တူရကီမှာ ရှိတဲ့ ဆော်ဒီကောင်စစ်ရုံးမှာ ပျောက်ဆုံးသွားတဲ့ ဆော်ဒီသတင်းထောက် အသတ်ခံရတယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး ဆော်ဒီအာရေဗျ အာဏာပိုင်တွေ ဆက်ပြီးမေးခွန်းအထုတ်ခံနေရချိန်မှာပဲ ရှေ့သီတင်းပတ်ထဲ Riyadh မှာကျင်းပဖို့ စီစဉ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အစည်းအဝေးကို တက်ရောက်မှာ မဟုတ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin က ကြေညာခဲ့ပါတယ်။
လာမယ့် အင်္ဂါနေ့ ဆော်ဒီအာရေဗျမှာ ကျင်းပမယ့် ၃ ရက်ကြာ အစည်းအဝေးကို အနောက်နိုင်ငံတွေက လုပ်ငန်းရှင်ကြီး အတော်များများက မတက်ဖို့ ဆုံးဖြတ်ခဲ့တာနောက်မှာ ကြာသပတေးနေက ဝန်ကြီး Mnuchin က သူတက်ရောက်မှာ မဟုတ်ကြောင်း တွစ်တာကနေ ကြေညာခဲ့တာ ဖြစ်ပါတယ်။
တူရကီကလာတဲ့ သတင်းတွေမှာ ဆော်ဒီသတင်းထောက် Jamal Khashoggi ကို ပြီးခဲ့တဲ့ သီတင်း ၂ ပတ်တုန်းက Istanbul က ဆော်ဒီကောင်စစ်ရုံးထဲမှာ ဆော်ဒီထောက်လှန်းရေးတွေက နှိပ်စက်ညှင်းပမ်းပြီး သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲကြတဲ့ နောက်မှာ FIIC ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အစည်းအဝေးကို တက်ရောက်မှာ မဟုတ်ကြောင်း လုပ်ငန်းရှင်ကြီးတွေက ကြေညာခဲ့ကြတာပါ။
ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman ကို ဝေဖန်တဲ့ စာတွေ ရေးသားသူ သတင်းထောက် Khashoggi ကို သူတို့ မသတ်ကြောင်း ဆော်ဒီအာဏာပိုင်တွေက ငြင်းဆိုထားပြီး သူ့ပျောက်ဆုံးမှုအတွက် စုံစမ်းထားတဲ့ ရလဒ်တွေကို ကြေညာမှာ ဖြစ်ကြောင်း ပြောပါတယ်။
ဒီအစည်းအဝေးကို မတက်ရောက်ဖို့ ဆုံးဖြတ်သူတွေထဲမှာ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF အကြီးအကဲ Christine Lagarde နဲ့ အမေရိကန် ဘဏ်လုပ်ငန်းကြီး တခု ဖြစ်တဲ့ JP Morgan ရဲ့ အမှုဆောင်အရာရှိချုပ် Jamie Dimon တို့လည်း ပါဝင်ပါတယ်။
Your browser doesn’t support HTML5