သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kofi Annan ကော်မရှင်အကြံပြုချက် အကောင်အထည်ဖော်ရေး အစိုးရစဉ်းစားမည်


ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်အစီခံစာထဲက အချက်တွေကို လက်တွေ့အခြေအနေအပေါ် မူတည်ပြီး အပြည့်စုံဆုံး အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ စဉ်းစားဆောင်ရွက်သွားမယ်လို့ မြန်မာအစိုးရက တုံ့ပြန်လိုက်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာနေထိုင်ကြတဲ့ ပြည်သူအားလုံး ငြိမ်းချမ်းမျှစွာ နေထိုင်နိုင်ရေးနဲ့ သာယာဝပြောရေးအတွက်ဆောင်ရွက်သင့်တဲ့အချက်အလက်အပြည့်အစုံကို ရခိုင်ပြည်နယ်အကြံပေးကော်မရှင်က ကြာသပတေးနေ့ကအစီရင်ခံထုတ်ပြန်ခဲ့တာပါ။ ရခိုင်ပြည်နယ်ထဲက ခက်ခဲတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်နိုင်ဖို့အတွက် အရပ်ဖက်နဲ့စစ်ဖက် အာဏာပိုင်တွေ ရေရှည်ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တယ်လို့ ကော်မရှင်ဥက္ကဋ္ဌ Mr. Kofi Annan ကပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က အပြည့်အစုံတင်ပြပါမယ်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနအားလုံးက ကိုယ်စားလှယ်တွေပါဝင်တဲ့ ပြည်ထောင်စုဝန်ကြီးအဆင့်ဦးဆောင် ကော်မတီသစ်တခုကို မကြာခင်ဖွဲ့စည်းသွားမယ်လို့ မြန်မာအစိုးရက ပြောကြားလိုက်ပါတယ်။ ရခိုင်ပြည်နယ်ထဲက ရခိုင်နဲ့ မွတ်ဆလင်အသိုင်းအဝိုင်းတွေကြား ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေဟာ အန္တရာယ်ကြီးမားပြီး အရေးပေါ်ဆောင်ရွက်မှုတွေ လိုအပ်နေတယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က ပြောကြားခဲ့ပြီးနောက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ကနေ ကြေညာချက်ထုတ်ပြန် တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ အစီရင်ခံစာထဲက အကြံပြုချက်တွေကို ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ လက်တေ့ွအခြေအနေပေါ် မူတည်ပြီး အပြည့်စုံဆုံး။ အမြန်ဆုံး အကောင်အထည်ဖော်သွားနိုင်ဖို့ စဉ်းစားဆောင်ရွက်သွားမယ်လို့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။ ပြည်ထောင်စုဝန်ကြီးအဆင့် ဦးဆောင်ကော်မတီသစ်ရဲ့ လုပ်ငန်းတာဝန်တွေဆောင်ရွက်တဲ့နေရာမှာ အထောက်အကူပြုနိုင်ဖို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးဘုတ်အဖွဲ့တဖွဲ့ကိုလည်း ဖွဲ့စည်းသွားမယ်လို့ပြောပါတယ်။ အဲဒီအကြံပေးဘုတ်အဖွဲ့မှာတော့ ဒေသတွင်းနဲ့ နိုင်ငံတကာက ကျွမ်းကျင်သူတွေ ပါဝင်မှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ လမ်းပြမြေပုံတခုကိုလည်း ခုမှတ်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ အသိပေးထားပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်က ရခိုင်ပြည်နယ်ထဲမှာနေထိုင်ကြတဲ့ ပြည်သူတွေ ငြိမ်းချမ်းမျှတပြီး သာယာဝပြောတဲ့ အနာဂါတ် ပေါ်ထွန်းလာစေဖို့ ရည်ရွယ်ချက်နဲ့ အကြံပြုချက်တွေကို August လ ၂၄ ရက်။ ကြာသပတေးနေ့က အပြီးသတ်အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။ အကြံပြုချက်တွေထဲမှာ လူမှုစီးပွားဖွံ့ဖြိုးရေး။ လွတ်လပ်စွာသွားလာနိုင်ရေး။ လူမှုအဖွဲ့အစည်းတွေကြားပေါင်းစည်းနိုင်ရေး။ လူမှုအဖွဲ့အစည်းအားလုံး လုံခြုံနိုင်ရေးတို့နဲ့ဆိုင်တဲ့ အကြံပြုချက်တွေအပြင် နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိစ္စတွေမှာ ပြန်လည်သုံးသပ် ပြင်ဆင်သင့်တဲ့ကိစ္စတွေ။ IDP စခန်းတွေပိတ်သိမ်းပြီး ပြန်လည်နေရာချထားရေးအတွက် ဆောင်ရွက်သင့်တာတွေကိုလည်း အကြံပြုထားပါတယ်။ ကော်မရှင်ရဲ့ အကြံပြုချက်တွေနဲ့ပါတ်သက်လို့ ရခိုင်ပြည်သူတွေဖက်က စိုးရိမ်မှုတွေကို နားလည်ပေမဲ့ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့အတွက် ထည့်သွင်းအကြံပြုရတာဖြစ်တယ်လို့ ကော်မရှင်ဥက္ကဋ္ဌ Mr. Kofi Annan က အစီရင်ခံစာထုတ်ပြန်ပွဲမှာ ပြောကြားခဲ့ပါတယ်။

“နိုင်ငံသားဖြစ်မှုနဲ့ လွတ်လပ်စွာ သွားလာနိုင်မှုဆိုင်ရာ ကျွန်တော်တို့ရဲ့ အကြံပြုချက်တွေအပေါ် ရခိုင်ပြည်သူတွေ အလွန်အမင်း စိုးရိမ်တယ်ဆိုတာ ကျွန်တော်တို့ ကောင်ကောင်း သဘောပေါက်ပါတယ်။ ဒါပေမဲ့ ခုလိုထိလွယ် ရှလွယ်တဲ့ ကိစ္စတွေကို မျှမျှတတပြောဖို့ ကော်မရှင်က ဆုံးဖြတ်ရတာက မပြောဘဲအခြေအနေပိုဆိုးစေမယ်ဆိုရင် ရခိုင်ပြည်နယ်ရဲ့ အနာဂါတ်တင်မက မြန်မာတနိုင်ငံလုံးရဲ့ အနာဂါတ်ဟာ ပြန်လည်ပြင်ဆင်လို့မရတဲ့ ဆိုးကျိုးထိခိုက်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တာကြောင့်ဖြစ်ပါတယ်။”

နိုင်ငံသားဖြစ်မှုပိုင်းနဲ့ပါတ်သက်လို့ ရေတိုလုပ်နိုင်တာဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့အညီ နိုင်ငံသားစိစစ်တဲ့လုပ်ငန်းတွေကို အရှိန်မြင့်လုပ်ဖို့နဲ့ စိစစ်ပြီးသူတွေကို နိုင်ငံသားတွေရရှိထိုက်တဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို ချက်ချင်း ခွင့်ပြုသင့်တယ်လို့ ကော်မရှင်က အကြံပြုထားပါတယ်။ လက်ရှိမှာ နိုင်ငံသားဖြစ်နိုင်တဲ့ အခွင့်အရေးနဲ့ နိုင်ငံသားဖြစ်ရေး ဥပဒေပြုမှုတွေမှာ အားနည်းချက်တွေရှိနေတဲ့အတွက် မွတ်ဆလင်အများအပြားရဲ့ နိုင်ငံသားအဆင့်အတန်းနဲ့ပါတ်သက်လို့ ဖြေရှင်းမရတဲ့ အခြေအနေဖြစ်နေရတယ်လို့လည်း ထောက်ပြထားပါတယ်။ ဒါကြောင့် နိုင်ငံသားဖြစ်မှုဥပဒေကို ပြန်လည်သုံးသပ်ဖို့လည်း တိုက်တွန်းထားပါတယ်။ လွတ်လပ်စွာသွားလာခွင့်နဲ့ပါတ်သက်လို့တော့ ရခိုင်ပြည်နယ်ထဲမှာ မွတ်ဆလင်တွေသာမက ရခိုင်တွေလည်း ခရီးသွားလာခွင့် ကန့်သတ်ခံထားရပြီး အထူးသဖြင့် IDP စခန်းထဲကမွတ်ဆလင်တွေကန့်သတ်ခံနေရတယ်လို့ ပြောပါတယ်။ ဘာသာ။ လူမျိုး။ နိုင်ငံသား ဟုတ်မဟုတ်ဆိုတာတွေပေါ်မှာ အခြေခံ မခွဲခြားဘဲ လွတ်လပ်စွာသွားလာနိုင်ကြအောင် ဆောင်ရွက်ဖို့လည်း အစိုးရကို ကော်မရှင်က တိုက်တွန်းထားပါတယ်။ လုံခြုံရေးပိုင်းမှာတော့ ရခိုင်ပြည်နယ်ထဲမှာ အစွန်းရောက်မှုတွေဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ကော်မရှင်ကအသိအမှတ်ပြုတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အဲဒီအတွက် လုံခြုံရေးဆိုင်ရာ တုံ့ပြန်မှုတွေသာ မလုပ်ဘဲ နိုင်ငံရေး။ ဖွံ့ဖြိုးရေး။ လုံခြုံရေးနဲ့ လူ့အခွင့်အရေးရှုထောင့်တွေက ချဉ်းကပ်ပြီး အကြမ်းဖက်မှုတွေဖြစ်ရတဲ့ အဓိကကြောင်းအရင်းနဲ့ မတူညီတဲ့ အသိုင်းအဝိုင်းတွေကြားတင်းမာမှုတွေကို လျော့ချနိုင်မယ့် တုံ့ပြန်ဆောင်ရွက်မှုတွေလုပ်ဖို့ ကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာ အကြံပြုထားပါတယ်။ ရခိုင်ပြည်နယ်ထဲက စိန်ခေါ်မှုတွေကို ဖြေရှင်းတဲ့နေရာမှာ အရပ်ဖက်နဲ့ စစ်ဖက်အာဏာပိုင်တွေ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့လည်း ကော်မရှင်ဥက္ကဋ္ဌ Mr. Kofi Annan ကခုလိုပြောကြားခဲ့ပါတယ်။

“ရခိုင်ပြည်နယ်ဟာ ခက်ခဲရှုပ်ထွေးတဲ့ နိုင်ငံရေး။ စီးပွားရေးနဲ့ လူမှုရေးစိန်ခေါ်မှုတွေ ရင်ဆိုင်နေရပါတယ်။ ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက် အရပ်ဖက်နဲ့ စစ်ဖက်အာဏာပိုင်တွေကြား ပြည်ထောင်စုအဆင့်။ ပြည်နယ်အဆင့်နဲ့ ဒေသခံအဆင့်အားလုံးမှာ ရေရှည် ပူးပေါင်းအားထုတ် ဆောင်ရွက်သွားကြမှ ရမှာပါ။ ကျွန်တော်တို့ အစီရင်ခံစာထဲမှာ အကြံပြုထားတဲ့ ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ ရခိုင်ပြည်နယ်ထဲက ပြည်သူအားလုံး လွတ်လွတ်လပ်လပ် မဖြစ်မနေပါဝင်ဖို့လိုအပ်ပါတယ်။”

ကြာသပတေးနေ့အစောပိုင်းက Mr. Kofi Annan ဦးဆောင်တဲ့ ကော်မရှင်အဖွဲ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ လုံခြုံရေးဆောင်ရွက်တဲ့နေရာမှာ အပြစ်မဲ့ပြည်သူတွေ မထိခိုက်စေဖို့ ဆွေးနွေးခဲ့တယ်လို့ Mr. Kofi Annan ကပြောပြပါတယ်။ ရခိုင်ပြည်နယ်အရေးနဲ့ပါတ်သက်လို့ မြန်မာအစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကြား ဖြစ်နေတဲ့ တင်းမာမှုတွေကနေ ရှေ့မတိုးနိုင်တဲ့ အခြေအနေ မဖြစ်သွားသင့်ဘူးလို့လည်းသူက ပြောကြားခဲ့ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရခိုင်ပြည်နယ်ကိစ္စ ရှေ့ဆက်နိုင်ဖို့ အစိုးရရဲ့ အားထုတ်ဆောင်ရွက်မှုတွေအပေါ် ဘက်မလိုက်ဘဲ ကူညီပံ့ပိုးဖို့အတွက်လည်း တိုက်တွန်းခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ တာဝန်ပေးချက်အရ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Mr. Kofi Annan ဦးဆောင်ပြီး နိုင်ငံတကာပညာရှင် ၃ ယောက် မြန်မာပညာရှင် ၆ ယောက်တို့ပါဝင်တဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ကို ၂၀၁၆ ခုနှစ် August လမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အချိန် ၁ နှစ်နီးပါးယူပြီး လေ့လာပြုစုခဲ့တဲ့ အကြံပြုချက်တွေကို အကောင်အထည်မဖော်နိုင်ရင်တော ရခိုင်ပြည်နယ်အခြေအနေဟာ ဆက်လက်ဆိုးဝါးနေမှာဖြစ်တယ်လို့ ကော်မရှင်ဥက္ကဋ္ဌ Mr. Kofi Annan က အပြီးသတ်အစီရင်ခံစာထုတ်ပြန်ပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG