သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံးဆော်ဒီသတင်းထောက်အရေး ပွင့်လင်းစွာစုံစမ်းဖို့ ကုလတိုက်တွန်း


တူရကီက ဆော်ဒီအာရေဗျ ကောင်စစ်ရုံးမှာ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့တဲ့ ဆော်ဒီ သတင်းထောက် Jamal Khashoggi နဲ့ ပတ်သက်ပြီး သိထားသမျှကို ထုတ်ဖေါ်ပြောကြားဖို့ ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က တိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်တုန်းက Istanbul က ဆော်ဒီကောင်စစ်ရုံးထဲကို Khashoggi ဝင်ရောက်သွားတာကိုပဲ နောက်ဆုံးတွေ့ခဲ့ရပြီး ပြန်ထွက်မလာတော့တာပါ။ ဒီအကြောင်း ဂျနီဗာ ကုလသမဂ္ဂလူ့အခွင့်ရေး ကော်မရှင်နာမင်းကြီးရုံးက VOA သတင်းထောက် Lisa Schlein သတင်းပို့ထားတာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

အောက်တိုဘာလ ၂ ရက်နေ့မှာ သတင်းထောက် Jamal Khashoggi ပျောက်ဆုံးသွားခဲ့တာပါ။ ဒါပေမယ့် အောက်တိုဘာလ ၁၅ ရက် တနင်္လာနေ့ကမှ တူရကီ သေမှုသေခင်းဆိုင်ရာ စုံစမ်းစစ်ဆေးသူတွေ ဆော်ဒီကောင်စစ်ရုံးထဲ ဝင်ရောက်စစ်ဆေးဖို့ ခွင့်ပြုချက်ရခဲ့ပါတယ်။

အခုလို ခွင့်ပြုခဲ့တာအတွက် ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ကြိုဆိုလိုက်ပေမယ့် ခုထက်ပိုလုပ်ဆောင် ဖို့ လိုနေသေးတယ်လို့ ပြောပါတယ်။ Khashoggi ပျောက်ဆုံးမှုအတွက် ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပြည့်ပြည့်စုံစုံနဲ့ မြန်မြန်ဆန်ဆန် လုပ်ပေးဖို့ ဆော်ဒီအာရေဗျကိုရော တူရကီကိုပါ တိုက်တွန်းနေတာပါ။

၁၉၆၃ ခုနှစ် ဗီယင်နာ သဘောတူစာချုပ်အရ သံတမန်ရေးဆိုင်ရာ ကင်းလွတ်ခွင့် ရှိပေမယ့် ဆော်ဒီအရာရှိတွေအားလုံးကို ဒီကင်းလွတ်ခွင့် မပေးရေး အတွက် မဟာမင်းကြီး Bachelet က လိုလားသလို ဒီအမှုနဲ့ပတ်သက်ပြီး သေမှုသေခင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ အားလုံး အနှောက်အယှက်မရှိ အပြည့်အဝ လုပ်စေချင်နေတယ်လို့လည်း မဟာမင်းကြီးရဲ့ ပြောခွင့်ရ Rupert Colville က VOA ကို ပြောပါတယ်။

“ဒီလို ကင်းလွတ်ခွင့် လုံးဝမပေးဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒါမှ စုံစမ်းသူတွေအတွက် သူတို့ စစ်ဆေးချင်တာတွေနဲ၊့ စစ်ဆေးဖို့ လိုမယ်လို့ ထင်တာတွေ အားလုံးကို စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ ကောင်စစ်ရုံးထဲမှာနဲ့ ကောင်စစ်ဝန်ရဲ့ နေအိမ် အပြင် CCTV မှာတွေ့နေရတဲ့ ကောင်စစ်ရုံးထဲက ထွက်သွားတဲ့ ယာဉ်တွေအားလုံးကိုပါ စစ်ဆေးနိုင်မှာပါ။ ဒါကြောင့် အခြေခံအားဖြင့် စုံစမ်းသူတွေ စုံစမ်းချင်တာ အားလုံးကို စစ်ဆေးနိုင်မယ့် သဘောပါ။”

သတင်းထောက် Khashoggi ဟာ ကောင်စစ်ရုံးထဲကို ဝင်သွားခဲ့တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သိထားပေးမယ့် အဲဒီအချိန်ကစပြီး သူ့ကိုမတွေ့ကြရ တော့ဘူးလို့လည်း Colville က ပြောပါတယ်။ ဒါ့ကြောင့် ဒီသတင်းထောက် ဘာဖြစ်သွားတယ် ဆိုတာကို ဆော်ဒီအာဏာပိုင် တွေဘက်က ထုတ်ဖေါ်ပြောဆိုဖို့ တာဝန်ရှိတယ်လို့လည်း ပြောပါတယ်။

ဆော်ဒီအာရေဗျဘက်က ဖြေကြားပြောဆိုဖို့ နိုင်ငံတကာက ဝိုင်းဝန်းဖိအားပေးမှုတွေလည်း များလာနေပါတယ်။ ရှေ့သီတင်းပတ်ထဲ ဆော်ဒီအာရေဗျ မှာ ကျင်းပမယ့် ကြီးမားတဲ့ ရင်းနှီးမြှပ်နှံမှု ဆိုင်ရာ ညီလာကို မတက်တော့ဖို့ ဆုံးဖြတ်ကြတဲ့ ကုမ္ပဏီ တွေလည်း တနေ့တခြား တိုးလာနေပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကတော့ အင်္ဂါနေ့မှာပဲ ဆော်ဒီအာရေဗျ နိုင်ငံ Riyadh မြို့ကို ရောက်နေပြီး ဆော်ဒီဘုရင် Salman နဲ့ ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman တို့နဲ့ ဒီသတင်းထောက်ပျောက်ဆုံးတဲ့ ကိစ္စကို ဆွေးနွေးနေပါတယ်။

အမေရိကန် သတင်းတွေမှာတော့ သတင်းထောက် Khashoggi ကောင်စစ်ရုံးထဲ လာခဲ့ပြီးတဲ့နောက် သေဆုံးသွားသလို ဒီလိုသေဆုံးရ တာဟာ သူ့ကို စစ်ဆေးမေးမြန်းရာမှာ လက်လွန်သွားတာကြောင့်ဆိုတာကို ဆော်ဒီအာရေဗျ အာဏာပိုင်တွေက ထုတ်ဖေါ် ဝန်ခံဖို့ ပြင်နေ တယ်လို့ ရေးကြပါတယ်။

ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman ကို ဝေဖန်တဲ့ စာတွေရေးသားသူ Khashoggi ဟာ Washington Post မှာ သူ့အမြင်ဆောင်းပါးတွေ ရေးနေသူဖြစ်ပြီး သူဟာ အမေရိကန်ပြည်ထောင်စုမှာ ခိုလှုံနေသူ လည်း ဖြစ်ပါတယ်။ Khashoggi ဟာ ကောင်စစ်ရုံးကနေ သူ့ဟာသူ ထွက်ခွါသွားတာလို့ ပြောဆိုပြီး သူအသတ်ခံရတယ် ဆိုတာကို ဆော်ဒီအာရေဗျက အရင်တုန်းက ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG