သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အကြံပေးကော်မရှင် အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်


ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်

ရခိုင်ပြည်နယ်အတွင်း ဘာသာရေးနဲ့ လူမျိုးရေးအပေါ် အခြေခံပြီး လွတ်လပ်စွာသွားလာခွင့် ခွဲခြားကန့် သတ်တာတွေကို အဆုံးသတ်ဖို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က မြန်မာအာဏာပိုင်တွေ ကို အကြံပေးတိုက်တွန်းလိုက်ပါတယ်။ နိုင်ငံသားစီစစ်ရေးကဒ်တွေ ထုတ်ပေးဖို့နဲ့ လွတ်လပ်စွာ သွား လာခွင့်တွေ ပေးဖို့ ကိစ္စရပ်တွေ အပေါ် စိုးရိမ်မှုတွေရှိနေကြပေမယ့် ဒီအချက်တွေဟာ ပဋိပက္ခ ဖြေရှင်းရေးအတွက် မဖြစ်မနေ လုပ်ဆောင်သင့်တဲ့ အချက်တွေဖြစ်တယ်လို့ ကော်မရှင်ရဲ့ ဥက္ကဌ ကုလအတွင်း ရေးမှုး ချုပ်ဟောင်း Kofi Annan က ဒီကနေ့ ပြုလုပ်တဲ့ ကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ မမြင့်မြင့်ခိုင် က ပြောပြပေးမှာပါ။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး ကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာ ရှင်းလင်းထုတ်ပြန်မှုနဲ့ သတင်းစာ ရှင်းလင်းပွဲတရပ်ကို ဒီကနေ့ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပြီး ကော်မရှင်က လူမျိုးရေးနဲ့ နိုင်ငံသား ဖြစ်တည်မှု ကိုအခြေခံပြီး လွတ်လပ်စွာသွားလာခွင့်နဲ့ ပတ်သက်ပြီး ခွဲခြားကန့်သတ်တာတွေကို အဆုံးသတ်ဖို့ တိုက် တွန်းလိုက်ပါတယ်။

နိုင်ငံသားဖြစ်တည်မှုနဲ့ လွတ်လပ်စွာ သွားလာခွင့်ကိစ္စတွေနဲ့ သက်ဆိုင်တဲ့ ကော်မရှင်ရဲ့ အကြံပြုချက် တွေအပေါ် ရခိုင်ပြည်သူလူထုက စိုးရိမ်နေတယ်ဆိုတာ နားလည်ပေမယ့် ရခိုင်ပြည်နယ်ရဲ့ အနာဂတ် အတွက် ထိလွယ်ရှလွယ်တဲ့ ကိစ္စတွေကို ကိုင်တွယ်ဖို့ ကော်မရှင်က ရွေးချယ်လိုက်ကြောင်း ရခိုင် အကြံ ပေး ကော်မရှင် ဥက္ကဌ ကုလအတွင်းရေးမှုးချုပ်ဟောင်း Kofi Annan က သတင်းစာရှင်းလင်းပွဲမှာ အခု လို ပြောသွားတာပါ။

"နိုင်ငံသားဖြစ်မှုနဲ့ လွတ်လပ်စွာသွားလာခွင့် ကိစ္စရပ်များနဲ့ ပတ်သတ်တဲ့ အကြံပြု ချက်တွေဟာ ရခိုင်ပြည်သူလူထုက စိုးရိမ်နေမှုတွေရှိတယ်ဆိုတာ ကျွန်တော်တို့ကောင်းစွာသိရှိ ထားပါတယ်။ ဒါပေမယ့်လဲ ကော်မရှင်အနေနဲ့ အဲ့လိုထိလွယ်ရှလွယ်တဲ့ ကိစ္စရပ်များကို ကိုင်တွယ်ဖို့ ရွေး ချယ်လိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကိုချန်ရစ်ထားခဲ့မယ်ဆိုရင် ရခိုင်ပြည်နယ်ရဲ့ အနာဂတ်၊ တကယ်တော့ မြန်မာတနိုင်ငံလုံးရဲ့ အနာဂတ်ဟာ နောက်ပြန်လှည့်လို့မရတဲ့ ပျက် ဆီးဆုံးရှုံးမှုတွေ ကြုံတွေ့နိုင်မယ်လို့ ကျွန်တော်တို့ အနေနဲ့ ယုံကြည်လို့ဖြစ်ပါတယ်"

နိုင်ငံသား စီစစ်ရေးကဒ်တွေကို ထုတ်ပေးတဲ့ နေရာမှာလည်း နိုင်ငံတကာ စံနှုန်းအတိုင်း လုပ်ဖို့နဲ့ ရှင်း လင်းတဲ့ ဗျူဟာအချိန်ဇယား သတ်မှတ်မှုတွေထားဖို့ကိုလည်း အပြီးသတ် အစီရင်ခံစာထဲမှာ အကြံပြု ထားပါတယ်။နိုင်ငံသားဖြစ်မှု ပယ်ချခံရသူတွေရဲ့ အခွင့်အရေးအတွက်လည်း ဥပဒေစည်းမျဉ်းတွေ ထုတ် ပြန်ပေးဖို့လိုသလို၊ နိုင်ငံမဲ့တွေ နိုင်ငံသားဖြစ်ရေးကိုလည်း အစိုးရအနေနဲ့ အလေးအနက် ထည့်သွင်း စဉ်းစားဖို့ကိုလည်း အစီရင်ခံစာရဲ့ အကြံပြုချက်ထဲ ပါဝင်ပါတယ်။

ရခိုင်ဒေသ လူမှုဖွံဖြိုးရေးနဲ့ လူမှုအသိုင်းအဝိုင်းအားလုံးရဲ့ လုံခြုံရေးကိစ္စရပ်တွေကိုလည်း ကော်မရှင်က အကြံပြု တိုက်တွန်းထားပြီး အစီရင်ခံစာက အကြံပြုထားတဲ့ ပြောင်းလဲရေးဖြစ်စဉ်မှာ ရခိုင်ပြည်သူတွေ အားလုံးရဲ့ ပူးပေါင်းပါဝင်မှုက အင်မတန်အရေးကြီးတယ်လို့လည်း Mr. Kofi Annan က ဆိုပါတယ်။

“အစီရင်ခံစာထဲ အကြံပြုထားတဲ့ ပြောင်းလဲရေးဖြစ်စဉ်မှာ ရခိုင်ပြည်သူတွေအားလုံးရဲ့ ပူးပေါင်းပါဝင်မှုဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ရေရှည်တိုးတက်ရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းအားလုံးအကြား ယုံကြည်မှု တည်ဆောက်ရာမှာ အားလုံးပါဝင်တဲ့ တွေ့ဆုံမှုကတဆင့် အပြောင်းအလဲ ရှိဖို့ လိုအပ်ကြောင်းကို သူတို့အနေနဲ့ လက်ခံယုံကြည်မှု ရှိရပါမယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ရခိုင်ပြည်နယ်ကိစ္စ ရှေ့ဆက်လှမ်းနိုင်ရေးအတွက် နိုင်ငံတွင်းကြိုးပမ်းအားထုတ်မှုတွေအပေါ်မှာရပ်တည်ပြီးတော့ ဘက်မလိုက်တဲ့ အခန်းကဏ္ဍကနေ ဆက်လက် ပါဝင်သင့်ပါတယ်။”

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဘက်မလိုက်တဲ့ အခန်း ကဏ္ဍက ပါဝင်ဖို့လိုတယ် လို့လည်း Mr. Kofi Annan က ပြောသွားတာပါ။

ကုလ အတွင်းရေးမှူး ချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် အနေနဲ့ အခုသတင်းစာ ရှင်းလင်းပွဲ မတိုင်ခင် ဒီကနေ့ မနက်ပိုင်းမှာပဲ ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံခဲ့ပြီး လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့သလို လုံခြုံရေးနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ပေမယ့် အပြစ်မဲ့ ပြည်သူတွေ ထိခိုက်မှု မရှိစေဖို့ လိုလားကြောင်း ပြောကြားခဲ့ တယ်လို့ဆိုပါတယ်။

“ဒီကနေ့မနက်ပဲ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံတဲ့အခါမှာ ရခိုင်ပြည် မြောက်ပိုင်းမှာ တင်းမာမှုတွေ ဆက်ဖြစ်နေတာနဲ့ ပတ်သက်ပြီး ဒေသခံတွေအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်ပါတယ်။ ဒီလို ဖြစ်စဉ်မျိုးဟာ ဘယ်နိုင်ငံ၊ ဘယ်လူ့အဖွဲ့အ စည်းမျိုး မှာမဆို ဖြစ်နိုင်ပြီး ဒီလို လုံခြုံရေးဆိုင်ရာ ပြဿနာတွေ ဖြစ်လာရင် ကိုင်တွယ်ဖြေရှင်း ရမှာပဲ ဖြစ်ပါတယ်။ ဒီလို ကိုင်တွယ်တဲ့ နေရာမှာ အပြစ်မဲ့တဲ့ နိုင်ငံသားတွေရဲ့ ဘဝနေထိုင်မှုအပေါ်မှာ ထိခိုက်မှု မရှိအောင်တော့ လုပ် ရမှာဖြစ်ပါတယ်။”

ဒါ့အပြင် ရခိုင်ဒေသအတွက် နိုင်ငံတကာက အမြင်ရှင်းစေဖို့ လွတ်လပ်စွာ သတင်းယူခွင့် ပြုရေးဟာ အ ရေး ပါကြောင်းလည်း မစ္စတာ ကိုဖီအာနန် က သတင်းစာရှင်းလင်းပွဲ မှာ ထည့်သွင်း ပြောကြားသွားပါ တယ်။

တပ်မတော်ဖက်က ထုတ်ပြန်ချက်တရပ်မှာတော့ ကော်မရှင်ရဲ့ အချိန်ကန့်သတ်ချက် သွားလာမှု ကန့် သတ်ချက်တွေကြောင့် အကြောင်းအရာ အချက်အလက်ပိုင်းမှာ မပြည့်စုံနိုင်ပဲ၊ အစီရင်ခံစာပါ အချက် အလက်အချို့မှာ လွဲမှားမှုတွေရှိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင် လှိုင်က ကော်မရှင်ဥက္ကဌ Kofi Annan နဲ့ ဒီကနေ့ တွေ့ဆုံစဉ် မှာ ပြောဆိုခဲ့တယ် လို့ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းမှုနဲ့ ပတ်သက်လို့၊ ရခိုင် အမျိုးသားပါတီ အပါအဝင် ရခိုင် လူမှုအဖွဲ့အစည်းအချို့က ကန့်ကွက်မှုတွေရှိခဲ့သလို အဲဒီအဖွဲ့တွေဟာ ကော်မရှင်နဲ့ တွေ့ဆုံဖို့ကို လည်း ငြင်းဆိုခဲ့ပါတယ်။

အခု အပြီးသတ် အစီရင်ခံစာ မတိုင်ခင်မှာ ကော်မရှင်က ကြားဖြတ်အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး၊ အစိုးရ ဖက်က အဲဒီကြားဖြတ် အစီရင်ခံစာ ထဲပါ အကြံပြုချက် အချို့ ကို အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ အပြီးသတ် အစီရင်ခံစာပါ အကြံပြုချက်တိုင်းကို အစိုးရ အ နေနဲ့ အကောင်အထည် ဖော်နိုင်ပါ့မလားလို့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ စိုးရိမ်ချက်တွေလည်း ရှိနေပါ တယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG