အမေရိကန်အခြေစိုက် ဆော်ဒီသတင်းထောက် ပျောက်ဆုံးမှုအတွက် တကမ္ဘာလုံးသိအောင် စနစ်တကျ စုံစမ်းဖော်ထုတ်မယ့်အကြောင်း ဆော်ဒီခေါင်းဆောင်တွေက အာမခံပြောကြားလိုက်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ ဒီနေ့မှာတော့ တူရကီသမ္မတ Recep Tayyip Erdogan အပါအဝင် တူရကီအစိုးရ အဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
သမ္မတ Erdogan၊ နိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ ဝန်ကြီး Pompeo က တူရကီနိုင်ငံက ပြန်လည်မထွက်ခွာခင် လူသိရှင်ကြား မှတ်ချက်ပေး ပြောဆိုတာမျိုးတော့ မရှိပါဘူး။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ သတင်းစာဆရာ Jamal Khashoggi ပျောက်ဆုံးမှုအတွက် အမေရိကန်က စိုးရိမ်ကြောင်း ပြောဆိုခဲ့သလို၊ တူရကီနိုင်ငံရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ အကူအညီပေးလိုတဲ့ အမေရိကန်ရဲ့ ဆန္ဒကို ထပ်လောင်းပြောဆိုခဲ့ကြောင်း ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
ဆော်ဒီဘုရင်မိသားစုအကြောင်း Washington Post သတင်းစာမှာ ဝေဖန်ရေးသားခဲ့သူ Khashoggi ကိုတော့ တူရကီနိုင်ငံ အီစတန်ဘူမြို့က ဆော်ဒီကောင်စစ်ဝန်ရုံးထဲ ဒီလ အောက်တိုဘာလ ၂ ရက်နေ့က ဝင်သွားတာကို နောက်ဆုံးတွေ့ခဲ့ရတာပါ။ သူ့ကို ဆော်ဒီထောက်လှမ်းရေးတွေက သတ်ဖြတ်ခဲ့ကြောင်း တူရကီအစိုးရ တာဝန်ရှိသူတွေက ပြောဆိုထားပေမဲ့၊ ဆော်ဒီတာဝန်ရှိသူတွေကတော့ သတင်းထောက်ဟာ သူ့သဘောနဲ့သူ ကောင်စစ်ဝန်ရုံးက ပြန်ထွက်သွားခဲ့ကြောင်း ပြောဆိုထားပါတယ်။ Khashoggi ကို ဆော်ဒီထောက်လှမ်းရေးတွေက ထိုးကြိတ်ပြီး၊ ဆေးခတ်ခဲ့သလို၊ နောက်ဆုံးမှာ သတ်ဖြတ်ပြီး ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်တောက် ပစ်ခဲ့ကြောင်းလည်း Wall Street Journal က မနေ့နှောင်းပိုင်းကပဲ ရေးသားခဲ့တာပါ။ အသံနဲ့မှတ်တမ်းတင်ထားတဲ့ အသေးစိတ် အချက်အလက်တွေ အပါအဝင် ရရှိထားတဲ့ အထောက်အထားတွေကို တူရကီတာဝန်ရှိသူတွေက ဆော်ဒီနဲ့ အမေရိကန် တာဝန်ရှိသူတွေထံ ပေးအပ်ထားကြောင်းလည်း ဖော်ပြထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Pompeo ကတော့ ဆော်ဒီဘုရင် Salman အိမ်ရှေ့မင်းသား Mohammed bin Salman နိုင်ငံခြားရေးဝန်ကြီး Adel al-Jubeir တို့နဲ့ တွေ့ဆုံရာမှာ သတင်းထောက် ပျောက်ဆုံးမှုကို အပြည့်အ၀ စုံစမ်းစစ်ဆေးဖို့ လိုအပ်ကြောင်း အလေးထားပြောဆိုခဲ့ကြောင်းနဲ့ ဆော်ဒီခေါင်းဆောင်တွေ ဘက်ကလည်း စုံစမ်းစစ်ဆေးသွားဖို့ အာမခံခဲ့ကြကြောင်း တူရကီနိုင်ငံကို မသွားခင်မှာပဲ သတင်းထောက်တွေကို ပြောဆိုထားပါတယ်။