တရုတ်ရဲ့ BRI ခါးပတ်လမ်းစီမံကိန်းတိုးချဲ့ ရေးကို သူထောက်ခံကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ရှဘက်ဇ် ရှာရစ်ဖ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ဒါဟာ ဥရောပနဲ့အာရှပါဝင်တဲ့ ယူရေးရှားဒေသတွင်း ဆက်သွယ်မှုအမြင်နဲ့ ဒေသတွင်းကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေပါ တိုးတက်လာနိုင်တယ်လို့ အစ္စလာမ်မာဘတ်မှာ ပြုလုပ်တဲ့ SCO ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေရဲ့ နှစ်ပတ်လည်အစည်းဝေးမှာ ပြောကြားလိုက်တာပါ။
ဒီအဖွဲ့အစည်းဟာ အနောက်မဟာမိတ်နိုင်ငံတွေကြား လုံခြုံရေး၊ နိုင်ငံရေးနဲ့ စီးပွါးရေးဆိုင်ရာ လက်တွဲဆောင်ရွက်နေတာလိုမျိုး လုပ်နိုင်ဖို့ တရုတ်နဲ့ ရုရှားတို့က ၂၀၀၁ ခုနှစ်မှာ SCO ကို ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအစည်းဝေးမှာ ပါကစ္စတန်ဝန်ကြီးချုပ်က တရုတ်ရဲ့ ခါးပတ်လမ်း စီမံကိန်းထဲက ပါကစ္စတန် အခြေခံအဆောက်အအုံတွေမှာရင်းနှီးမြှုပ်နှံမှုကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး တရုတ်- ပါကစ္စတန် စီးပွါးရေးစင်္ကြန်လမ်းကြောင်းကို တိုးချဲ့ ဖို့ တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် ပါကစ္စတန် ဒေသတလွှား ကားလမ်း၊ ရထားလမ်း တိုးတက်ဖို့၊ ဒစ်ဂျစ်တယ် အခြေခံ အဆောက်အအုံ ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ရေးကို ဦးစားပေးဖို့ပါ ပြောကြားခဲ့တာပါ။
ကမ္ဘာ့လူဦးရေရဲ့ ၄၀ % ဟာ SCO နိုင်ငံတွေမှာ နေထိုင်ကြပြီး ဒေသတွင်း စီးပွါးရေး ပူးပေါင်း ဆောင်ရွက်ရေးဟာအရေးပါကြောင်းလည်း ပြောပါတယ်။ တရုတ်က လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်း က အာရှ- အာဖရိကနဲ့ ဥရောပကနယ်မြေသစ်တွေ၊ ရေကြောင်းလိုင်းတွေပါဝင်တဲ့ BRI ခါးပတ်လမ်းကို ဒေါ်လာ ၁ ထရီလီယံ ရင်းနှီးပြီး ကမ္ဘာလုံးဆိုင်ရာအခြေခံအဆောက်အအုံ နဲ့ စွမ်းအင်ကွန်ရက်အဖြစ် တည်ဆောက်ဖို့ လုပ်နေတာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ အနောက်နိုင်ငံတွေကတော့ တရုတ်ဟာ ဒီစီမံကိန်းကို အသုံးချပြီး ပထဝီ နိုင်ငံရေးနဲ့ စီးပွါးရေးဆိုင်ရာ သြဇာလွှမ်းမိုးမှု ချဲ့ထွင်ဖို့ သုံးနေတယ်လို့ ဝေဖန် ကြပါတယ်။ တရုတ်ဝန်ကြီးချုပ် လီကျန်းနဲ့ ရုရှားဝန်ကြီးချုပ် မီခေးလ် မီရှုစတင် တို့နဲ့အတူ ပါကစ္စတန်၊ ဘယ်လာရုစ်၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်စတန်၊ ဥဇ္ဇဘက်၊ အိန္ဒိယနဲ့ အီရန်ပါဝင်တဲ့ ၁၀ နိုင်ငံ ခေါင်းဆောင်တွေ ဒီအစည်းဝေးကို တက်ရောက်ခဲ့ကြပါတယ်။
Your browser doesn’t support HTML5