သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kofi Annan ကော်မရှင်အစီရင်ခံစာ သုံးသပ်ပြင်ဆင်ဖို့ ကာချုပ်အကြံပြု


 Mr. Kofi Annan နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံ
Mr. Kofi Annan နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံ

ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေဟာ လက်တွေ့ကျပြီး ရေရှည်အကျိုးဖြစ်ထွန်းစေ မှာဖြစ်တယ်လို့ မြန်မာအစိုးရကြိုဆိုလိုက်ချိန်မှာပဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ကော်မရှင်ရဲ့ အစီရင်ခံစာမှာ အချက်အလက်တချို့လွဲမှားနေပြီး လိုအပ်ချက်များရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

မနေ့ ကြာသာပတေးနေ့က အများပြည်သူ သိအောင်ထုတ်ပြန်ခဲ့တဲ့ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာအပေါ် နိုင်ငံတကာအမြင်တချို့နဲ့ တုန့်ပြန်ချက်တွေကို မအင်ကြင်းနိုင်က ဆက်ပြီး တင်ပြမှာပါ။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်နဲ့ အဖွဲ့ဝင်တွေဟာ မနေ့ညနေပိုင်းက ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲမလုပ်ခင် နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို သီးခြားစီတွေ့ဆုံခဲ့တာပါ။

အစီရင်ခံစာပါ အချက်တွေနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကိုဖီအာနန်တို့ အပြန်အလှန်ဆွေးနွေးခဲ့ရာမှာ အချက်အလက်တချို့လွဲမှားနေသလို၊ မျှတမှုရှိရန်လိုအပ်နေတာကြောင့် အစီရင်ခံစာကို ပြန်ပြီးသုံးသပ်ပြင်ဆင်ဖို့ ဗိုလ်ချုပ်မှူးကြီးဖက်က တုန့်ပြန်ပြောဆိုခဲ့ကြောင်း တပ်မတော်ပိုင် မြဝတီရုပ်မြင်သံကြားသတင်းဌာနက အခုလိုပြောသွားပါတယ်။

“တပ်မတော်အနေနဲ့ ရခိုင်ဒေသအရေးကိစ္စကို စဉ်ဆက်မပျက်စဉ်းစားသုံးသပ် လုပ်ဆောင်နေခြင်းဖြစ်လို့ မိမိတို့ဆွေးနွေးခဲ့တဲ့ အချက်အလက်မှားယွင်းမှု မျှတရန်လိုအပ်မှုများကို သုံးသပ်ပြင်ဆင် အကြံပြုခြင်းဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ Mr. ကိုဖီအာနန် ဦးဆောင်တဲ့အဖွဲ့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့မနက်ပိုင်းမှာ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ လက်ခံတွေ့ဆုံရာမှာ ထည့်သွင်းပြောကြားပါတယ်။”

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဆွေးနွေးအကြံပြုချက်တွေကို ပြန်လည်လေ့လာသုံးသပ်ပြီး လိုအပ်ရင် မှားယွင်းတယ်ဆိုတဲ့ အချက်အလက်တချို့ကို ပြင်ဆင်ထုတ်ပြန်ပေးမယ်လို့လည်း ကိုဖီအာနန်ဘက်က တုံ့ပြန်ပြောဆိုခဲ့တယ်လို့ တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အဓိက ပြန်ပြီးဆွေးနွေးခဲ့တဲ့ အရေးကြီးတဲ့ အချက်တွေထဲမှာ ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေဟာ ရခိုင်ပြည်နယ်က မွတ်စလင်တွေအတွက် နိုင်ငံသားဖြစ်ခွင့်ကို တားဆီးပိတ်ပင်သလိုဖြစ်နေကြောင်းနဲ့ နိုင်ငံတကာစံနှုန်းနဲ့ မညီကြောင်း အစီရင်ခံစာ ထောက်ပြထားတာနဲ့ ပတ်သက်လို့ လက်ရှိတည်ဆဲဥပဒေဖြစ်နေတဲ့အတွက် ဒီဥပဒေနဲ့ အတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ဆိုပါတယ်။

ဒါအပြင် စစ်တပ်လုံခြုံရေးအဖွဲ့တွေကို ရခိုင်ပြည်နယ်မှာ လိုအပ်တာထက်ပိုပြီး အမြောက်အများချထားကြောင်း အစီရင်ခံစာမှာပါတဲ့အချက်ကိုတော့ အကြမ်းဖက်တိုက်ခိုက်မှုတွေဆက်ပြီးရှိနေတဲ့ ဘူးသီးတောင်-မောင်တော ဒေသ မှာ တရားဥပဒေစိုးမိုးရေးအတွက် သာမန်ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ ထိန်းချုပ်လုပ်ဆောင်နိုင်စွမ်းမရှိတဲ့အတွက် လုံခြုံရေးတပ်အများအပြားချထားခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တုန့်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း လွတ်လပ်စွာသွားလာခွင့် ကန့်သတ်ထားကြောင်း အစီရင်ခံစာမှာပါတဲ့ အချက်နဲ့ ပတ်သက်လို့တော့ သတင်းအဖွဲ့များကို သွားလာခွင့်ပေးထားကြောင်း၊ အထူးသဖြင့် တပ်မတော်အနေနဲ့ လူသားချင်းစာနာမှုအကူအညီပေးတဲ့လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့ပါတယ်။ ဒါအပြင် ရခိုင်အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာကို ဒေသခံရခိုင်တိုင်းရင်းသားတွေ လက်ခံဖို့ လိုအပ်ကြောင်းလည်း ကိုဖီအာနန်နဲ့ တွေ့ဆုံစဉ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အစီရင်ခံစာပါအချက်တွေဟာ လက်တွေ့ကျပြီး ပြည့်စုံမှုရှိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရ Stephane Dujarric က မနေ့က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ပုံမှန်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အခုလို ပြောသွားပါတယ်။

“ပြည့်စုံကျယ်ပြန့်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာကို ကုလသမဂ္ဂကကြိုဆိုပါတယ်။ အသိအမှတ်ပြုကဒ်ပြားနဲ့ နိုင်ငံသားခံယူခွင့် ကို အလေးပေးဖေါ်ပြထားသလို အထူးသဖြင့် လူတိုင်း လွတ်လပ်စွာသွားလာခွင့်ရှိဖို့လည်း တိုက်တွန်းထားတာတွေ့ရပါတယ်။ ဒါအပြင် အကြမ်းဖက်ဖြစ်ပွားမှုရဲ့ အခြေခံဇစ်မြစ်အကြောင်းအရင်းကို ဖြေရှင်းပေးဖို့ နဲ့ နှစ်ဖက်အသိုင်းအဝိုင်းကြား ပဋိပက္ခကို လျော့ချပစ်ဖို့ စတဲ့ လိုအပ်ချက်တွေကို ဒီအစီရင်ခံစာမှာ ထောက်ပြထားပါတယ်။”

ဒါအပြင် အစီရင်ခံစာရဲ့ အကြံပြုချက်တွေကို လက်တွေ့အကောင်အထည်ဖေါ်ဖို့ ကုလသမဂ္ဂဘက်က မျှော်လင့်ထားတယ်လို့ဆိုပါတယ်။ တချိန်တည်းမှာပဲ အခုလို ရခိုင်အကြံပေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့တဲ့ မြန်မာအစိုးရရဲ့ ဆောင်ရွက်မှုဟာ အရေးပါတယ်ဆိုတာကို ကုလသမဂ္ဂက အသိအမှတ်ပြုကြောင်း Stephane Dujarric ကထပ်မံ ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်က လူမှုအသိုင်းအဝိုင်းအားလုံးရဲ့ အခြေအနေတွေကို လေ့လာဆန်းစစ်ဖို့ဆိုတဲ့ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့် အပါအဝင် ကာကွယ်တားဆီးရေး၊ ရင်ကြားစေရေး၊ လူမှုအသိုင်းအဝိုင်းအားကောင်းလာစေရေး၊ ရေရှည်ဖွံဖြိုး တိုးတက်ရေး နဲ့ လူသားချင်းစာနာမှုအကူအညီတွေရရှိစေရေးစတာတွေအတွက် ကော်မရှင်ရဲ့ အကြံပြုချက်မူကြမ်း အရေးပါမှုကိုလည်း ကုလသမဂ္ဂက အသိအမှတ်ပြုထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ လူမှုအသိုင်းအဝိုင်းအား တိုးတက်ကောင်းမွန်ဖို့အတွက် အစီရင်ခံစာအကြံပြုချက်တွေကို မြန်မာအစိုးရက အကောင်အထည်ဖေါ်ရာမှာ ကုလသမဂ္ဂအနေနဲ့ အကူအညီပေးဖို့ အဆင်သင့်ဖြစ်နေကြောင်းလည်း Stephane Dujarric ကပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းကို စေလွှတ်မယ့် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံက အဓိက လက်မခံတဲ့အကြောင်းအရင်းမှာ အခြေအနေတွေ ပိုပြီးရှုပ်ထွေးသွားစေနိုင်ပြီး ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ဖွဲ့စည်းထားပြီး ဒီကော်မရှင်ရဲ့ အစီရင်ခံစာကို စောင့်ကြည့်ဖို့ မြန်မာအစိုးရက နိုင်ငံတကာကို တုံ့ပြန်ထားပါတယ်။

ဒီနှစ်မတ်လက ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလူအခွင့်အရေးကောင်စီညီလာခံရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်အရရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခမှာ လုံခြုံရေးတပ်တွေရဲ့ လူ့အခွင့်အရေးချိူးဖောက်မှုတွေကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းမယ့် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ကို မေလက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG