပ်စစ်ကြောင်းထိုးနေတဲ့ ဘုတလင်မှာလည်း ဆက်ပြီး နယ်မြေရှင်းနေပါ တယ်။ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း အရပ်သား၁၈ ဦးထက်မနည်း အသတ်ခံခဲ့ရပြီး အများအပြားလည်း ဖမ်းဆီးခံထားရသလို စစ်တပ်ရဲ့ အခုလို လုပ်ဆောင်မှုတွေအပေါ် နိုင်ငံတကာက အရေးယူပေးစေချင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘုတလင်မြို့အခြေအနေနဲ့ ပတ်သက်ပြီး မြေပြင်အခြေအနေသိရှိတဲ့ ဒေသခံတဦးက အခုလို ပြောပါတယ်။
"မုံရွာမြို့မှာ စစ်ကြောင်းထိုးလာကတည်းက တရော်တောမှာ ၂ ယောက်၊ အုတ်ကျင်းမှာ ၁ ယောက် ဘုတလင်မြို့တွင်းမှာ ၆ ယောက်။ မြောက်ကြည်မှာ ၇ ယောက်မဟုတ်ပါဘူး။ ၂ ယောက်တည်းပါ။ ဆည်ဝမှာ ၁ ယောက်၊ စီပါမှာ ၆ ယောက်။ အခုသေဆုံးသူအကုန်လုံးက ကာကွယ်ရေးထဲက မပါ ပါဘူး။ ပြည်သူတွေပါ။ သေသွားတဲ့သူတွေက ဘယ်လိုတွေေကြောင့် သေကြသလဲဆိုရင် တချို့ကလည်း စစ်ကြောင်းပြန်ပြီထင်ပြီး ပြန်ဝင်တဲ့သူတွေဖြစ်တယ်။ တချို့ကလည်း အိမ်မှာနေရင်း ဘာမှ မလုပ်ပါဘူး ဆိုပြီး အဖိုးကြီး အဖွားကြီးပါပဲဆိုတဲ့သူတွေလည်းပါတယ်။ အကြောင်းအမျိုးမျိုးပေါ့။ အဆိုးဆုံးက တော့ ဘုတလင်မြို့ပေါ်ကို အိမ်ထဲကိုဝင်ပြီးတော့မှ ကြိုးတုပ်ပြီး သတ်တာလောက်တော့ မရှိဘူးပေါ့။ နိုင်ငံတကာကိုတော့ ဒီထက်အရေးယူ ပိတ်ဆို့မှုတွေနဲ့ ဆက်လက်ဆောင်ရွက်ပြီးတော့မှ လုပ်သင့် လုပ်ထိုက်တာတွေအကုန် အကူညီတောင်းချင်တာပေါ့။"
ဘုတလင်မြို့ပေါ်မှာ စစ်ကြောင်းထိုးချိန် နေအိမ်အတွင်းရှိတဲ့ မိသားစု ၅ ဦးစလုံးကို သတ်ဖြတ်သွားတာ ဖြစ်ပြီး သတ်ဖြတ်ခံရသူတွေထဲ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တဦးလည်း ပါဝင်ခဲ့ပါတယ်။
ဘုတလင်မြို့ပေါ်မှာ ကလေးငယ်တွေအပါအဝင် သတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်ပေမယ့် စီပါကျေးရွာမှာ ဒေသခံ ၆ ဦး သတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သတ်ဖြတ်သွားတာလို့ သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိ ဘုတလင်မြို့စစ်တပ်နယ်မြေရှင်းလင်းရေးအတွင်း နေအိမ် ၃၀၀ ထက်မနည်း မီးရှို့ခံထားရပြီး စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတဲ့ စီပါကျေးရွာဟာ နေအိမ် ၂၀၀ ကျော် နီးပါး အများဆုံး မီးရှို့ခံထားရတာဖြစ်ပါတယ်။
စစ်တပ် စစ်ကြောင်းဟာ အခုအခါ ဘုတလင် - သခွတ္တနယ် ကျေးရွာ ကားလမ်းဘေးမှာရှိတဲ့ ညောင်ကန်ကျေးရွာမှာ တပ်စွဲထားပြီး နေအိမ်အချို့လည်း မီးရှို့ခံရတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Your browser doesn’t support HTML5