၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်ကာလ ရှမ်းမြောက်မြို့များ ဗုံးကြဲတိုက်ခိုက်ခံရ

၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်မြောက်ပိုင်းနေရာတချို့မှာ စစ်ကောင်စီစခန်းတွေကို MNDAA ကတိုက်ခိုက်သိမ်းပိုက်ခဲ့

TNLA MNDAA AA ညီနောင်မဟာမိတ်ပူးပေါင်းအဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ၁နှစ်တင်းတင်းပြည့်ချိန်မှာပဲ ရှမ်းမြောက်ဒေသက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားရာ ကွတ်ခိုင်၊ သိန္နီ၊ နမ့်ခမ်း၊နောင်ချို၊ လောက်ကိုင် စတဲ့မြို့တွေကို စစ်ကောင်စီ လေကြောင်းက ဗုံးဆက်တိုက်ကြဲပြီးတိုက်ခိုက်ခဲ့ပါတယ်။ အသေအပျောက်နဲ့ အထိအခိုက်အပျက်အဆီး စာရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။ ရှမ်းမြောက်ဘက်က စစ်ရေးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ရက်က စတင်ခဲ့တဲ့ TNLA တအန်းတပ်၊ MNDAA ကိုးကန့်တပ် နဲ့ AA အာရက္ခတပ်တော် ၃ဖွဲ့ ပါတဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းအဖွဲ့တွေရဲ့ ရှမ်းမြောက်စစ်ဆင်ရေး ၁၀၂၇ တနှစ်ပြည့်ကာလ- ၂၀၂၄ခုနှစ် အောက်တိုဘာလ ၂၇ရက်နေ့ ဝန်းကျင်မှာ စစ်ကောင်စီက ရှမ်းမြောက်ဒေသက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားရာ ကွတ်ခိုင်၊ သိန္နီ၊ နမ့်ခမ်း၊နောင်ချို၊ လောက်ကိုင် စတဲ့မြို့တွေကို စစ်ကောင်စီတပ်တွေက လေကြောင်းက ဗုံးဆက်တိုက်ကြဲချပြီး တိုက်ခိုက်ခဲ့ပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၂၈ရက်နေ့ တနင်္လာနေ့မနက်အစောပိုင်းမှာတော့ ကွတ်ခိုင်မြို့နယ် ပြိန်းလုံရွာဘက်မှာ လေကြောင်းက တိုက်ခိုက်ခဲ့ကြောင်း ကွတ်ခိုင်ဒေသခံတဦးက VOA ကိုပြောပါတယ်။

“ ကွတ်ခိုင်မြို့နယ်မှာလည်း ချသွားတယ်၊ တလုံး။ တာမိုးနဲ့ကျော်ကျော် မန်ပြိန်းလုံ ရေပူပေါ့။ ကွတ်ခိုင်နဲ့ဆိုရင် ၂၅မိုင်လောက်ရှိမယ်။ အထိအခိုက်တော့ မကြားမိသေးဘူး။ သူက ဝေးလည်း ဝေးတယ်ဗျ။ ဖုန်းလည်း အဆက်အသွယ် မရှိဘူး။”

ဒီဒေသဟာ KIA တပ်မဟာ ၁၀ ။ တပ်ရင်း ၂ ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်ပါတယ်။ KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှုးကြီးနော်ဘူကတော့ သူတို့တပ်ဖွဲ့တွေ အဲဒီဒေသမှာ ရှိပေမဲ့ တပ်ရင်းတွေကို တိုက်ခိုက်ခံရတဲ့သတင်းတော့ မရသေးကြောင်း ပြောပါတယ်။

“ နယ်မြေကတော့ တပ်မဟာ ၁၀ ၊ တပ်ရင်း ၂ နယ်မြေလည်းဖြစ်မှာပါ။ ဒါပေမဲ့ ကျနော်တို့ တပ်စွဲထားတဲ့ တပ်တွေကို ဗုံးကြဲတာတော့ မကြားရသေးပါဘူး။ ပြန်စုံစမ်းကြည့်ရတာပေါ့။ ကြားတာတော့ သိန္နီ ၊ သိန္မီမှာကတော့ ခရစ်ယာန်ဘုရားကျောင်းကို ဗုံးကြဲတယ်ဆိုတဲ့သတင်းတွေ တက်ပါတယ်။”

သိန္နီမြို့ကို MNDAA ကိုးကန့်တပ်က ၁၀၂၇စစ်ဆင်ရေး ပထမပိုင်းကာလမှာ သိမ်းယူထားတာဖြစ်ပြီး အောက်တိုဘာလ ၂၇ရက်နေ့ ည ၁၀နာရီခန့်မှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုအခြေအနေကို သိန္နီဒေသခံတဦးက အခုလို ပြောပါတယ်။

“ ကချင်နှစ်ချင်းဘုရားကျောင်းရယ်။ ထွေအုပ်ရုံးရယ်၊ နောက်ပြီးတော့ ရပ်ကွက် ၃က ပြည်သူအိမ် တအိမ်ထိတယ်။ လူထိခိုက်တာတော့ မကြားမိဘူး။ အဲဒါတော့။”

ဒီတိုက်ခိုက်မှုမှာ လူထိခိုက်သေဆုံးတာမရှိကြောင်း MNDAA က သတင်းထုတ်ပြန်ထားပေမဲ့ ရှမ်းသံတော်ဆင့်သတင်းဌာနကတော့ ထွေအုပ်ရုံးတိုက်ခိုက်မှုမှာ အဆောက်အဦး ထိခိုက်ပျက်ဆီးမှု များပြားပြီး ကင်းစောင့်နေသူ ၂ဦးပျောက်ဆုံးနေကြောင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၂၆ရက်နေ့ သန်းခေါင်ကျော် အောက်တိုဘာလ ၂၇ရက်နေ့ မနက် ၁နာရီမထိုးမီမှာ MNDAA ထိန်းချုပ်ထားတဲ့ ကိုးကန့်ဒေသ မြို့တော် လောက်ကိုင်ကို ဗုံး ၃လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ဟိုတယ်နဲ့ လူနေအိမ်အဆောက်အဦး အတော်များများ ပျက်ဆီးခဲ့သလို လူ ၄ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်ထားပါတယ်။

လောက်ကိုင်မြို့ကို ဗုံးကြဲခဲ့တဲ့ အောက်တိုဘာလ၂၇ရက်နေ့ မနက် ၇နာရီခွဲအချိန်ခန့်မှာတော့ TNLA တအန်းတပ် ထိန်းချုပ်ရာ နမ့်ခမ်းမြို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ၃ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။ ဒီသတင်းထုတ်ပြန်ချက်မှာတော့ လူအထိအခိုက်ဘယ်လောက် ရှိတယ်ဆိုတာ ဖော်ပြမထားပါဘူး။

အောက်တိုဘာလ ၂၇ရက်နေ့မနက်ပိုင်း ၇နာရီခွဲခန့်မှာပဲ TNLA ထိန်းချုပ်ရာ နောင်ချိုမြို့ကိုလည်း လေကြောင်းက ၂ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့ရာမှာ လူအသေအပျောက်ရှိနိုင်ကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

လက်ရှိမှာ နောင်ချိုမြို့မှာ ဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့်အသေအပျောက်နဲ့ အထိအခိုက်အပျက်အဆီးစာရင်းကိုတော့ အတိအကျ မသိရသေးသလို ဒီရက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မတွေ့ရပါဘူး။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၇ရက်နေ့က TNLA ၊ MNDAA နဲ့ AA တို့ ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ပြီး လက်ရှိအချိန်မှာ ရှမ်းမြောက်ဒေသက မြို့ပေါင်း ၂၀ကျော်နဲ့ ရာနဲ့ချီတဲ့ စစ်တပ်စခန်းတွေကို သိမ်းယူခဲ့တာလည်း ဖြစ်ပါတယ်။

ရှမ်းမြောက်ဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့မြို့တွေကို စစ်ကောင်စီဘက်က သြဂုတ်လနှောင်းပိုင်းက စတင်ပြီး လေကြောင်းကနေ နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ခိုက်ခဲ့ပါတယ်။

SHRF ခေါ် ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့က သြဂုတ်လ ၂၆ရက်နေ့ကနေ အောက်တိုဘာလ ၆ရက်နေ့အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်တာကြောင့် အရပ်သား ၅၅ ဦးသေဆုံးပြီး ၁၄၀ခန့် ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီရဲ့ လက်ချက်ကြောင့် အရပ်သား (၁၀၁၁) ဦး ထိခိုက်သေဆုံးခဲ့ရတယ်လို့ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက် (HRAN) က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ HRAN ရဲ့ အစီရင်ခံစာအရ အများဆုံး သေဆုံးရသူက စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသူ (၄၀၁) ဦးရှိခဲ့ပြီး ဒုတိယအများဆုံးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး (၃၂၀) ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ တတိယအများဆုံးကတော့ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့်ဖြစ်ပြီး (၁၂၉) ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်ကာလ ရှမ်းမြောက်မှာ စစ်ကောင်စီ ဗုံးလိုက်ကြဲချ