သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီတင်းကျွတ်မှာ ရွာတွေ မီးရှို့ခံရတဲ့ ဘုတလင်


စစ်ကိုင်းတိုင်း ဘုတလင်မြို့အဝင် ဆိုင်းဘုတ်
စစ်ကိုင်းတိုင်း ဘုတလင်မြို့အဝင် ဆိုင်းဘုတ်

သီတင်းကျွတ်လပြည့်နေ့ မနက်ခင်းဝေလီဝေလင်းအချိန်မှာ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ထဲက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ဒေသခံတချို့ အသတ်ခံထားရပြီး ဒါဇင်နဲ့ချီ ဖမ်းဆီးခံထားရဆဲအချိန်မှာ အိမ်တွေ မီးရှို့ခံရတာဖြစ်ပါတယ်။ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်မှာလည်း စစ်တပ်က နယ်မြေရှင်းလင်းနေပြီး ဝေဟင်ကနေပါ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်နေပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းမှာ စစ်တပ်နယ်မြေရှင်းနေတဲ့ အခြေအနေအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

ဒေသခံတွေသတ်ဖြတ်ခံခဲ့ရသလို ဒါဇင်နဲ့ချီပြီး ဖမ်းဆီးခံထားရတဲ့ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ ဒီကနေ့ အောက်တိုဘာ ၁၇ ရက် သတင်းကျွတ်လပြည့်နေ့မှာ စစ်ကောင်စီက စီပါကျေးရွာကိုရောက်လာပြီး ကျေးရွာထဲက နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဘုတလင်ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာ ၁၆ ရက်ကလည်း ၃ ရက်လောက် တပ်စွဲနေထိုင်ခဲ့တဲ့ တက်လှိုင်းရွာထဲကနေ စစ်တပ် ထွက်သွားချိန် တောထဲတိုက်လို့ ဒေသခံတွေပြောတဲ့ ယာယီအိမ်တွေကို မီးရှို့ဖျက်သွားခဲ့ပြီး ဒီနေ့မှာတော့ စီပါရွာထဲဝင်ပြီး မီးရှို့နေတယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။

"တက်လှိုင်းကို မီးရှို့ပြီးတော့ တောထဲတိုက်တွေကို မီးရှို့ပြီးတော့ ဒီကောင်တွေ ထွက်သွားတာပဲ။ မနက်ဝေလီဝေလင်းပိုင်းလောက်ပေါ့။ အခုစီပါရွာဘက်ဝင်သွားတာပဲ။ အခြေအနေကတော့ ဒီကောင်တွေ မီးရှို့နေတာပဲ။ အိမ်ခြေ ဘယ်လောက်လောင်တယ်ဆိုတာ မသိရသေးဘူးခင်ဗျ။"

တောတောင်တွေထဲ တောင်ယာစိုက်ခင်းတွေအတွက် ယာယီဆောက်ထားတဲ့တဲအိမ်လေးတွေကို တောထဲတိုက်လို့ ပြောကြတာဖြစ်ပါတယ်။ စစ်တပ် စစ်ကြောင်းရှိနေတဲ့အတွက် မီးလောင်တဲ့ နေအိမ် အရေအတွက် အတိအကျ မသိရသေးတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

စီပါကျေးရွာဟာ ကူတော်ကျေးရွာကနေ စစ်ကူသွားပြီး ပြန်လာတဲ့ စစ်တပ်စစ်ကြောင်းကို ကာကွယ်ရေး တပ်ဖွဲ့တွေ စက်တင်ဘာ ၃၀ ရက်က ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။ အဲ့ဒီကြားဖြတ်တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၃၉ ယောက်သေဆုံးပြီး ၄၇ ယောက် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရပြီး လက်နက်အများအပြားကိုလည်း ကာကွယ်ရေး တပ်ဖွဲ့တွေက သိမ်းဆည်းရမိခဲ့တယ်လို့ ပြောပါတယ်။ အဲဒီလို တိုက်ခိုက်ခံရပြီးနောက် စီပါရွာကို စစ်တပ်က တကျော့ပြန် နယ်မြေရှင်းလင်းနေတာလည်းဖြစ်ပါတယ်။ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း အရပ်သား ၁၄ ဦး သတ်ဖြတ်ခံထားရပြီး ၂၀ ကျော်လည်း အခုချိန်ထိ ဖမ်းဆီးခံထားရပါတယ်။ ကျေးရွာ ၇ ရွာထက်မနည်းက ဒေသခံ ၂ သောင်းခွဲကျော်ဟာလည်း ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ကပ်နေတဲ့ မန္တလေးတိုင်းဘက်မှာဆိုရင်လည်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ထဲက ငါန်မြာကြီးကျေးရွာဘက်မှာ စစ်တပ်ဘက်က စစ်တပ်က စစ်ရေးလှုပ်ရှားနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။ ငါန်မြာကြီးကျေးရွာဟာ ကာကွယ်ရေး တပ်ဖွဲ့တွေ သိမ်းပိုက်ထားတာဖြစ်ပြီး ပြန်လည်စိုးမိုးနိုင်ရေးအတွက် စစ်တပ်ဘက်က စစ်ကြောင်းထိုးနေပြီး တိုက်ပွဲတွေရှိခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ရဲ့ တာဝန်ရှိသူ ကိုနွေဦးက အခုလို ပြောပါတယ်။

"စစ်ကြောင်းက ဟိုနေ့က ၁၃ ရက်နေ့အထိဆိုရင် ၄ ရက်အကြာ တိုက်ပွဲဝင်နေတာ။ မိုးတောင်နားမှာ။ သူတို့ရည်မှန်းချက်က ဘယ်လိုလည်းဆိုတော့ ငါန်းမြာကြီးစခန်းကလည်း ပေးထားရတာဆိုတော့ အဲ့ဟာကော ပြန်ရချင်တာကော ပြီးရင် သူတို့လမ်းကြောတွေ မြို့သာ စက်မှုဇုန်တို့ တံတားဦးဘက်တို့ အဲ့ဘက် တကြောပေးထားလို့ရှိရင် အဲ့လမ်းကြောတွေက ပွင့်သွားမှာပေါ့။ အဲ့ဒါကြောင့် အပွင့်မခံနိုင်လို့ ပြန်ပြီးတော့ စစ်ကြောင်းထိုးပြီးတော့ နယ်မြေရှင်းလင်းရေး လုပ်နေတာပေါ့။"

စစ်တပ်က နယ်မြေရှင်းလင်းရေးအတွင်း ဝေဟင်ကနေပါ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တာတွေရှိပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က သေဆုံး ဒဏ်ရာရမှုတွေလည်း ရှိနေပါတယ်။ မြောင်မြို့နဲ့ ငါန်းဇွန်မြို့အစပ်မှာရှိတဲ့ ငါန်းမြာကြီးရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ပြီးတဲ့နောက် စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၆ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။ စစ်ကိုင်း၊ မကွေး၊ မန္တလေး စတဲ့ဒေသတွေရဲ့ စစ်ဆင်ရေးတွေအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ စစ်တပ်ဘက်ကတော့ ဒေသခံကာကွယ်ရေးတပ်တွေရှိတဲ့ဒေသတွေကို ချေမှုန်းတိုက်ခိုက်တာသာဖြစ်တယ်လို့ ပြောဆိုလေ့ရှိပါတယ်။

Forum

XS
SM
MD
LG