သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kofi Annan နဲ့ တွေ့ဆုံဖို့ ANP ရခိုင်အမတ်တွေငြင်းဆို


ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ထားရှိခြင်းဟာ ရခိုင်အရေးကို နိုင်ငံတကာက စွက်ဖက်ခွင့် ရလာအောင် လမ်းခင်ပေးထားသလို ဖြစ်နေတာကြောင့် ရခိုင်အကြံပေးကော်မရှင်နဲ့ တွေ့ဆုံဖို့ ငြင်းခဲ့ကြောင်း ရခိုင်အမျိုးသားပါတီ ANP ကပြောဆိုပါတယ်။ ဒါပေမယ့် ကော်မရှင်အဖွဲ့ဝင်တဦးကတော့ နိုင်ငံခြားသား ပညာရှင်တွေ ပါဝင်တယ်ဆိုပေမဲ့ ရခိုင် အကြံပေးကော်မရှင်ဟာ ဘယ်သူ့သြဇာ လွှမ်းမိုးမှုကိုမှ မခံဘူးလို့ တုန့်ပြန်လိုက် ပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားတာပါ။

ရခိုင်အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်ဟာ လတ်တလော မြန်မာနိုင်ငံကို ရောက်ရှိနေပြီး သြဂုတ်လ(၂၃)ရက်နေ့က နိုင်ငံတော် သမ္မတ ဦးထင်ကျော်နဲ့ တွေ့ဆုံကာ ကော်မရှင်ရဲ့တနှစ်တာ အစီရင်ခံစာကို တင်သွင်းခဲ့တာပါ။ အစီရင်ခံစာပါ အကြံပြုချက် အသေးစိတ်ကို မသိရသေးပေမယ့် ဒီကနေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ထုတ်ပြန်ဖို့ ရှိပါတယ်။

ကိုဖီအာနန်ဟာ သူ့ ခရီးစဉ်အတွင်း ဗုဒ္ဓဟူးနေ့က လွှတ်တော်အသီးသီးက အမတ်တွေနဲ့ တွေ့ဆုံခဲ့ပေမယ့် ဒီကော်မရှင်ကို ကန့်ကွက်ထားတဲ့ ရခိုင်အမျိုးသား ANP ပါတီကတော့ ကိုဖီအာနန်နဲ့ တွေ့ဆုံဖို့ ငြင်းဆိုခဲ့ပါတယ်။ ရခိုင်အကြံပေးကော်မရှင်ကို ကုလအတွင်းရေး မှုးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ပြီး ဖွဲ့စည်းစေခဲ့တာကိုက နိုင်ငံတကာက စွက်ဖက် မှုတွေကို ဖိတ်ခေါ်ရာရောက်ပြီး ရခိုင်ပြဿနာကို ပြေလည်စေမှာ မဟုတ်ဘူးလို့ ANP ပါတီက သုံးသပ်ကြောင်း ANP ဥက္ကဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

“ လက်ရှိအစိုးရက ကိုဖီအာနန် သူ့ကိုဦးဆောင်ပြီးမှ ဖြေရှင်းဖို့ အကြံတောင်းတယ် ဆိုတာကိုက နိုင်ငံတကာကို စွက်ဖက်ပါလို့အစိုးရက ဖိတ်ခေါ်သလို ဖြစ်နေတယ်။ အဲဒီလို ဖိတ်ခေါ်ခြင်းကို ကျနော်တို့က ငြင်းတယ်။ အဲတော့ ဘာကြောင့် ငြင်းသလဲဆိုရင် အခုတင်ပြတဲ့ နောက်ဆုံး final report မှာ ပါတဲ့ အချက်အလက်လေးတွေမှာ မြန်မာနိုင်ငံရဲ့ လက်ရှိ အခင်းအကျင်းအတွက် လက်ခံနိုင်စရာရှိတဲ့ အချက်တွေ ပါကောင်းပါနိုင်တယ်။ အဲဒီလိုပဲ လက်ခံလို့ မရတဲ့ အချက်တွေ ပါကိုပါနိုင်တယ်။ အဲဒီလို လက်မခံတဲ့ အချက် ပါလို့ မရဘူး ဆိုတာကို ကျနော်တို့ဘက်က တစိုက်မတ်မတ် အယူအဆရှိလို့ ဒီကော်မရှင်ကို ကျနော်တို့ လက်မခံဘူး။ ကိုယ့်ပြည်တွင်းက ပညာရှင်ရှိမယ်၊ တိုင်းရင်းသားရှိမယ်၊ တခြားပါဝင်ပတ်သက်တဲ့ ပဂ္ဂိုလ်များက သုံးသပ်ပြီးမှ ကျနော်တို့ အကောင်အထည်ဖေါ် လို့ရတဲ့ ကော်မရှင်ရဲ့ အစီရင်ခံစာ ဖြစ်ရမယ်။ ”

ဒါပေမဲ့ ရခိုင်အကြံပေးကော်မရှင်ဟာ ဘယ်သူ့သြဇာ လွှမ်းမိုးမှုကိုမှ ခံယူနေတာ မရှိဘူးလို့ ရခိုင်အကြံပေးကော်မရှင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးအေးလွင်က ပြောပါတယ်။

“ ကျနော်တို့ ကော်မရှင်က မြန်မာကော်မရှင်။ မြန်မာအစိုးရ ဖွဲ့စည်းထားတဲ့ ကော်မရှင်ဗျ။ နိုင်ငံခြားသား ၃ ယောက်ပါတာလည်း ကျွမ်းကျင်တဲ့ ပညာရှင် အနေနဲ့ပါတာ။ သူတို့ ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းမှ ကိုယ်စားပြုတာ မဟုတ်ဘူးဗျ။ အဲတော့ ဘယ်သူ့ရဲ့သြဇာ မှလည်း ကျနော်တို့ သုံးစရာမလိုဘူး။ ဘယ်နိုင်ငံခြားကမှလည်း ကျနော်တို့ ဖိအားပေးလို့ မရဘူး။ အဲတော့ အရှိအရှိ အတိုင်းပဲ ကျနော်တို့ သုံးသပ်ပြီးတော့ အကောင်းဆုံး ဖြစ်မယ့် ဟာကို အကြံပေးထားတာပဲ။”

ဒေသခံတွေဖြစ်တဲ့ ရခိုင်ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု မရှိပဲနဲ့ ရခိုင်ပြဿနာ ပြေလည်နိုင်မှာ မဟုတ်ဘူးလို့ ANP ပါတီဥက္ကဌ ဒေါက်တာ အေးမောင်က ထောက်ပြပါတယ်။

“ ဒီကိစ္စနိုင်ငံရေး ပြသနာမဟုတ်ဘူး။ ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်နေတဲ့ လူဝင်လူထွက် ပြသနာ။ အဲဒီ လူဝင်လူထွက် ပြသနာကို ကျနော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ လက်ရှိ တည်ဆဲ ဥပဒေအရ ဘယ်လိုရှင်းမှာလဲ။ ကျနော်တို့ တနိုင်ငံလုံး ဘယ်လို ရှင်းမလဲဆိုတဲ့ အမြင်နဲ့ ချဉ်းကပ်ရင် ရခိုင်လူထု ပါလာနိုင်တယ်။ အခုက ကိုဖီအာနန် ကော်မရှင် မအောင်မြင်နိုင်ဘူး။ သူ့ရဲ့ ဖြေရှင်းရမယ့် အဓိက ဘက်တဖက်သည် မပါဘူး။ အဲဒီလို မပါဘဲနဲ့ ဒီ report ကို ရေးရင် ရခိုင်လူထု မဖြေရှင်းဘဲနဲ့ ဒီပြသနာ ဘယ်လိုလုပ် ဖြေရှင်း မှာလဲ။ အဲဒီသဘောကို သဘောပေါက်မယ်ဆိုရင် လက်ရှိအစိုးရ ချဉ်းကပ်မှုကိုက မှားတယ်။”

ရခိုင်ပြည်နယ်က ပဋိပက္ခပြေလည်စေဖို့ဆိုရင် ဘာသာမတူတဲ့ လူမှုအသိုင်းအဝိုင်းတွေ ကြား ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်ပြီး ဖွံ့ဖြိုးတိုးတက်စေ ဖို့အတွက် ဒေသခံတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ရရှိရေး စတဲ့အခြေခံကောင်းတွေကို ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်ထဲမှာ ထည့်သွင်းထားကြောင်း ဦးအေးလွင်က ပြောပါတယ်။

“ ရခိုင်ပြည်နယ်ကြီး တခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတဲ့ အခါမှာ အဲဒီအထဲမှာ ရှိနေတဲ့ သဘာဝရင်းမြစ်ကော လူသားရင်းမြစ်ကော ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမှာပေါ့ဗျာ။ လူသားအရင်းမြစ်ကလည်း ဥပမာ သဟဇာတရှိမှ တည်ငြိမ်အေးချမ်းမှုရှိမှ စီးပွားရေးဆိုတာ ဖြစ်မှာ၊ ပြည်ပရင်းနှီးမြုပ်နှံမှု ဆိုတာကလည်း ရန်ဖြစ်နေတဲ့ နေရာမှာ ဘယ်သူမှ လာမှာမဟုတ်ဘူးလေ။ ရခိုင်ပြည်နယ်မှာ ဖြစ်နေသော ငြင်းမရတဲ့ အရှိတရားတွေ ရှိတယ်ဗျ။ ဟို အထင်အမြင်လွဲမှားမှု စိုးရိမ်စိတ်တွေ ဘာတွေ ရှိတယ်။ မှန်ပါတယ်။ ဆိုတော့ အဲဒါတွေ မရှိဘူး ဆိုလို့ရှိရင် ချက်ချင်းလက်ငင်းကြီးကို ပြသနာတွေက အဖြေ ရလာမှာ မဟုတ်သော်လည်းဘဲ မှန်ကန်သောလမ်းကြောင်းနဲ့ အဖြေကိုရှာမယ်ဆိုရင် အတိုင်းအတာ တခုအထိ ဒီပြသနာကို ဖြေရှင်းလို့ရမှာပါ။ ”

ရခိုင်အကြံပေးကော်မရှင်ရဲ့ ကြားဖြတ် အစီရင်ခံစာကို ပြီးခဲ့တဲ့ မတ်လတုန်းက ထုတ်ပြန်ခဲ့ဖူးပြီး အကြံပြုချက် (၃၀) ပါဝင်ပါတယ်။ အဲဒီထဲမှာ ရခိုင်ဒေသတွင်း လူသားချင်း စာနာမှု အကူအညီပေးရေး၊ သတင်းရယူခွင့်၊ ဥပဒေစိုးမိုးရေး၊ နယ်စပ် ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်ဆံရေး၊ စီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံသားဖြစ်မှုနဲ့ လွတ်လပ်စွာ သွားလာခွင့်၊ IDP စခန်းတွေပိတ်သိမ်းရေး၊ နှစ်ဖက် လူမှုအဖွဲ့အစည်းကြား တွေ့ဆုံဆွေးနွေးရေး စတဲ့ အချက်တွေပါဝင်တာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့တာဝန်ပေးချက်အရ ရခိုင်အကြံပေးကော်မရှင်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ပြီး နိုင်ငံတကာပညာရှင် ၃ ယောက် မြန်မာပညာရှင် ၆ ယောက်တို့နဲ့ ၂၀၁၆ သြဂုတ်လထဲမှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG