ကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာတပ်ချုပ်ကို ရခိုင်အရေး တိုက်တွန်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson။ (အောက်တိုဘာ ၂၆-၂၀၁၇)

ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာမူစလင်တွေကို ပစ်မှတ်ထားတဲ့ မြန်မာစစ်ဖက်ရဲ့ လှုပ်ရှားမှုတွေကို ရပ်ပစ်ဖို့ အမေရိကန်က တောင်းဆိုလိုက်ပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တယ်လီဖုန်းဆက်သွယ် ပြောကြားမှုအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပါတ်သတ်ပြီး စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့တာပါ။

ပဋိပက္ခတွေ အဆုံးသတ်ရေး မြန်မာအစိုးရရဲ့ ကြိုးပမ်းချက်ကို စစ်တပ်အနေနဲ့ ပံ့ပိုးပေးဖို့ တိုက်တွန်းခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ သဘောတူညီမှုအရ ပဋိပက္ခတွေကြောင့် နေရပ်ကို စွန့်ခွါထွက်ပြေးခဲ့သူတွေ နေရပ်ကို လုံခြုံဘေးကင်းစွာ ပြန်လာနိုင်ရေးtအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား ၁၉၉၂ နှစ်က သဘောတူညီချက်အရ ခွင့်ပြုဖို့ကို မစ္စတာတေလာဆင်က တိုက်တွန်းပြောကြားခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Heather Nauert က ပြောပါတယ်။

ဒါ့အပြင် ပဋိပက္ခဖြစ်ပွါးရာဒေသတွင်းမှာ လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးနိုင်ရေးအတွက် စစ်တပ်ကို တိုက်တွန်းခဲ့သလို သတင်းမီဒီယာတွေ လွတ်လွတ်လပ်လပ် သတင်း ယူခွင့်ပြုဖို့လို့ ပြောဆိုခဲ့ပါတယ်။ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ပါတ်သတ်လို့စွပ်စွဲချက်တွေကို ကုလသမဂ္ဂနဲ့ လက်တွဲပြီး လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေးခွင့်ရှိဖို့နဲ့ တာဝန်ခံမှု အပြည့်အ၀ ရှိဖို့ စတာတွေကိုလည်း တိုက်တွန်းခဲ့တယ်လို့ Nauert က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေက စစ်တပ်ဟာ သူတို့ရွာတွေကို မီးရှို့ပြီး ရွာသူရွာသားတွေကို အဓမ္မကျင့် သတ်ဖြတ် လုယက်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် သူတို့နေရပ်တွေကို မပြန်နိုင်အောင် မိုင်းတွေ ထောင်ထားခဲ့တယ်လို့လည်း ပြောကြပါတယ်။

ဗုဒ္ဓဘာသာ အများစုနေထိုင်တဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမူစလင်တွေဟာ အခြေခံ လူ့အခွင့်အရေးတွေတောင် ခံစားခွင့်မရရှိဘူလို့လည်း သူတို့က ပြောပါတယ်။ ဒီအတောအတွင်း အမေရိကန် ဘာသာရေးခေါင်းဆောင် ၃၀၀ ကျော်က မြန်မာအစိုးရကို လက်နက် မရောင်းချဖို့ အစ္စအစိုးရကို လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။

Your browser doesn’t support HTML5

ကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာတပ်ချုပ်ကို ရခိုင်အရေး တိုက်တွန်း