တူရကီ နိုင်ငံ အစ္စတန်ဘူး မြို့တော်က ဆော်ဒီ ကောင်စစ်ဝန်ရုံးကို ပြီးခဲ့တဲ့ သတင်း ၂ ပတ်တုန်းက သွားရောက်ပြီးနောက် ပျောက်ဆုံးနေတဲ့ ဆော်ဒီ သတင်းထောက် Jamal Khashoggi အရေးနဲ့ ပတ်သက်ပြီး ဆော်ဒီဘုရင် Salman နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo တို့ ဒီကနေ့ အင်္ဂါနေ့မှာ တံခါးပိတ် တွေ့ဆုံ ဆွေးနွေးပါတယ်။
ဆော်ဒီ နိုင်ငံခြားရေး ဝန်ကြီးနဲ့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး သီးသန့် တွေ့ဆုံပြီး Jamal Khashoggi ပျောက်ဆုံးတဲ့ အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးပါတယ်။ တချိန်တည်းမှာဘဲ တူရကီ မှုခင်း ဆေးပညာဆိုင်ရာ အဖွဲ့က အစ္စတန်ဘူးလ်းက ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်းကို ဒီကနေ့ ဝင်ရောက် စစ်ဆေးပါတယ်။ ဆော်ဒီကောင်စစ်ဝန်ရုံးထဲမှာ ပစ္စည်း တချို့ကို ဆေးအသစ် သုတ်ထားတယ်လို့ တူရကီ သမ္မတ Recip Tayyip Erdogan က ဒီကနေ့ ဝင်ရောက် စစ်ဆေးမှုနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
ကောင်စစ်ဝန်ရုံးကို ရှာဖွေရေး စတင်နေပြီ ဖြစ်ကြောင်း မနေ့ကနေ ဒီကနေ့ မနက်ထိ ရှာခဲ့ပြီး ဆက်ပြီး ရှာသွားမယ့်အကြောင်း တူရကီ သမ္မတ က ပြောဆိုသွားတာပါ။ စုံစမ်းရေး အဖွဲ့ အနေနဲ့ အဆိပ်သင့်နေတဲ့ ပစ္စည်းတွေလိုမျိုးကို ရဖို့ စုံစမ်းစစ်ဆေးရေး အဖွဲ့က ရှာဖွေနေပေပြီး ဒီပစ္စည်းတွေကို ဆေးတွေသုတ်ပြီး ရှင်းလင်းထားတာကြောင့် သူ့အနေနဲ့တော့ ကျိုးကြောင်း ဆီလျော်တဲ့ သုံးသပ်ချက် တခုခု အမြန်ဆုံး ရလာဖို့ မျှော်လင့်တဲ့ အကြောင်း တူရကီ သမ္မတက ပြောဆိုသွားပါတယ်။ အဲဒီကနေ့ ထွက်လာမယ့် သုံးသပ်ချက် အပေါ်မှာဘဲ မူတည်မယ်လို့ လည်း တူရကီ သမ္မတ Erdogan က ပြောဆိုသွားပါတယ်။
အစ္စတန်ဘူးလ်မြို့က ဆော်ဒီ ကောင်စစ်ဝန်ရုံးထဲမှာ ဆော်ဒီ သတင်းထောက် Jamal Khashoggi ကို သတ်ဖြတ်လိုက်တယ်လို့ တူရကီ အာဏာပိုင်တွေက ယူဆထားကြတာပါ။ ဒီစွပ်စွဲချက်က အခြေအမြစ် မရှိဘူးလို့ ဆော်ဒီဘက်က ငြင်းဆိုနေပေမယ့်လည်း သတင်းထောက် အသတ်ခံလိုက်ရတယ်ဆိုတာကို ဆော်ဒီဘက်က ဝန်ခံမယ့် အခြေအနေ ရှိနေတယ်လို့ ဒီကနေ့ အမေရိကန် သတင်းတွေမှာ ဖော်ပြနေကြပါတယ်။ ဆော်ဒီ သတင်းထောက် Jamal Khashoggi ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး တူရကီ နိုင်ငံ အစ္စတန်ဘူးလ်မြို့တော်က ဆော်ဒီ ထိပ်တန်းသံတမန်ရဲ့ နေအိမ်ကိုလည်း ဝင်ရောက်ရှာဖွေမယ်လို့ တူရကီ နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှသူက ဒီကနေ့မှာဘဲ ပြောဆိုလိုက်ပါတယ်။ ဆော်ဒီကောင်စစ်ဝန်ရဲ့ နေအိမ်ကို ဘယ်တော့ ဝင်ရှာမလဲ ဆိုတာကိုတော့ မပြောပါဘူး။ ဆော်ဒီ သတင်းထောက် Jamal Khashoggi က လက်ထပ်ဖို့ အတွက် လိုအပ်တဲ့ စာရွက်စာတမ်းယူဖို့ တူရကီနိုင်ငံက ဆော်ဒီကောင်စစ်ဝန်ရုံးကို ပြီးခဲ့တဲ့ သီတင်း ၂ ပတ်တုန်းက ဝင်ရောက်သွားပြီးနောက် ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။